ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းက ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၇ ရက် မနေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ကလေးငယ်နှစ်ဦး အပါအဝင် အရပ်သား ခြောက်ဦး သေဆုံးပြီး နောက်ထပ် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
နိုဝင်ဘာလ ၂၆ ရက်နေ့က လွိုင်ကော်မြို့ကနေ အင်အား ရှစ်ဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခု ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် ကားလမ်းနားက လင်ဖုံလေးရွာဘက်ကို ထိုးစစ်ဆင်လာချိန် ကရင်နီ ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
“တစ်ရင်းလုံး ကျသွားပြီဆိုတော့ တွေ့သမျှ ဗုံးကြဲမဲ့ အနေထားတော့ ရှိတာပေါ့နော်"
စစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံရပြီးနောက် ဖယ်ခုံမြို့အရှေ့ဘက်ခြမ်းက ကျေးရွာတွေဘက်ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ရာမှာ အရပ်သားတွေ သေဆုံးခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖယ်ခုံဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တစ်ရင်းလုံး ကျသွားပြီဆိုတော့ တွေ့သမျှ ဗုံးကြဲမဲ့ အနေထားတော့ ရှိတာပေါ့နော်။ အဲဒီနားမှာ ရှိတဲ့ နီးစပ်ရာ ဒေသ ဥပမာ ဖယ်ခုံ အရှေ့ဘက်ခြမ်း ဒေသတွေမှာဆိုရင် စစ်ရှောင်တွေ အများအပြား ရှိနေသေးသလို ဒီ ဒေသတွေမှာ စစ်ရှောင်တွေ ရှိနေသေးတယ်ပေါ့နော်။ သူကတော့ ရှုံးမဲ မဲပြီး လက်နက်ကြီးတွေ လိုက်ပစ်တာမျိုး တွေက သူတို့ရဲ့ ထုံးစံပဲလို့ ပြောရမှာပေါ့။ မနေ့ညကလည်း သူတို့ ရှုံးလို့ လက်နက်ကြီးတွေ လိုက်လျှောက်ပစ်တာလို့ ထင်တယ်"
ဆက်နွှယ်သောသတင်းများ
[ ဖယ်ခုံက စစ်ဘေးဒုက္ခသည်စခန်း ထပ်မံဗုံးကြဲခံရOpens in new window ]
[ အာဏာသိမ်းကာလ စစ်ရာဇဝတ်မှုတွေကြောင့် ကယားပြည်နယ်မှာ အရပ်သား ၂၅၀ ကျော် သေဆုံးOpens in new window ]
[ စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ ဖယ်ခုံဒေသခံ ၂ဝဝ ကျော် ပြန်မလွတ်သေးOpens in new window ]
သေဆုံးသူတွေဟာ ကုန်းပေါရွာက အသက် တစ်လကျော်အရွယ် မအဲလိစတာ၊ အသက် (၂) နှစ်ခန့်အရွယ် မမေသဇင်ဦးနဲ့ အတူ အသက် (၂၅) နှစ်အရွယ် မိခင်ဖြစ်သူ မအေဘလင်း၊ နောက်ထပ် ရွှေစမ်းရွာက အသက် (၄၀) နှစ်အရွယ် ဦးလူရယ်၊ မိုးဗြဲ ပေါ်ဦးရွာက အသက် (၁၄) နှစ်အရွယ် မအေးမြတ်သူ၊ သစ်ယာကုန်းရွာက အသက် (၃၀) ကျော်အရွယ် ဒေါ်မာရိယာနဲ့ သစ်ယာကုန်းရွာက အမည်မသိ တစ်ဦး၊ စုစုပေါင်း ခြောက်ဦး ဖြစ်ပါတယ်။
ဒါ့အပြင် အသက် ၁၀ နှစ်နဲ့ ၂၅ နှစ်အတွင်းက အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့ ဒီနေ့မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ထပ်ပြီး ပစ်ခတ်ခဲ့တာကြောင့် ကုန်းပေါရွာက အသက် (၆၀) အရွယ် အမျိုးသမီးတစ်ဦး ထပ်ပြီး ဒဏ်ရာရခဲ့ပါတယ်။
ကရင်နီပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ရှမ်းနဲ့ ကယားပြည်နယ်အစပ်က ကရင်နီပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဖယ်ခုံမြို့ကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့အပတ်က ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။

အဲဒီနောက် ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် ကားလမ်းတစ်လျှောက်ကိုပါ စစ်ကောင်စီတပ်က ပြန်လည် ထိန်းချုပ်ချင်တာကြောင့် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ရာမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာလို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) ဒုစစ်ဦးစီးချုပ် မာဝီက RFA ကို ပြောပါတယ်။
“စစ်ကောင်စီဘက်ကတော့ လူအင်အား များများ သုံးတယ်၊ လက်နက်ကြီး များများ ပစ်တယ်ဆိုတဲ့ အခြေအနေမျိုးနဲ့ပဲ စစ်တိုက်တာ ဖြစ်ပါတယ်။ အခုကတော့ မိုးဗြဲ-လွိုင်ကော်-ဖယ်ခုံ ကားလမ်းကြီးကို ပြန်ရအောင် လုပ်နေတဲ့ သဘောမျိုး ဖြစ်ပါတယ်။ တိုက်ပွဲတွေကတော့ ပြင်းထန်ဆဲ ဖြစ်ပါတယ်"
တိုက်ပွဲတွေကြောင့် ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် ကားလမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေနဲ့ လက်နက်ကြီး ပစ်ခတ်ခံနေရတဲ့ ရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်ရသူအရေအတွက် တိုးလာတာကြောင့် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေ ရှိနေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ကိုဗညားက RFA ကို ပြောပါတယ်။
“နည်းနည်းချင်းစီက ကျွန်တော်တို့ ပြည်နယ်မှာ စစ်ရှောင် ဦးရေ တိုးလာတယ်။ စားနပ်ရိက္ခာ ရရှိနိုင်မှုက အကန့်သတ်တွေ ဖြစ်လာတယ်။ နောက် တောင်ယာစပါး၊ လယ်ယာစပါး စိုက်ပျိုးနိုင်မှုတွေက နည်းလာပြီးတော့ စစ်ရေး သဘောသဘာဝအရ စားနပ်ရိက္ခာတွေကို ရွှေ့ပြောင်း သယ်ယူရတာလည်း ပိုကျပ်တည်းလာတယ်။ အဲဒီဟာနဲ့ ကျွန်တော်တို့ လောလောဆယ် ကြုံနေရတယ်။ ကျန်းမာရေး၊ ပညာရေးကလည်း ကျွန်တော်တို့ သွားတော့ သွားနေတယ်ဆိုပေမဲ့ လူထုတွေရဲ့ ဆေးပေါ့နော် လိုအပ်မှုနှုန်းကို ကျွန်တော်တို့ မဖြည့်ဆည်းပေးနိုင်သေးဘူးပေါ့နော်"
စစ်ကောင်စီက ဆေးဝါးနဲ့ အစားအသောက် သယ်ယူခွင့် ကန့်သတ်ပိတ်ပင်ထားတာတွေကြောင့်လည်း ဒုက္ခသည်တွေကို စားနပ်ရိက္ခာကူညီရာမှာ ပိုပြီး ခက်ခဲမှုတွေနဲ့ ကြုံနေရတယ်လို့ ကိုဗညားက ပြောပါတယ်။
ဖယ်ခုံမြို့နယ်က အရပ်သားတွေ ထိခိုက်သေဆုံးမှုအပြင် ဒေသအခြေအနေတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ကယားပြည်နယ်အတွင်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၄ အောက်တို ဘာလ အတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သား ၂၅၃ ဦး သေဆုံးခဲ့ပြီး သုံးရာကျော် ဒဏ်ရာရခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောဆိုထားပါတယ်။