စစ်ဆင်ရေးတွေ ပိုကျယ်ပြန့်လာမယ်လို့ လေ့လာသူနဲ့ တိုင်းရင်းသားအဖွဲ့တွေ သုံးသပ်

စစ်ကောင်စီဘက်ကလည်း နယ်မြေတွေနဲ့ တပ်စခန်းတွေ ပြန်ရဖို့အတွက် လေကြောင်းနဲ့ လက်နက်ကြီးကို အလွန်အကျွံသုံးပြီး တိုက်ခိုက်နေတယ်လို့ လက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။

၂ဝ၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့က မန်တုံပ စစ်ကောင်စီတပ်စခန်းကို သိမ်းယူရရှိကြောင်း ကိုးကန့်တပ်မတော် (MNDAA)မှ ထုတ်ပြန်ထားသည့်ပုံ။ The KoKang

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်ညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ အခြားပြည်နယ်နဲ့ တိုင်းတွေမှာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက ထိုးစစ်ဆင်နေတာကြောင့် မြို့တချို့နဲ့ တပ်စခန်း ၁၅၀ ကျော်ကို စစ်ကောင်စီဘက်က လက်လွှတ်လာနေရပြီလို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

စခန်းသိမ်း တိုက်ပွဲတွေ ဆက်ပြီးမြင်လာရမယ်လို့ ကိုးကန့်တပ်ဖွဲ့လို့ လူသိများတဲ့ မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ရဲ့ ပြောခွင့်ရသူ လီကျားဝင်းက RFA ကို ပြောပါတယ်။

“ဟုတ်ကဲ့ ဒီစစ်ဆင်ရေးကြီးကတော့ တော်တော် အောင်မြင်တယ်လို့ ပြောလို့ပါတယ်။ ဒီစခန်းသိမ်း တိုက်ပွဲတွေကိုလည်း ကျွန်တော်တို့ ဆက်တိုက် ဖော်ဆောင်သွားဖို့ ရှိတယ်လို့ ပြောလို့ရတာပေါ့နော်”

ရှမ်းပြည်နယ် မြောက်ပိုင်းမှာဆိုရင် ချင်းရွှေဟော်၊ ပန်ဆိုင်း၊ ဖောင်းဆိုင်၊ သိန္နီ၊ နမ့်ခမ်း၊ ကွမ်းလုံမြို့တွေကို ထိန်းချုပ်ထားပြီလို့ မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

“ပထဝီအနေအထားအရ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကို ဂငယ် ပုံသဏ္ဍာန် ဝိုင်းပတ်ထားနိုင်ပြီ”

စစ်ကောင်စီ ရုံးစိုက်တဲ့ နေပြည်တော်နဲ့ အနီးဆုံးဒေသဖြစ်တဲ့ ကယားပြည်နယ်မှာတော့ နိုဝင်ဘာ ၁၁ ရက်နေ့ကစလို့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေး နာမည်နဲ့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေက လွိုင်ကော်မြို့ပေါ်အထိ သွားတိုက်နေပါတယ်။ ဒီစစ်ဆင်ရေးမှာ နေပြည်တော်နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့၊ ကယားပြည်နယ် ဒီးမောဆိုနဲ့ လွိုင်ကော်က တပ်စခန်း ခုနစ်ခုထက်မနည်း သိမ်းပိုက်ရရှိထားတယ်လို့ ကရင်နီ ပူးပေါင်းအဖွဲ့တွေဘက်က ပြောပါတယ်။

တစ်လေးလုံး စစ်ရေး ရည်မှန်းချက်တွေအတိုင်း အောင်မြင်အောင် ကြိုးစားနေတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် - KNDF ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနက အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“အခု လက်ရှိအခြေအနေထိ ကျွန်တော်တို့ စစ်ရေးရည်မှန်းချက်တွေကို ပြည့်မြောက်အောင်မြင်အောင် ကြိုးစားနေတယ်။ လက်ရှိမှာလည်း အောင်မြင်မှု အသီးအပွင့်တွေက လူထုတွေ မြင်တဲ့အတိုင်းပဲပေါ့ ရရှိနေတယ်။ ဆက်ပြီးတော့မှ ကျွန်တော်တို့လည်း ကြိုးစားမယ်။ လူထုတွေက ဆက်ပြီး တောင့်ခံပေးကြပါဦး”

ရခိုင့်တပ်တော် (AA) ကတော့ နိုဝင်ဘာလ ၁၃ ရက်နေ့ကစလို့ ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်ကောင်စီရဲ့ ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီး ထိုးစစ်တွေ စတင်ခဲ့ပါတယ်။ ဒါကြောင့် စစ်ကောင်စီဘက်ကလည်း ရခိုင်ပြည်နယ် အဝင်အထွက် ကုန်းလမ်း၊ ရေလမ်း အားလုံးကို ပိတ်ထားလိုက်ပါတယ်။

စစ်ကောင်စီဟာ ခံစစ်သဘောပဲ ရှိတော့တယ်လို့ ရခိုင် ဝါရင့်နိုင်ငံရေး သမားတစ်ယောက်ဖြစ်တဲ့ ဦးဖေသန်းက သုံးသပ်ပါတယ်။

“စစ်ရေးအားဖြင့်တော့ သူတို့ (စစ်ကောင်စီတပ်) မှာ ခံစစ်သဘောပဲ ရှိတော့တယ်။ ULA/AA က စစ်မျက်နှာဖွင့်ရင် ဖွင့်သလောက် တိုက်ပွဲတွေက ကျယ်လာမယ်။ တစ်နည်းအားဖြင့် နယ်စပ်စခန်းတွေဆိုရင် သူတို့အကုန်လုံး တိုက်နေတဲ့သဘော ရှိတယ်။ တစ်နည်းအားဖြင့် နယ်စပ်ကို ပြတ်တောက်သွားအောင်ပေါ့။ သူတို့ဘက်က ဗျူဟာဆွဲပြီးတော့ တိုက်နေတဲ့သဘောတော့ ကျွန်တော်တို့မြင်ရတယ်။ ရှေ့လျှောက်ပြီးတော့လည်း ဒီတိုက်ပွဲက မြောက်ကနေတောင် တဖြည်းဖြည်း ကွက်စိပ် သူတို့ ကွက်ပြည့်နင်းပြီးတော့ တိုက်လာမယ့် အခြေအနေမျိုး ရှိတယ်”

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ စတင်လိုက်တဲ့ နိုဝင်ဘာလ ၁၃ ရက်မှာပဲ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းမှာရှိတဲ့ ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့က စစ်ကောင်စီရဲ့ တပ်စခန်းနှစ်ခုကို ချင်း အမျိုးသားတပ်ဦး (CNF) အပါအဝင် ထန်တလန် ချင်းပြည် ကာကွယ်ရေးတပ်ဖွဲ့ (CDF) နဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက ပူးပေါင်း တိုက်ခိုက်သိမ်းယူလိုက်ပါတယ်။

ချင်းပြည်နယ်မှာလည်း တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်ထားပြီလို့ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

“ဒီနေ့ အနေအထားကတော့ ခုခံစစ်ကနေ ထိုးစစ်ကိုလုပ်ဖို့ ကျွန်တော်တို့ကတော့ ပြင်ဆင်ထားပါတယ်။ ချင်းပြည်နယ်မှာပဲ မဟုတ်ဘဲနဲ့ အခု တခြားဒေသတွေမှာလည်း တန်ပြန်ထိုးစစ်တွေကို လုပ်နေတာဖြစ်သလို ကျွန်တော်တို့ ချင်းပြည်နယ်၊ ချင်းတောင်မှာလည်း တန်ပြန်ထိုးစစ်နဲ့ စခန်းသိမ်းတိုက်ပွဲအပြင် နေရာဒေသအလိုက် စစ်ဆင်ရေးကတော့ ပိုပြီးတော့ တိုးမြှင့်လာမယ်လို့၊ အဲဒီအတွက် ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်”

စစ်ကိုင်းတိုင်း အထက်ပိုင်းမှာတော့ ကောလင်းမြို့ကို PDF ပူးပေါင်းတပ်တွေက သိမ်းထားနိုင်ပါတယ်။ ခါမ်းပါတ်မြို့က တပ်စခန်းတချို့ကိုလည်း တိုက်ခိုက်သိမ်းယူတာတွေလည်းရှိခဲ့ပြီး ထီးချိုင့်မြို့မှာတော့ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားပေါ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တွေ့ရသည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ဝင်များ။ (Photo: S.O.F)

ဒါကြောင့် စစ်ကောင်စီဘက်ကလည်း နယ်မြေတွေနဲ့ တပ်စခန်းတွေ ပြန်ရဖို့အတွက် လေကြောင်းနဲ့ လက်နက်ကြီးကို အလွန်အကျွံသုံးပြီး တိုက်ခိုက်နေတယ်လို့ လက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။ အဲဒီအပြင် ကွမ်းလုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီ၊ လောက်ကိုင်၊ ကုန်းကြမ်းမြို့နယ်တွေကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီး ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း လတ်တလော ဖြစ်ပျက်နေတဲ့ တိုက်ပွဲကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပိုင် မီဒီယာတွေမှာ မကြာခဏဆိုသလို တုံ့ပြန်ရှင်းလင်းချက်တွေ ပြောဆိုနေပြီး NUG၊ PDF တွေကို အမြစ်ပြတ် ချေမှုန်းမယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကတော့ နိုင်ငံတစ်ဝန်းက ဟန်ချက်ညီ စစ်ဆင်ရေးတွေကြောင့် မကြာခင်မှာ စစ်ကောင်စီ ကျရှုံးတော့မယ်လို့ ပြောပါတယ်။

“ဟန်ချက်ညီညီနဲ့ စစ်ရေးအရှိန်တွေ မြှင့်ပြီးတော့ အကြမ်းဖက် စစ်ကောင်စီကို ချေမှုန်းသုတ်သင်နိုင်နေပြီ။ စခန်းတွေ နယ်မြေတွေ နောက်ဆုံးမှာ မြို့သိမ်းတိုက်ပွဲတွေကို အောင်အောင်မြင်မြင်နဲ့ ဆင်နွှဲလာနိုင်နေပြီ ဖြစ်ပါတယ်။ လက်နက် ခဲယမ်း မီးကျောက် သူတို့ဆီမှာ ပြတ်လတ်နေတဲ့ သတင်းတွေကိုလည်း ကျွန်တော်တို့ ကြားနေရတယ်။ အဲဒါကြောင့် သူတို့ လက်နက် ခဲယမ်း မီးကျောက် ပြတ်လတ်လာတဲ့အချိန်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေ၊ မဟာမိတ် တော်လှန်ရေး အင်အားစုတွေ တိုက်ပွဲ ပိုပြီးတော့ မြင့်မြင့်ဆင်နွှဲလာတဲ့အချိန် ဆုံတဲ့ပွိုင့်ကြရင်တော့ သူတို့တွေ မလွဲမသွေ ကျရှုံးသွားဖို့ရှိတယ်”

စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း လက်ရှိ မြန်မာနိုင်ငံက တိုက်ပွဲတွေကို ကြည့်မယ်ဆိုရင် ပထဝီ အနေအထားအရ စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်ကို ဂငယ် ပုံသဏ္ဍာန် ဝိုင်းပတ်ထားနိုင်ပြီလို့ သုံးသပ်ပါတယ်။

“အခု နွေဦး တော်လှန်ရေး လှုပ်ရှားမှု အလုံးစုံကတော့ ဂငယ်ပုံသဏ္ဍာန် စစ်ကောင်စီရဲ့ နေပြည်တော်ကို ဝိုင်းပတ်ထားတဲ့ အခြေအနေဖြစ်ပါတယ်။ ဂငယ်ပုံသဏ္ဍာန်ဆိုတာ အရှေ့မြောက်ပိုင်းရယ်၊ ကချင်ပြည်နယ်ရယ် နောက်ပြီးတော့ အနောက်မြောက်တိုင်းက CNF ရယ်၊ ရခိုင်ဒေသပါ အခုက တိုက်လိုက်တဲ့အခါကျတော့ အခုက နေပြည်တော်ကို ဂငယ် ပုံသဏ္ဍာန် ဝိုင်းထားနိုင်တဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။ KNU နဲ့ KNDF တို့က တောင်ပိုင်းကနေ နေပြည်တော်ဂွင်ကို ပိတ်ဖို့ပဲ ကျန်ပါတော့တယ်”

နိုင်ငံတစ်ဝန်း စစ်ရေး အရှိန်မြင့်လာတာနဲ့အတူ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ် ကျူးလွန်တာတွေလည်း ရှိလာနိုင်ပြီး ဒါတွေကို စနစ်တကျ မှတ်တမ်းတင် စောင့်ကြည့်ဖို့လည်း လိုအပ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေက ပြောကြပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ ၂၀၂၃ ခုနှစ်အတွင်း ထုတ်ပြန်ချက်တွေအရ လက်နက်ကိုင် ပဋိပက္ခတွေဟာ တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲက ရန်ကုန်နဲ့ ဧရာဝတီတိုင်းကလွဲပြီး ကျန်တဲ့တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ ဖြစ်နေတာပါ။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာလည်း ဗုံးခွဲမှု၊ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org