ရိုဟင်ဂျာနေရပ်ပြန်ရေး NUG ကြိုးစား
တန်ခါလီ ဒုက္ခသည်စခန်းက ကိုခင်မောင်ကတော့ အဲဒီနေ့က တွေ့ဆုံမှုဟာ ကျေနပ်လောက်တဲ့အဆင့်မရှိသေးပေမယ့်၊ ရိုဟင်ဂျာဒုက္ခသည်တွေကို လေးလေးစားစား တွေ့ဆုံခဲ့တဲ့အတွက် NUG အစိုးရအဖွဲ့ဝင်တွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
-
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022-08-31 -
-
-
ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ရက်က အွန်လိုင်းကနေ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့ဝင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံပွဲမှာ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့အပြင် NUG အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေနဲ့ ကမ္ဘာအရပ်ရပ်က ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
NUG ရဲ့လူ့အခွင့်အရေးဆိုင်ရာအကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုးက အဲဒီနေ့က ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။
“အဓိကကတော့ သူတို့က နိုင်ငံရေးအရ ကိုယ်စားပြုခွင့်ကို တောင်းဆိုတယ်။ ရိုဟင်ဂျာတွေထဲက ကက်ဘိနက်ထဲမှာ ရှိရမယ်။ ရိုဟင်ဂျာအရေးက နိုင်ငံရေး ကိစ္စဖြစ်တဲ့အတွက် နိုင်ငံရေးအရကိုယ်စားပြုမှု ရှိရမယ်လို့ တောင်းဆိုတယ်။ နောက်ပြီး ဒီရိုဟင်ဂျာတွေရဲ့နေရပ်ပြန်နိုင်ရေးအတွက် စီစဉ်ထားမှုတွေ။ ဂုဏ်သိက္ခာရှိရှိ၊ မိမိဆန္ဒအလျှောက် လုံလုံခြုံခြုံနဲ့ မူရင်းနေရာကို ပြန်သွားနိုင်ဖို့ စီစဉ်ဆောင်ရွက်မှုတွေက ဘယ်လိုရှိသလဲ ဆိုတာကို မေးကြတယ်။ အချို့အဖြေတွေကတော့ သူတို့ရသွားတယ်။ အချို့ကတော့ ဒါကလည်း ကနဦး ဆွေးနွေးပွဲ ဆိုတော့လေ။ အချိန်ကလည်း အကန့်အသတ်နဲ့ဆိုတော့ အဖြေကတော့ အကုန်လုံး မရခဲ့ဘူးပေါ့။ ဒါပေမဲ့ သေချာတာကတော့ NUG ယာယီသမ္မတနဲ့ ဝန်ကြီးချုပ် ကိုယ်တိုင်ကိုက တက်ရောက်ပြီး၊ အခြားသော အရေးပါအရာရောက်တဲ့သူတွေကလည်း တက်ရောက်ဆွေးနွေးခဲ့တော့ နောက်ပိုင်းကျရင် ဒီထက် ပိုမိုကျယ်ပြန့်တဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေရှိမယ်လို့ ယူဆတယ်”
အဲဒီနေ့က တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာရိုဟင်ဂျာအသင်း (ယူကေ)က ဦးထွန်းခင်က အခုလို NUG အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခွင့်ရတာ လက္ခဏာကောင်းဖြစ်ပေမယ့် NUG အစိုးရအနေနဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ရင် ရှင်းလင်းပြတ်သားတဲ့ မူဝါဒတစ်ရပ်ရှိဖို့ လိုနေသေးတယ်လို့ ပြောပါတယ်။
“NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကျွန်တော်တို့တွေ တွေ့ဆုံဆွေးနွေးခွင့်ရတာ တော်တော်လေးဝမ်းသာပါတယ်။ ဒါက ကောင်းတဲ့လက္ခဏာတစ်ခုပါ။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပေါ်မှာ ရှင်းလင်းပြတ်သားတဲ့ မူဝါဒတစ်ခု ရှိသလားဆိုတာ ကျွန်တော်တို့ မသိရသေးဘူး။ ဒါကို NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ပြောဆိုဖို့ လိုပါလိမ့်မယ်။ အထူးသဖြင့် ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် လက်ခံသလား ဆိုတာပေါ့။ နောက်တစ်ခုက ဂျီနိုဆိုက်ဆိုတဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်နေတယ်ဆိုတဲ့ UN Fact Finding mission ကလည်း ပြောထားပြီးပြီ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ဂျီနိုဆိုက်ကို လက်ခံသလား။ ဒါတွေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ရိုဟင်ဂျာပြည်သူအားလုံးကို ပြောဖို့ လိုပါလိမ့်မယ်လို့ ပြောချင်ပါတယ်။ ”
ဒီတွေ့ဆုံပွဲအကြောင်း NUG ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ‘လူမျိုးတုံးသတ်ဖြတ်မှု’ ဆိုတဲ့ အသုံးအနှုန်းကို မသုံးဘဲ NUG ယာယီသမ္မတ သမ္မတ ဒူဝါလရှီးလက အမှာစကား ပြောရာမှာ ‘မြန်မာစစ်တပ်အနေနဲ့ ရိုဟင်ဂျာပြည်သူများ ပျောက်ပျက်သွားစေဖို့အတွက် အကြမ်းဖက်ကျူးလွန်မှုတွေကြောင့် ရိုဟင်ဂျာပြည်သူ တစ်သန်းကျော်ဟာ ရွှေ့ပြောင်းဒုက္ခသည်ဖြစ်ခဲ့ရပြီး အခုအချိန်ထိ အိုးမဲ့အိမ်မဲ့ ဖြစ်နေရဆဲဖြစ်တဲ့အတွက် အထူးစိတ်မကောင်းဖြစ်ရပါတယ်’ လို့ ပြောကြားခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။
ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ တန်ခါလီဒုက္ခသည်စခန်းက ကိုခင်မောင်ကတော့ တရားဝင် နိုင်ငံရေးဆွေးနွေးပွဲ မဟုတ်တဲ့အတွက် NUG အစိုးရအဖွဲ့ဆီက ခိုင်မာတဲ့ ကတိကဝတ် အာမခံချက်တစ်ခုခု ရခဲ့တယ်လို့ မထင်တဲ့အကြောင်း ပြောပါတယ်။
“ကျွန်တော်တို့ ဒုက္ခသည်စခန်းမှာ နေနေရတာ ငါးနှစ်ကျော်နေပါပြီ။ ကျွန်တော်တို့ရဲ့ ခံစားချက်ကို သိရအောင်လို့ သူတို့က ဆွေးနွေးပွဲကို လုပ်ရခြင်း ဖြစ်တယ်။ အဓိကက NUCC က ဘာတွေ တောင်းဆိုနေတာလဲ ဆိုတာကို အသေးစိတ် တင်ပြခဲ့တာလည်း ရှိတယ်။ ဒါက NUG နဲ့ ကျွန်တော်တို့နဲ့ political discussion လုပ်နေတဲ့ ပုံစံမဟုတ်ပဲနဲ့ informal discussion တစ်ခုပါ။ Informal discussion ဆိုတာက သူတို့က ကျွန်တော်တို့ရဲ့ ခံစားချက်ကို သိအောင် တွေ့ဆုံမှုအနေနဲ့ လုပ်ခဲ့တာပါ။ ဒီအထဲမှာ အခိုင်အမာ ကတိကဝတ် အာမခံချက်ရခဲ့တာ မရှိဘူး။ ကျွန်တော်တို့ မေးနေတဲ့ မေးခွန်းတိုင်းကိုလည်း သူတို့ဖြေဆိုခဲ့တာ မရှိဘူး။ ဖြေဆိုနိုင်အောင် သူတို့ကို အတင်းဖိအားပေးခဲ့တာလည်း မရှိဘူး။ သူတို့ကလည်း ကျွန်တော်တို့ကို လေးလေးစားစား ဆက်ဆံတယ်။ ကျွန်တော်တို့ကလည်း သူတို့ကို လေးလေးစားစား ဆက်ဆံတယ်။ အဲဒီလိုပုံစံနဲ့ လုပ်ခဲ့တာပါ”
ကိုခင်မောင်က NUG အစိုးရရဲ့ ရည်မှန်းချက်တစ်ခု ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု အကောင်အထည်ပေါ်လာတဲ့အခါ ရိုဟင်ဂျာတွေကို ဘယ်လိုပုံစံနဲ့ နေရာပေးမှာလဲဆိုတဲ့ မေခွန်းကို မေးခဲ့ပေမယ့်၊ NUG အစိုးရတာဝန်ရှိသူတွေက တိတိကျကျဖြေကြားခဲ့ခြင်းမရှိဘဲ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ သဘောထားအမှန်ကို သိရတဲ့အတွက် ကျေးဇူးတင်ကြောင်းပဲ ပြန်လည်ဖြေကြားခဲ့တယ်လို့ သူက ပြောပါတယ်။
သြဂုတ်လ ၂၉ ရက်က ထုတ်ပြန်တဲ့ NUG ရဲ့ ကြေငြာချက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ခွဲခြားဆက်ဆံမှုတွေဖြစ်စေတဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေအပါအဝင် အခြားဖိနှိပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့၊ ပြင်ဆင်ဖို့၊ အစားထိုးဖို့ကိုလည်း ကတိကဝတ်ပြုထားပြီးဖြစ်ကြောင်း၊ ရိုဟင်ဂျာပြည်သူတွေ၊ တိုင်းရင်းသား လူမျိုးအဖွဲ့အစည်းတွေ၊ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်နေပြီး ရိုဟင်ဂျာတွေ အိမ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ဖို့ ကတိကဝတ်ပြုထားကြောင်း ဖော်ပြထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ အမှန်တကယ် အာဏာမရခင်မှာ ရိုဟင်ဂျာတွေအတွက် လုပ်ပေးနိုင်တာတွေ ရှိပေမယ့်၊ အမှန်တကယ်မလုပ်သေးတာကြောင့် အားမရဘူးလို့ ပြောပါတယ်။
“ဒါက ကောင်းပါတယ်။ အစဉ်အလာတစ်ခု ဖြစ်သွားရင်တော့ ကောင်းတာပေါ့။ ဒီတွေ့ဆုံဆွေးနွေးပွဲကို လေ့လာကြည့်လိုက်တော့ ဒီရိုဟင်ဂျာတွေကို တန်းတူညီမျှမှုပေးဖို့ ကြိုးပမ်းနေတာ၊ ကြိုးစားနေတာတွေပဲ ပြောတာတွေ့ရတယ်။ ဒါကတော့ ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်ပေါ့။ ဒါပေမယ့် အခု ပူပူနွေးနွေး လုပ်ပေးနိုင်တဲ့၊ NUG အစိုးရက အာဏာမရခင်မှာပဲ လုပ်ပေးလို့ရတာတွေ ရှိတယ်။ အဲဒါက ရိုဟင်ဂျာလူမျိုးစုကို မြန်မာနိုင်ငံထဲမှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးစု အဖြစ် အသိအမှတ်ပြုလို့ရတယ်။ NUG အစိုးရ မှာ လွှတ်တော်လည်း ရှိနေတယ်။ အစိုးရအဖွဲ့လည်း ရှိနေတယ်။ သူတို့က တရားဝင်အသိအမှတ်ပြုတာကို လွှတ်တော်ကနေ ဆုံးဖြတ်ပြီး နိုင်ငံတော် ယာယီသမ္မတက ထုတ်ပြန်ကြေညာလို့ ရတယ်။ အဲဒါကို ထုတ်ပြန်ကြေညာထားတာလည်း မတွေ့ရဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ဖျက်သိမ်းတယ်လို့လည်း မပြောသေးဘူး။ ကြိုးစားမယ်လို့ပဲ ပြောတဲ့သဘော။ ဒါ တစ်ချက် ကျွန်တော်က အားမရဘူးပေါ့။ နောက်တစ်ချက်က ပိုပြီးအရေးကြီးတာက အခု သြဂုတ်လ ၂၅ရက်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု နှစ်ပတ်လည်နေ့ ဖြစ်တယ်။ NUG အစိုးရ အဖွဲ့ဝန်ကြီးတွေကော၊ သမ္မတတွေကော၊ ဝန်ကြီးချုပ်တွေက ထုတ်ပြန်တဲ့ statement တွေကို ကြည့်တဲ့အခါမှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ ဝေါဟာရကို သုံးနှုန်းဖို့ ချီတုံချတုံ ဖြစ်နေတာ တွေ့ရတယ်။ ပျောက်ပျက်သွားအောင်လို့ပဲ မြန်မာလို သုံးနှုန်းထားတယ်။ ဒါက ဂျီနိုဆိုက်ဆိုတာထက်စာရင် အားပျော့သွားတယ်ပေါ့နော်။ ဒီလို အချက်တွေက အားမရတာ ရှိပါတယ်။ ဒါပေမယ့်လည်း အခုက အစပထမဖြစ်တဲ့အတွက် သူတို့က ခြေတစ်လှမ်းချင်းလှမ်းနေတဲ့ ပုံလို့ မြင်တယ်။ နောက်ပိုင်းမှာ ဘယ်လိုထိတွေ့ဆက်ဆံမှုတွေ ဆက်လုပ်ပြီး ဘယ်လို အခြေအနေတွေ ဖြစ်ပေါ်အောင် ဆက်လုပ်မလဲ ဆိုတာကတော့ ဆက်ပြီး စောင့်ကြည့်ရမယ့် အနေအထားပါ“
တန်ခါလီ ဒုက္ခသည်စခန်းက ကိုခင်မောင်ကတော့ အဲဒီနေ့က တွေ့ဆုံမှုဟာ ကျေနပ်လောက်တဲ့အဆင့်မရှိသေးပေမယ့်၊ ရိုဟင်ဂျာဒုက္ခသည်တွေကို လေးလေးစားစား တွေ့ဆုံခဲ့တဲ့အတွက် NUG အစိုးရအဖွဲ့ဝင်တွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
“ကျေနပ်လောက်တဲ့အထိတော့ မရောက်သေးဘူး။ ဒါက informal နဲ့ friendly discussion ပါ။ ကျွန်တော်တို့ နောက်ထပ်လည်း အများကြီးလုပ်ရမှာပါ။ ဒါပေမယ့် သူတို့ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ဝန်ကြီးချုပ်နဲ့ သမ္မတကိုယ်တိုင် ကျွန်တော်တို့ အသံကို နှစ်နာရီနီးပါး သေသေချာချာ နားထောင်တာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ကျေနပ်လောက်တဲ့ အဆင့်အထိရောက်ဖို့ ဆိုတာ နောက်ထပ် အများကြီး ဆွေးနွေးရမှာပါ။ အခုအထိတော့ ဘာတစ်ခုမှ အာမခံချက်မှ ရခဲ့တာ မရှိဘူး။ ကျွန်တော်တို့ ဒီအတိုင်းဆက်လက်လုပ်ဆောင်နိုင်မယ် ဆိုရင် သဘောတူညီချက်၊ အာမခံချက်တစ်ခုခု ရကောင်းရနိုင်တယိလို့ ကျွန်တော်တို့ ယုံကြည်လို့ရပါတယ်။ ”
အဲဒီနေ့က တွေ့ဆုံပွဲမှာ ရိုဟင်ဂျာတွေဟာ သီးခြားနိုင်ငံအဖြစ် ခွဲထွက်ဖို့ ဒါမှမဟုတ် သီးခြားပြည်နယ် တောင်းဆိုဖို့ ဆန္ဒမရှိကြောင်း သံသယကင်းရှင်းအောင် ရှင်းပြနိုင်ခဲ့တာဟာလည်း အကျိုးအမြတ်ရှိခဲ့တယ်လို့ ကိုခင်မောင်က ပြောပါတယ်။