အမေရိကန်အစိုးရ ဆိုင်းငံ့ထားတဲ့ ထောက်ပံ့မှုတွေပြန်ရဖို့ ဆောင်ရွက်မယ်လို့ NUG ပြော
မြန်မာပြည်အတွက် ထောက်ပံ့ကူညီမှုတွေဟာ အမေရိကန်ရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ဦးစားပေးကိစ္စဖြစ်ကြောင်း ဆက်သွယ်ပြောကြားသွားမယ်လို့ ဝန်ကြီးဒေါ်ဇင်မာအောင် ကပြောပါတယ်။
-
ဝေမာထွန်း(ဝါရှင်တန်ဒီစီ)
2025-01-29 -
-
-
သမ္မတဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရသစ်က နိုင်ငံတကာအကူအညီပေးရေးစီမံကိန်းတွေကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ပြီး ပြန်လည်သုံးသပ်နေချိန်မှာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေပါ ထိခိုက်လာပြီး ဆိုင်းငံ့ကာလပြီးတဲ့နောက် ဖြတ်တောက်မှုတွေဆက်မဖြစ်အောင် အမေရိကန်အစိုးရသစ်နဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောလိုက်ပါတယ်။
မြန်မာပြည်အတွက် ထောက်ပံ့ကူညီမှုတွေဟာ အမေရိကန်ရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ဦးစားပေးကိစ္စဖြစ်ကြောင်း ဆက်သွယ်ပြောကြားသွားမယ်လို့ ဝန်ကြီးဒေါ်ဇင်မာအောင် ကပြောပါတယ်။
“မြန်မာပြည်အရေးနဲ့ပတ်သက်လို့ထောက်ပံ့မှုတွေက အမေရိကန်ပြည်ထောင်စုအတွက် လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံခြားရေးမူဝါဒ Priority ဖြစ်တယ်ဆိုတာကိုတော့ ဆက်သွယ်ပြောကြားသွားဖို့ရှိပါမယ်။ မူဝါဒပိုင်းဆိုင်ရာတွေကို ပြန်လည်သုံးသပ်တာမျိုးတွေလုပ်နေတဲ့အချိန်မှာ Call တောင်းပြီးတွေ့ရတာတွေက ခက်တော့ခက်ပါတယ်။ ၂၀ ရက်နေ့ သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုတဲ့အချိန်ကနေစပြီး Executive order တွေတစ်ခုပြီးတစ်ခုထွက်လာတဲ့အခါ ကျွန်မတို့မြန်မာနိုင်ငံတစ်နိုင်ငံတည်းတင်မဟုတ်ဘူး။ အိမ်နီးနားချင်း နိုင်ငံတွေရော ဥရောပနိုင်ငံတွေရော ဘယ်သူမှ မနေရတဲ့အနေအထားမျိုးတွေဖြစ်တယ်”
ဇန်နဝါရီလ ၂၉ ရက်နေ့မှာ အွန်လိုင်းကနေကျင်းပတဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ သူက ပြောခဲ့တာပါ။
သမ္မတဒေါ်နယ်ထရမ့်တက်လာပြီးနောက် ကမ္ဘာမှာ နံပါတ် ၁ နေရာကနေ ပြည်ပကိုကူညီနေတဲ့ အမေရိကန်ပြည်ထောင်စုဟာ လူသားချင်းစာနာမှုအကူအညီတွေ၊ ထောက်ပံ့ငွေတွေနဲ့ ချေးငွေတွေကို ဆိုင်းငံ့လိုက်တာပါ။
ဒီလိုဆိုင်းငံ့လိုက်လို့ ကမ္ဘာ့နိုင်ငံအသီးသီးက လူ သန်းပေါင်းများစွာ ထိခိုက်ခဲ့ရပြီး လူဦးရေ တစ်သိန်းခွဲလောက်နေထိုင်တဲ့ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်းကိုးခုက ဒုက္ခသည်တွေလည်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာသင်ကြားခွင့်တွေ စပြီးအခက်ကြုံလာကြပြီလို့ ဒုက္ခသည်တွေနဲ့ ကူညီကယ်ဆယ်ရေးသမားတွေကပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
အမေရိကန်ရဲ့ အကူအညီဆိုင်းငံ့မှု မြန်မာဒုက္ခသည်တွေ ထိခိုက်
ထရမ့်လက်ထက် မြန်မာကိုဆက်လက်ထောက်ခံအားပေးဖို့ NUG မျှော်လင့်
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရပ်နား
တစ်ဖက်မှာတော့ အမေရိကန်အစိုးရက NUG ကို တိုက်ရိုက်ကူညီထောက်ပံ့တာမျိုးမရှိလို့ ဒီအပြောင်းအလဲက တော်လှန်ရေးအပေါ်မှာ သက်ရောက်မှုမရှိဘူးလို့ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး ကပြောပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျွန်တော်တို့တော်လှန်ရေးက နိုင်ငံတကာကနေ အမျိုးသား ညီညွတ်ရေးအစိုးရကို တိုက်ရိုက်အကူအညီပေးတာမျိုး၊ တော်လှန်ရေးမှာ တိုက်ရိုက်အကူအညီ ရတာမျိုးတွေမရှိခဲ့ပါဘူး။ ကိုယ်ထူကိုယ်ထ တော်လှန်ရေးပါ။ တိုက်ရိုက်မဟုတ်သော်လည်း တချို့သောအဖွဲ့အစည်းများကတစ်ဆင့်ကူညီတာတွေတော့ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက်ပေါ့လေ။ ကျွန်တော်တို့တော်လှန်ရေးအတွက်ဆိုရင်တော့ ကိုယ်ထူကိုယ်ထဆောင်ရွက်နေတာဖြစ်တဲ့အတွက် ဒီလိုအပြောင်းအလဲတွေက ကျွန်တော်တို့တော်လှန်ရေးကို တိုက်ရိုက်သက်ရောက်မှုမရှိနိုင်ဘူး”
တစ်ဆက်တည်းမှာပဲ NUG နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဒီနှစ်ထဲမှာ ဒေသတွင်းနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံတာ ပိုတိုးချဲ့သွားမှာဖြစ်သလို ဒေသတွင်းမတည်ငြိမ်မှုကို ခြိမ်းခြောက်လာတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနှိမ်နှင်းရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့ပါတယ်။
“နိုင်ငံတကာကနေ ထိရောက်တဲ့ အကူအညီတွေမရနေသေးသော်လည်း ကျွန်တော်တို့အနေနဲ့ တာဝန်တစ်ရပ်အနေနဲ့ နိုင်ငံတကာကနေ ထိရောက်တဲ့အကူအညီတွေ၊ ထိရောက်တဲ့ Action တွေရဖို့အတွက်တော့ ကျွန်တော်တို့အနေနဲ့ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”
အမေရိကန်အစိုးရက ပြည်ပနိုင်ငံတွေကို ပေးနေတဲ့အကူအညီတွေ ယာယီဆိုင်းငံ့လိုက်ပေမဲ့ အရေးပေါ် စာနာမှုဆိုင်ရာအကူအညီတွေကိုတော့ ခြွင်းချက်အနေနဲ့ ခွင့်ပြုသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ပြောထားပါတယ်။