ဇရပ်ကြီးမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ သေဆုံး

ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့မှာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သားငါးဆယ်ကျော် သေဆုံးခဲ့ပြီး လူသောင်းနဲ့ချီ ထွက်ပြေးနေရတယ်လို့လည်း ဒေသခံတွေနဲ့ အကူအညီပေးသူတွေက ပြောပါတယ်။

ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့တွင် စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြသည်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီရဲ့ အမှတ် ၇၃ ခြေလျင်တပ်ရင်းကို ဖေဖော်ဝါရီ ၇ ရက်နေ့ကစပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်းကရော၊ လက်နက်ကြီးနဲ့ပါ ပစ်ခတ်တဲ့အတွက် အရပ်သား ငါးဆယ်ကျော် သေဆုံးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဇရပ်ကြီးဒေသခံတစ်ဦးက ပြောပါတယ်။

“အရပ်သားတွေ သေတာရှိတယ်၊ ရဟတ်ယာဉ်တွေ ဘာတွေနဲ့ အပေါ်ကနေ ပစ်တာ၊ ပြေးလွှားနေတဲ့ လူအုပ်ကြားထဲ ပစ်တာဆိုတော့ အဲထဲမှာလည်း သေတာရှိတယ်၊ လက်နက်ကြီးနဲ့ ပစ်လို့သေတာလည်း ရှိတယ်၊ သေတဲ့အလောင်းတွေထဲမှာလည်း မိုင်းတွေထောင်ထားတာ၊ လမ်းဘေးမှာလည်း ပစ်တယ်ခတ်တယ် သေတယ်၊ ကလေးတွေ၊ လူကြီးတွေ၊ လမ်းဘေးမှာတင် အပုံလိုက်သေတာ အများကြီး၊ အဲတာကို သွားကောက်ရင်လည်း အောက်မှာက မိုင်းတွေနဲ့၊ အဲလို့ထားခဲ့တာ၊ တော်တော်ဆိုးဆိုးဝါးဝါးပဲ၊ အများကြီးပဲ သေတာမှ မခန့်မှန်းနိုင်အောင် များတယ်၊ သေတဲ့နှုန်းကတော့၊ ကျွန်တော်မျက်မြင်ထင် တော်တော်များမယ်၊ လေးငါးဆယ်လောက်ရှိမယ်၊ ကျွန်တော်သွားတဲ့ လမ်းဘေးတစ်လျှောက်မှာတင်၊ ငါးဆယ်ကျော်မယ်”

Spring Warriors Column ပြောခွင့်ရသူကလည်း…

“ဒေသခံသေတာက သူတို့က လေယာဉ်နဲ့ တောက်လျောက်ပစ်နေတော့ ပြေးရင်းလွှားရင်း ရှောင်ရင်းနဲ့ သေတာရှိတယ်၊ သေတာလည်း ဆယ်ယောက်လောက်သေတယ်လို့ ကနဦး သိထားတယ်၊ ဒဏ်ရာရတာတော့ နည်းနည်းလေးများတယ်ဗျ၊ ကလေးငယ်တွေလည်း ပါတယ်၊ လက်နက်ကြီးတွေနဲ့လည်း တောက်လျောက် ပစ်နေတာ၊ ပြည်သူတွေတော့ တော်တော်လေးထိသွားတယ်၊ အိမ်တွေပျက်စီးမှုကလည်း ပိုဆိုးလာတယ်၊ ပိုများလာတယ်၊ လေလောဆယ်တော့ တောင်ငူဘက်က ကူညီကယ်ဆယ်ပေးနေတာတွေလည်း ရှိတယ်”

ခလရ ၇၃ ဇရပ်ကြီး ရဲစခန်းနဲ့ ချောင်းဖျားစခန်းတွေကို ပြည်သူကာကွယ်ရေးတပ်တွေက သိမ်းဆည်းနိုင်ခဲ့ပြီး လက်ရှိအခြေအနေတော့ မသိရသေးဘူးလို့ ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို တောင်ငူမြို့မှာရှိတဲ့ အရပ်ဖက်လူမှုကူညီရေးအသင်းတွေ အကူအညီပေးနေပြီး ထွက်ပြေးလာတဲ့သူ သောင်းနဲ့ချီရှိနိုင်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“အားလုံးဆိုရင်တော့ သောင်းဂဏန်းရှိမယ်၊ ကျွန်တော်တို့ စခန်းတွေရောက်လာတာက ထောင်းဂဏန်းရှိတယ်၊ သုံးထောင်လောက်ရှိတယ်၊ ဒီနေ့မှရောက်တာနဲ့ မနက်ဖြန်လည်း ထပ်ထိုးတာတွေရှိမှာဆိုတော့ အတိအကျပြောလို့မရသေးဘူး၊ တော်တော်များများက နီးစပ်ရာ ဆွေမျိုးသားချင်းတွေအိမ်မှာ နေကြတာများတယ်၊ ဘယ်လိုမှ ခိုခိုးရာမရှိတဲ့သူတွေ၊ မရှိဆင်းရဲသားတွေလောက်ပဲ စခန်းတွေကို လာကြတယ်”

ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့တွင် စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြသည်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဇရပ်ကြီးမြို့မှာ ဒေသခံတွေ မနေရဲတော့ဘဲ မြို့လုံးကျွတ် ထွက်ပြေးနေရပါတယ်။ အနီးအနားက ရွာတွေမှာလည်း ပိတ်မိနေတဲ့သူတွေရှိပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေက သူတို့ကို ချိတ်ဆက်ကူညီနေပါတယ်။

တောင်ငူမြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန် ဘုရားကျောင်းတွေမှာ ယာယီစစ်ဘေးဒုက္ခသည်စခန်းဖွင့်ပြီး စားသောက်နေထိုင်ဖို့ စီစဉ်ပေးထားတယ်လို့လည်း ဆိုပါတယ်။

လောလောဆယ် စစ်ရေးတင်းမာနေပြီး လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် ထိုးစစ်ပြန်ဆင်ဖို့ ပြင်ဆင်တဲ့အနေနဲ့ စစ်ကောင်စီက စစ်ကူတွေဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကလည်း ခုခံဖို့ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်း လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာတော့ ဇရပ်ကြီးနယ်မြေခံ စစ်ကောင်စီတပ်ရင်းကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဒီလ ၇ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီက လေကြောင်းနဲ့ရော လက်နက်ကြီးနဲ့ပါ တိုက်ခိုက်တာကြောင့် ဆုတ်ခွာသွားတယ်လို့ ဖော်ပြပါတယ်။

ပဲခူးတိုင်း စစ်ကောင်စီပြောခွင့်ရသူ တိုင်းစီးပွားရေးရာ ဝန်ကြီး ဦးတင်ဦးကို RFA က ဖေဖော်ဝါရီ ၈ ရက်က မေးမြန်းတဲ့အခါမှာတော့…

“လူဦးရေက ထွက်ပြေးတယ်လို့ မဟုတ်ပါဘူး။ ဒီ PDF အဖွဲ့တွေကတော့ ရွာကလူတွေကို ထွက်ခိုင်းပြီးတော့ အိမ်ပေါ်တက် ရွာသားတွေရဲ့ ပစ္စည်းတွေ မတရားလုယက် ဖျက်ဆီးတာတွေလည်း ရှိနေပါတယ်။ ထွက်ပြေးတဲ့ အနေအထားတော့ မရှိပါဘူး။ စစ်ရှောင်တဲ့ အနေအထားတော့ နီးစပ်ရာ ဆွေမျိုးသားချင်းတွေဆီ သွားပြီးတော့ စစ်ရှောင်ခိုလှုံနေတဲ့ အနေအထားတော့ရှိပါတယ်”

အရပ်သားတွေ ထိခိုက်သေဆုံးတာ မရှိဘူးလို့လည်း သူက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org