မြန်မာကို ကမ္ဘာက လျစ်လျူရှုနေသလား

သတင်းသုံးသပ်ချက် - ဇက်ခါရီ အဘူဇာ
2022.03.04
မြန်မာကို ကမ္ဘာက လျစ်လျူရှုနေသလား စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်နေသည့် မြန်မာပြည်သူများအနေဖြင့် ယူကရိန်းပြည်သူတို့နှင့်အတူ တစ်သားတည်း ရပ်တည်ကြောင်း ဖော်ထုတ်ပြသသည့် ကချင်လူငယ်များ၏ လှုပ်ရှားမှုဓာတ်ပုံ။
Credit: Twitter@cvdom2021

အခုဆိုရင် စစ်အာဏာရှင်လက်အောက်မှာ ကျရောက်နေတဲ့ မြန်မာပြည်သူတွေဟာ ရုရှားနိုင်ငံရဲ့ ကျူးကျော်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်း ပြည်သူတွေကို အားပေးထောက်ခံကြောင်း ပြသနေကြပါတယ်။

ဒါပေမဲ့ သူတို့ ကိုယ်တိုင်ကြုံနေရတဲ့ အကျပ်အတည်းအတွက်တော့ နိုင်ငံတကာရဲ့ တုံ့ပြန်မှုက အားရစရာမရှိတာတဲ့အတွက် စိတ်ပျက်စရာဖြစ်နေတယ်လို့ ဆောင်းပါးရှင် ဇက်ခါရီ အဘူဇာက ရေးသားထားပါတယ်။ မြန်မာပြည်သူတွေက ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက အကြမ်းမဖက်တဲ့ Civil Disobedience လှုပ်ရှားမှုတွေ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန် ခဲ့ကြတာဖြစ်ပါတယ်။

အခုယူကရိန်းနိုင်ငံအရေးမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရက ရုရှားရဲ့ကျူးကျော်မှုကို ဆန့်ကျင်ကြောင်း ချက်ချင်းကြေညာချက် ထုတ်ပြန်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီကတော့ ရုရှားနိုင်ငံဘက်က ထောက်ခံကြောင်း ထုတ်ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း မြန်မာပြည်သူတွေရဲ့ တစ်ခဲနက် အားပေးထောက်ခံမှုကို ရထားတဲ့ NUG အစိုးရကို အခုအချိန်အထိ ဘယ်နိုင်ငံအစိုးရကမှ တရားဝင်အသိအမှတ်ပြုတာ မရှိသေးတဲ့အတွက် တကိုယ်တည်း ဆက်ပြီးတိုက်ပွဲဝင်နေရဆဲ ဖြစ်တယ်လို့ ဆောင်းပါးရှင်က ရေးသားထားပါတယ်။

၂၀၂၂ ဇန်နဝါရီလ ၃၁ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရသည့် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ဘင်ရွာ မီးလောင်ပြင်ကို ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့ရစဉ်။  (AFP PHOTO / Chin Twin Chit Thu)
၂၀၂၂ ဇန်နဝါရီလ ၃၁ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရသည့် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ဘင်ရွာ မီးလောင်ပြင်ကို ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့ရစဉ်။ (AFP PHOTO / Chin Twin Chit Thu)

အခုအချိန်မှာ အမေရိကန်နဲ့ အီးယူတို့ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပေမယ့် အခြား အရေးကြီးတဲ့ မိတ်ဖက်နိုင်ငံတွေ ဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ စင်္ကာပူတို့ကတော့ ပိတ်ဆို့အရေးယူမှုတွေ လိုက်မလုပ်ကြသေးပါဘူး။ အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံပိုင်း နိုင်ငံခြား အရန်ဘဏ္ဍာငွေ ဒေါ်လာ တစ်ဘီလျံကို ထိန်းချုပ်လိုက်ပေမယ့် ဂျပန်နဲ့ စင်္ကာပူလို့ နိုင်ငံတွေက အလားတူ လိုက်လုပ်ဖို့ ငြင်းဆန်နေပါတယ်။

အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံကိုပေးမယ့် လူသားချင်း စာနာမှု အကူအညီတွေကို စစ်ကောင်စီကနေတဆင့်မသွားဘဲ NUGနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တဆင့်ပေးအပ်ဖို့ လုပ်နေပေမယ့် အမေရိကန်အစိုးရက ထိန်းသိမ်းထားတဲ့ ဒေါ်လာ တစ်ဘီလျံကို NUG ကနေ ထုတ်ယူသုံးစွဲခွင့် မပြုသေးပါဘူး။ ဒါ့ကြောင့် NUG ဟာ ယူကရိန်းနိုင်ငံက ရနေတဲ့ ထိရောက်ပြင်းထန်တဲ့ အကူအညီမျိုးမရဘဲ ဖြစ်နေပါတယ်လို့ ဆောင်းပါးရှင်က သုံးသပ်ပါတယ်။

ဒါဟာ အခုအချိန်မှာ ကမ္ဘာအရပ်ရပ်က ဒီမိုကရေစီနိုင်ငံတွေဟာ ရုရှားနိုင်ငံကို ဒဏ်ခတ်အရေးယူဖို့ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ ခရီးသွားလာခွင့် ပိတ်ပင်မှုတွေ မြန်မြန်ဆန်ဆန် ချမှတ်လိုက်တဲ့ အခြေအနေတွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လို့ နေပါတယ်။ အခုဆိုရင် ရုရှားနိုင်ငံရဲ့ နိုင်ငံခြား ဘဏ္ဍာငွေ ဒေါ်လာ ၆၃ဝ ဘီလီယံရဲ့ ၄၀ရာခိုင်နှုန်းကို နိုင်ငံတကာက ထိန်းချုပ်ထားလိုက်ရာမှာ မြန်မာနိုင်ငံ အရေးအတွက် နှောင့်နှေးခဲ့တဲ့ စင်္ကာပူနဲ့ သြစတြေးလျလို နိုင်ငံတွေလည်း ချက်ချင်း ပါဝင်ခဲ့ပါတယ်။

အစဉ်အလာအရ ကြားနေဝါဒ ကျင့်သုံးတဲ့ ဖင်လန်နဲ့ ဆွီဒင်လို နိုင်ငံတွေဟာ ယူကရိန်းကို လက်နက်တွေ ထောက်ပံ့နေပါတယ်။ ကမ္ဘာအရပ်ရပ်က လူချမ်းသာတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်း ပေးထားတဲ့ ဘဏ်တွေ တည်ရှိတဲ့ ဆွစ်ဇာလန်နဲ့ မိုနာကိုလို နိုင်ငံတွေကလည်း ရုရှားခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ချက်ချင်းထိန်းချုပ်လိုက်တာ တွေ့ရတယ်လို့ပြောပြီး ဘာကြောင့်များ အခုလို နိုင်ငံတကာရဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေ ဖြစ်လာသလဲဆိုတာကို မေးခွန်းထုတ်ထားပါတယ်။

ပထမဆုံးအနေနဲ့ ရုရှားနိုင်ငံရဲ့လုပ်ရပ်ဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်တာ ဖြစ်တဲ့အတွက် နိုင်ငံတကာဥပဒေတွေနဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအခြေခံအုတ်မြစ်တွေ အားလုံးကို ချိုးဖောက်လိုက်ရာ ရောက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ဆိုးဝါးတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေပေမယ့် အားလုံးဟာ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမှာပဲ ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အခြားနိုင်ငံတွေကလဲ အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရေးမူကို အကြောင်းပြပြီး ပုန်းအောင်းနေကြတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။

ဒုတိယအချက်ကတော့ ယူကရိန်းပဋိပက္ခဟာ ကျယ်ပြန့်လာပြီး အခြားဥရောပနိုင်ငံတွေကိုပါ ကူးစက်လာမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေတာကြောင့်ပါ။ တကယ်လို့ ရုရှားဟာ ယူကရိန်းက တိုက်ခိုက်မှုတွေကို နှိမ်နှင်းနိုင်ပြီ ဆိုရင် သမ္မတပူတင်အနေနဲ့ ယူကရိန်းကို လက်နက်ထောက်ပံ့နေတဲ့ အခြားနေတိုးအဖွဲ့ဝင် နိုင်ငံတွေနဲ့ ယခင်ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံတွေကိုပါ ပစ်မှတ်ထား ကျူးကျော်တိုက်ခိုက်ဖို့ အကြောင်းပြချက် ဖြစ်လာနိုင်ပါတယ်။

မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာလို လုပ်ရပ်တွေ ကျူးလွန်ပေမယ့် မြန်မာစစ်တပ်ရဲ့ လက်နက်အင်အားဟာ ရုရှားစစ်တပ်က လုပ်နိုင်တဲ့ အဖျက်စွမ်းအားနဲ့ယှဉ်ရင် ဘာမှမပြောပလောက်ဘူးလို့လည်း ဆောင်းပါးရှင်က သုံးသပ်ပါတယ်။

ရုရှားတပ်များ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ယူကရိန်းနိုင်ငံ Zhytomyr မြို့ရှိ လူနေအဆောက်အအုံ အပျက်အစီးပုံအနီးတွင် ယူကရိန်းဒေသခံတစ်ဦးကို   ၂၀၂၂ မတ်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: REUTERS/Viacheslav Ratynskyi)
ရုရှားတပ်များ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ယူကရိန်းနိုင်ငံ Zhytomyr မြို့ရှိ လူနေအဆောက်အအုံ အပျက်အစီးပုံအနီးတွင် ယူကရိန်းဒေသခံတစ်ဦးကို ၂၀၂၂ မတ်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: REUTERS/Viacheslav Ratynskyi)

တတိယအကြောင်းပြချက်ကတော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် မြန်မာနိုင်ငံရဲ့ အရေးပါမှုက အလွန်နည်းတာကြောင့်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။ ယူကရိန်းဟာ ဥရောပတစ်တိုက်လုံးအတွက် အဓိက စားနပ်ရိက္ခာ တင်ပို့ပေးနေတဲ့ နိုင်ငံဖြစ်တဲ့အပြင် ဥရောပကို သွားတဲ့ စွမ်းအင်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ ဖြတ်သန်းသွားရာ နိုင်ငံလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ယူကရိန်းဟာ တစ်စထက်တစ်စ ရုရှားနိုင်ငံရဲ့ အရိပ်အောက်ကနေ စွန့်ခွာပြီး၊ ဥရောပ နိုင်ငံတွေနဲ့ ပိုမိုနီးကပ်လာတာကလည်း သမ္မတ ပူတင်ရဲ့ ကျူးကျော်စစ်အတွက် အကြောင်းပြချက် ဖြစ်စေပါတယ်။

စတုထ္တ အကြောင်းပြချက်ကတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလင်စကီဟာ အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုကို ရအောင် ယူနိုင်ခဲ့ပြီး၊ မြန်မာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာကို အကာအကွယ် ပေးခဲ့တဲ့အတွက် အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုကို ဆုံးရှုံးသွားတာကြောင့် ဖြစ်တယ်လို့ ဆောင်းပါးရှင်က သုံးသပ်ပါတယ်။

နောက်ဆုံးအနေနဲ့ကတော့၊ အမေရိကန်နဲ့ ဥရောပတစ်ခွင်မှာ ယူကရိန်းနိုင်ငံသား အမြောက်အများ ပျံ့နှံ့ နေထိုင်ကြပြီး၊ ယူကရိန်းကို အနောက်နိုင်ငံတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်ကြတာဟာလည်း၊ အလားတူ အခြေအနေ မရှိတဲ့ မြန်မာနိုင်ငံက ဖြစ်ရပ်တွေနဲ့ မတူတဲ့ တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာတာဖြစ်တယ်လို့ ဆောင်းပါးရှင်က သုံးသပ်ပါတယ်။

ဒီလို မတူညီတဲ့ အခြေအနေတွေကြောင့် NUG အတွက် စိတ်ပျက် အားလျော့စရာ ဖြစ်ပေမယ့် ယူကရိန်းနိုင်ငံ အရေးကနေ ပေါ်ထွက်လာတဲ့ အခွင့်အလမ်းတွေကိုလည်း အသုံးချနိုင်ဖို့ လိုတယ်လို့ ဆောင်းပါးရှင်က သုံးသပ်ထားပါတယ်။

အခုဆို ကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားဟာ သူတို့ကိုယ်တိုင်အသုံးပြုဖို့ လိုလာတဲ့တွက်၊ မြန်မာစစ်တပ်အတွက် လက်နက် ပစ္စည်းတွေ ထောက်ပံ့ ရောင်းချဖို့က ဦးစားပေး မဖြစ်နိုင်တော့တဲ့အပြင်၊ ပိတ်ဆို့ အရေးယူမှုတွေကြောင့် မြန်မာ စစ်တပ်ကနေ ငွေပေးချေဖို့ မလွယ်တော့တဲ့အကြောင်း နဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် ရုရှား လက်နက်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကုန်သင်္ဘောတွေကိုလည်း နိုင်ငံတကာက လမ်းမှာ ကြားဖြတ် တားဆီးဖို့ အခွင့်အရေး ရှိနေပြီလို့ ဆောင်းပါးရှင်က ဆိုပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်လိုက်တာဟာ နိုင်ငံတကာကနေ ဒီမိုကရေစီကို ကာကွယ်ဖို့ လိုအပ်ချက်ကို တိုးလာတဲ့အတွက်၊ မြန်မာစစ်တပ်အနေနဲ့ အရင်ကလို အာဏာသိမ်းပြီး အပြစ်ပေး အရေးယူမခံရဘဲ ထွက်သွားလို့ရမယ်လို့ တရားသေတွက်ဆလို့ မရတော့ဘူးလို့ ဆောင်းပါးရှင်က ဆိုပါတယ်။ အခုဆိုရင် မြန်မာစစ်တပ်ရဲ့ စွမ်းအင်ကဏ္ဍက ရတဲ့ ဝင်ငွေ ရင်းမြစ်တွေကို ဖြတ်တောက်ဖို့ တိုတယ်နဲ့ ချက်ဗရွန် ကုမ္ပဏီတွေ မြန်မာနိုင်ငံက ထွက်ခွာ အောင် ဖိအားပေးနိုင်ခဲ့ပေမယ့်၊ NUG အနေနဲ့ ဒီထက်မက အလုပ်လုပ်ဖို့ လိုနေသေးတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။

၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပသည့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားစဉ်။ (Phoso: REUTERS/Denis Balibouse)
၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပသည့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားစဉ်။ (Phoso: REUTERS/Denis Balibouse)

ဒါ့အပြင် သတင်းထုတ်ပြန်ရေး အပိုင်းမှာလဲ NUG အနေနဲ့ ရုရှားနိုင်ငံက ကျုးကျော်တာ ခံရတဲ့ ဖြစ်ရပ်တစ်ခုလုံးကို ယူကရိန်းနိုင်ငံ အစိုးရ က သူတို့ လိုချင်တဲ့ ပုံစံအတိုင်း အောင်အောင်မြင်မြင် ပုံဖော် သွားတာကိုလည်း အတူယူသင့်တယ်လို့လည်း ဆောင်းပါးရှင်က ဆိုပါတယ်။

အခုဆိုရင် ရုရှားနိုင်ငံက ယူကရိန်းစစ်ပွဲမှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး အိုင်စီစီက အရေးယူဖို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်တဲ့အတွက် ကမ္ဘာအရပ်ရပ်က အာဏာရှင် အစိုးရတွေအနေနဲ့လည်း အရပ်သားပြည်သူတွေကို ထင်သလို နှိပ်ကွပ်လို့ မရတော့တဲ့အကြောင်း သတင်းစကားပေးလိုက်တာဖြစ်တယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ NUG နဲ့ မြန်မာပြည်သူတွေအနေနဲ့ အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နေတာ သူတို့ချည်းပဲမဟုတ်ဘူးဆိုတာ သိနားလည်ခြင်းအားဖြင့် စိတ်ဓာတ်ရေးရာ ခွန်အားဖြစ်စေမှာ ဖြစ်တယ်လို့လည်း ဆောင်းပါးရှင်က ရေးသားထားပါတယ်။

(ဆောင်းပါးရှင် ဇက်ခါရီ အဘူဇာသည် အမေရိကန်နိုင်ငံ ဂျော့တောင်းတက္ကသိုလ်နှင့် ဝါရှင်တန်အမျိုးသား စစ်တက္ကသိုလ်တို့တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါသည်။ ဤဆောင်းပါးသည် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်သည့်အတွက် အမေရိကန်နိုင်ငံခြားရေးဌာန၊ လွတ်လပ်တဲ့အာရှအသံနှင့်၊ ဆောင်းပါးရှင်အလုပ်လုပ်နေသည့် အဖွဲ့အစည်းများ၏ အာဘော်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။