နိုင်ငံ့နယ်မြေတစ်ဝက်ခန့် ဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်ခံထားရ
2024.06.28

အာဏာသိမ်းပြီးနောက် ဆက်သွယ်ရေးလိုင်းတွေ တစ်စတစ်စ ဖြတ်တောက်ခံထားရတဲ့ မြန်မာနိုင်ငံမှာ အခုဆိုရင် နယ်မြေတစ်ဝက်လောက်က အင်တာနက်ဖုန်းလိုင်း ဆက်သွယ်ရေးတွေ ဖြတ်တောက်ခံထားရ ပါတယ်။
မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ မှာ ၁၆၉ မြို့နယ်က ဖုန်းနဲ့ အင်တာနက်ဖြတ်တောက်ခံထားရတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့က ဇွန်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထား ပါတယ်။
"သတင်းအချက်အလက်တွေ မရရှိအောင် ဖြတ်တောက်ခြင်းကို သူတို့က လက်နက်တစ်ခုသဖွယ် အသုံးပြုနေတာ”
စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ရာ ဒေသတွေနဲ့ သူတို့ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်တဲ့ ဒေသတွေကို ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအချက်အလက် စီးဆင်းမှုကို တားမြစ်ပိတ်ပင် ထားတယ်လို့ ဒေသခံတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။ အဲဒီထဲမှာ လက်နက်ကိုင် ခုခံတော်လှန်ရေး အားကောင်းတဲ့ စစ်ကိုင်းတိုင်းဟာ ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံရမှု အဆိုးဆုံး နယ်မြေဖြစ်ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ယင်းမာပင်မြို့နယ်က ဒေသခံတစ်ဦးက အင်တာနက်သုံးလို့ရဖို့ လိုင်းမိတဲ့ နေရာကို ခက်ခက်ခဲခဲ ရှာဖွေသုံးရတယ်လို့ ပြောပါတယ်။
“အင်တာနက်က သုံးမရဘူးဗျ။ ကျွန်တော်တို့ဘက်မှာတော့ စတားလင့် (Starlink ဂြိုဟ်တုအင်တာနက်) ဆိုတာပဲ ရှိတယ်ဗျ။ စတားလင့် မလာခင်က 2G ဆိုတာလေးကိုပဲ ကျွန်တော်တို့ သစ်ပင်တွေပေါ် တက်သုံးတာ ရှိတယ်။ နည်းနည်းပါးပါးမိတဲ့ ခရီးဝေးပေါ့ဗျာ မိတယ်ထင်တယ်တဲ့နေရာ သွားပြီးသုံးရတာ ရှိတယ်လေ။ ဥပမာ ဖိုဝင်တောင်ဘက်က မိရင် ဖိုဝင်တောင် သွားသုံးခဲ့ရတာပေါ့”

စစ်ကောင်စီဟာ ယင်းမာပင်မြို့နယ်ကို အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာပဲ အင်တာနက် ဖြတ်တောက်ခဲ့တာလို့ သူက ပြောပါတယ်။ အခုတော့ ဂြိုဟ်တုအင်တာနက်လို့ ပြောလို့ရတဲ့ Star Link အင်တာနက်တွေကို သူတို့ဒေသမှာ ငွေကျပ် တစ်ထောင်ကစလို့ ပေးချေပြီး အချိန်ပိုင်းအသုံးပြုနိုင်နေပြီလို့ ဆိုပါတယ်။
အသံအဖွဲ့ရဲ့ အချက်အလက်တွေအရ ဆက်သွယ်ရေးဖြတ်တောက်တဲ့ စစ်ကောင်စီနည်းလမ်းတွေထဲမှာ အင်တာနက်ဖြတ်တောက်တာက အဆိုးဆုံးဖြစ်ပါတယ်။
ဒါ့အပြင် ဖုန်းနဲ့ အင်တာနက် နှစ်မျိုးလုံး ဖြတ်တောက်တာ၊ ဝိုင်ဖိုင်ဖြတ်တောက်တာတွေ၊ လိုင်းဆွဲအားလျှော့ ချတာမျိုးတွေ ရှိပြီး ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတာလို့ ဒီအခြေအနေတွေကို သုတေသန လုပ်ထားတဲ့ အသံအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဇက်ပီက ပြောပါတယ်။
“စစ်တပ်ကနေပြီးတော့ ဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖြတ်တောက်ထားတာ။ စစ်တပ်က ကျူးလွန်ထားတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေ အများကြီးရှိတယ်။ ဒီချိုးဖောက်မှုတွေကို နိုင်ငံတကာကသိမှာကြောက်တယ်။ ပြည်သူလူထုကသိမှာကြောက်တယ်။ ပြည်သူလူထုက သတင်းအချက်အလက်တွေကို မှန်မှန်ကန်ကန် မရရှိလေ သူတို့ရဲ့ ဝါဒမှိုင်းတိုက်တာတွေ ပိုပြီးတော့ တွင်တွင်ကျယ်ကျယ်နဲ့ ရောက်ရှိနိုင်မယ်ပေါ့နော်။ သတင်းအချက်အလက်တွေ မရရှိအောင် ဖြတ်တောက်ခြင်းကို သူတို့က လက်နက်တစ်ခုသဖွယ် အသုံးပြုနေတာ”

စစ်ကောင်စီရဲ့ ဆက်သွယ်ရေးဖြတ်တောက်တဲ့ ပုံစံအမျိုးမျိုးကို စစ်ကိုင်းတိုင်းမှာ ၃၃ မြို့နယ်၊ ရန်ကုန်မှာ ၂၈ မြို့နယ်၊ ကချင်မှာ ၁၈ မြို့နယ်နဲ့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်တို့မှာ အများဆုံးတွေ့ရပြီး နေပြည်တော်အပါအဝင် ပြည်နယ်တိုင်းအားလုံးမှာ ဖြတ်တောက်ခံရတာတွေ ရှိနေတယ်လို့ အသံအဖွဲ့က ဆိုပါတယ်။
စစ်ကောင်စီက ဒီလိုဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ထောက်ပြပါတယ်။
“ဒါတွေချိုးဖောက်တာဟာ လူ့အခွင့်အရေးချိုးဖောက်တာ၊ နောက်ပြီး ပြည်သူပြည်သားတွေ အဆက်အသွယ် မရှိအောင်၊ တော်လှန်ရေးကို အားနည်းစေနိုင်မယ်လို့ ရည်ရွယ်ပြီး လုပ်တဲ့ဟာ သူတို့တွေ အကျအရှုံးတွေ များပြီးတော့ ဆုံးရှုံးမှုတွေ အများကြီးများတာဟာ ဒီ Information Acess ရလို့ သူတို့တွေ အထိနာနေပါတယ်ဆိုတဲ့ ယုံကြည်ချက် သူတို့မှာလည်း ရှိနေတယ်။ အဲဒါတွေကြောင့်လည်း အငြိုးထားပြီး လုပ်နေတာလို့ ယူဆရပါတယ်”
ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ရာမှာ လက်ခံဖြေဆိုတာ မရှိပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကို ဆက်သွယ်ရာမှာတော့ နိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် ဆက်သွယ်ရေးလိုင်း ဖြတ်တောက်တာလို့ ပြောပါတယ်။
“ရန်ကုန်မှာလည်း လိုင်းတွေက မကောင်းဘူးလေ။ ခက်တယ်ကြာတယ်ပေါ့။ ဒါက စစ်ဖြစ်နေတဲ့ နိုင်ငံမှာတော့ ဒီလိုပါပဲ။ ISIS တွေ အရှေ့အလယ်ပိုင်းမှာ ပေါ်လာတဲ့အခါမှာ ဆက်သွယ်ရေးတော်တော်များများကို ဖြတ်တောက်လိုက်တယ်။ သုံးနှစ်လောက်က ဒူဘိုင်းကို ရောက်သွားတဲ့အချိန်မှာ လေယာဉ်ကွင်းကြီးထဲမှာပဲ အကုန်ကောင်းတယ်ပေါ့နော်။ ထွက်လည်းထွက်ရော သူစိမ်းဖုန်းတွေအားလုံး မရတော့ဘူး။ ဆိုတော့ ကိုယ့်နိုင်ငံတစ်နိုင်ငံတည်း အဆန်းမဟုတ်ဘူး။ အရှေ့အလယ်ပိုင်းက နိုင်ငံအတော်များများ အဲဒီလိုမျိုး လုပ်ခဲ့ကြတယ်ပေါ့”
နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်ကတော့ -
“ပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ သတင်းအချက်အလက်တွေ၊ နည်းပညာတွေ၊ နောက် ပညာရေး၊ ကျန်းမာရေး စတဲ့ ဝန်ဆောင်မှုတွေ အားကိုးရတဲ့ ၂၁ ရာစုကြီးမှာ VPN ကို ပိတ်တယ်ဆိုတာ အာဏာရှင် လုပ်ရပ်ဖြစ်တယ်။ အခုလိုမျိုး နေရာစုံမှာ ပုန်ကန်ထကြွလာရတဲ့ ကိစ္စရပ်တွေ၊ တော်လှန်ရေးတွေလုပ်လာရတဲ့ ဖြစ်ရပ်တွေ အားလုံးရဲ့ အရင်းကို ပြန်စစ်မယ်ဆိုရင် စစ်ခေါင်းဆောင်တွေက တစ်နိုင်ငံလုံး မီးဟုန်းဟုန်းတောက်အောင် မီးစာထည့်နေတာကို သွားမြင်ရတယ်ပေါ့နော်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ရန်ကုန် အပါအဝင် မြို့ကြီးတွေမှာ VPN (Virtual Private Network) လို့ ခေါ်တဲ့ ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်တဲ့ နည်းပညာသုံး ဆော့ဝဲလ်တွေကို အသုံးပြုရခက်အောင် ပိတ်ပင်တားဆီးနေသလို VPN အသုံးပြုသူတွေကိုလည်း စစ်ဆေးအရေးယူနေပါတယ်။
အသံအဖွဲ့စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေး ဖြတ်တောက်ခံရတာကို နှစ်အလိုက်ကြည့်ရင် ၂၀၂၂ ခုနှစ်မှာ မြို့နယ် ၁၂၀ အထိ အများဆုံး ဖြတ်တောက်ခံထားရတာ တွေ့ရပါတယ်။