NUG အစိုးရ ရေဒီယိုအသံလွှင့်အစီအစဉ် စမ်းသပ်ထုတ်လွှင့်
2021.08.25
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ သြဂုတ်လ ၂၀ ရက်နေ့က စတင်ပြီး ရေဒီယို NUG အသံလွှင့် အစီအစဉ်ကို စမ်းသပ်တဲ့အနေနဲ့ မနက် ၈ နာရီနဲ့ ည ၈ နာရီတို့မှာ လှိုင်းတိုမီတာ ၁၆/ မက်ဂါဟက်ဇ် ၁၇.၇၁ ကနေ စမ်းသပ်ထုတ်လွှင့်ခဲ့ပါတယ်။
အရေးပေါ်အခြေအနေ တစ်ခုခုကြုံလာတဲ့အခါ စစ်ကောင်စီဘက်က ဆက်သွယ်ရေး လမ်းကြောင်းတွေဖြစ်တဲ့ ဖုန်း၊ အင်တာနက်လိုင်းတွေကို ဖြတ်တောက်လိုက်မယ်ဆိုရင် ရေဒီယိုကနေ တစ်ဆင့် ပြည်သူတွေ၊ PDF တွေနဲ့ NUG ရဲ့ မဟာမိတ် အဖွဲ့အစည်းတွေဆီ သတင်းတွေ ပါးနိုင်ဖို့ ဒီအစီအစဉ်ကို လုပ်ရတာလို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က RFA နဲ့ မေးမြန်းခန်း အစီအစဉ်မှာ ပြောထားပါတယ်။
အဲဒီ ရေဒီယိုအစီအစဉ်ကြောင့် ပြည်တွင်းမှာ ရေဒီယိုတွေ ကြိုတင်ဝယ်ယူထားကြလို့ ရောင်းအားကောင်းသလို Radio NUG ရေဒီယိုလိုင်း စမ်းသပ်ထုတ်လွှင့်ပြီး နောက်နေ့ သြဂုတ် ၂၁ ရက်မှာ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက တရားဝင် ထုတ်လွှင့်ခွင့်ပြုထားတဲ့ ရေဒီယိုလိုင်း မဟုတ်ကြောင်းနဲ့၊ ခွင့်ပြုချက်မရဘဲ လုပ်တာ၊ ထောက်ပံ့ကူညီတာတွေ လုပ်မယ်ဆိုရင် တည်ဆဲဥပဒေတွေအရ အရေးယူမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ NUG ရဲ့ ဘယ်လှုပ်ရှားမှုကိုမဆို နောက်ကနေ လိုက်ပြီးနှောင့်ယှက်သလို လူထု ကိုလည်း ခြိမ်းခြောက်တာပဲလို့ ယူဆကြောင်း သပိတ်ဦးဆောင်သူ လူငယ်လည်းဖြစ် တက္ကသိုလ် ကျောင်းသား ဟောင်းများ အင်အားစုအဖွဲ့ဝင်လည်းဖြစ်တဲ့ ကိုနန်းလင်းက ပြောပါတယ်။
“စကစဘက်က အဲဒီလို ထုတ်ပြန်လာတာနဲ့ ပတ်သက်ပြီး ဂျပန်ခေတ်က ဖတ်ခဲ့ရ ကြားခဲ့ရ သိခဲ့ရတာတွေ ကို မြင်မိတယ် အဲဒီတုန်းက ရေဒီယိုတွေဖွက်ပြီး နားထောင်ရတယ်ဆိုတာမျိုး ကြားဖူးတယ် စစ်ကောင်စီ ကိုယ်တိုင်လည်း ဖက်ဆစ်လို အကြမ်းဖက် ဖက်ဆစ်လို ဖြစ်လာတယ်လို့ မြင်တယ် စကစ က NUG ကို ရေပေါ်အစိုးရ လေလှိုင်းအစိုးရလို့ ပြောသော်ငြားလည်းပဲ NUG ရဲ့ ဆောင်ရွက်မှုတိုင်းတွေကို တန်ပြန် ပြီးတော့ ကလေးကလားဆန်ဆန် ပြန်တုံ့ပြန်တာတွေကို တွေ့ရတယ် D Day ဆိုလည်း D Day မို့ သူတို့ ဘက်က ပြန်တုံ့ပြန်တာမျိုး ကိစ္စတိုင်းကို လိုက်တုံ့ပြန်နေတယ် အခု ရေဒီယိုကိစ္စမှာလည်း လူထုကို ခြိမ်းခြောက်တာပေါ့ ရေဒီယိုတွေ ဝယ်လိုအားတက်သွားတယ် ဆိုတာမျိုးတွေ တွေ့ရတယ် တကယ့် တကယ်က လူထုတစ်ရပ်လုံးက စကစရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေ အချိန်မရွေး ကြုံရနိုင်တယ် ပြည်သူတွေရဲ့ လုံခြုံရေးမပေးနိုင်ဘူး ရေဒီယိုကိစ္စလည်း ဒီလိုပဲပေါ့ဗျာ’’
NUG ရေဒီယို စမ်းသပ်ထုတ်လွှင့်ချိန် ကာလအတွင်း ရေဒီယိုနားထောင်သူတွေကို စစ်ကောင်စီဘက်က ဖမ်းဆီး အရေးယူတာမျိုးတွေတော့ မကြားသိရသေးပါဘူး။
သြဂုတ်လ ၂၀ ရက်နေ့ကစပြီး ကချင်ပြည်နယ် ဖားကန့်မြို့နယ်တစ်ဝိုက်မှာ စစ်ကောင်စီကနေ MyTel၊ MPT၊ Telenor၊ Ooredoo အော်ပရေတာ လေးခုစလုံး အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားလို့ ဒေသခံတွေ လည်း သတင်းအချက်အလက်တွေ ပြတ်တောက်ခဲ့ရတာ ဒီနေ့အထိ ဖြစ်ပါတယ်။

အင်တာနက် ဖြတ်တောက်ထားသလို ဖားကန့်မြို့တွင်းမှာ စစ်ကောင်စီတပ်သားတွေ အလုံးအရင်းနဲ့ ဝင်ထွက် သွားလာနေပြီး နောက်ပိုင်း စစ်ပွဲတွေ ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တုန်းကလည်း ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ ကစပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက ၈ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး စစ်တပ်က ရက္ခိုင့်တပ်တော် (AA) ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။
အဲဒါဟာ ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် သုံးရက်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ အင်တာနက်လိုင်း တွေ ပြန်ဖွင့်ပေးခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက အဲဒီအချိန်ကာလအတွင်း ရခိုင်ပြည်နယ်ထဲမှာ အင်တာနက်လိုင်းတွေ မရခဲ့လို့ အခက်အခဲတွေ ကြုံခဲ့ရပုံတွေကို ပြောပြပါတယ်။
“အင်တာနက်ဖြတ်တဲ့အချိန် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အချိန် တိုက်ပွဲ ဖြစ်တဲ့အချိန် အပြင်လည်း မထွက်ရဲဘူးဆိုတော့ မြို့အစမှာဖြစ်နေတာကို မြို့ထဲက ချက်ခြင်းမသိရတဲ့ အခြေအနေမျိုးမှာပေါ့ ချက်ခြင်းဖြေရှင်းရမယ့် ကိစ္စတွေ အချိန်နှောင်းမှ သိရတဲ့အခါ မလိုလားတဲ့ နစ်နာ ခဲ့ရတာတွေရှိတယ် တစ်ချိန်တည်းမှာ ကိုဗစ်ကူးစက်နှုန်း မြန်ဆန်နေတဲ့အချိန်မှာ ကိုယ့်မြို့နယ်ထဲမှာ ဖြစ်နေတာတောင်မှ မသိရတဲ့ အနေအထားမျိုးတွေပေါ့ဗျာ မြန်မာနိုင်ငံမှာ ဘယ်အထိဖြစ်နေပြီလဲ ဒီရောဂါ ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတဲ့ထုတ်ပြန်ချက်မျိုးတွေ ပညာပေးတာမျိုးတွေကို ကျွန်တော်တို့ ဘက်ကလူတွေ သိပ်မသိခဲ့ကြရဘူး တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ရခိုင်မှာ လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းတွေ ဖြတ်ခဲ့တယ် ကျန်းမာရေးကိစ္စတွေ နစ်နာခဲ့တယ် ပညာရေးပိုင်းတွေ အခက်အခဲတွေ ကြုံခဲ့ရတယ် စီးပွားရေးနဲ့ပတ်သက်ပြီး နစ်နာမှုတွေရှိခဲ့တယ် ’’
မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ထင်ရှားခဲ့တဲ့ ရှစ်လေးလုံး အရေးအခင်း၊ ရွှေဝါရောင် အရေးတော်ပုံ စတဲ့ အရေးအခင်းတွေအပြင် နာဂစ်မုန်တိုင်းတိုက်ခတ်စဉ် ကာလတွေတုန်းကဆိုရင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း တွေ ဒီဘက်ခေတ်မှာလို မတွင်ကျယ်သေးချိန်မှာ RFA၊ BBC၊ VOA စတဲ့ ပြည်ပအခြေစိုက် သတင်းဌာနတွေက မြန်မာဘာသာနဲ့ ထုတ်လွှင့်ခဲ့တာကို ရေဒီယိုကတစ်ဆင့် နားထောင်ရင်း သတင်းအချက်အလက်တွေ ရယူ ခဲ့ရပါတယ်။
"ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ NUG ကနေ ရေဒီယို လိုင်းတွေက သူတို့ဖြတ်လို့ မရဘူးလေ"
အဲဒီသတင်းဌာနတွေလည်း လက်ရှိထုတ်လွှင့်နေဆဲဖြစ်လို့ NUG ရဲ့ ရေဒီယိုအစီအစဉ်က တကယ်ရော လိုအပ် ရဲ့လားလို့ တိုင်းရင်းသား နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးက ထောက်ပြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သြဂုတ် ၂၄ ရက် မနေ့က NUG သတင်းစာရှင်းလင်းပွဲမှာ ရေဒီယိုထုတ်လွှင့်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ပါတယ်။
“ကျွန်တော်တို့ ပိုမိုကောင်းမွန်တဲ့ စမ်းသပ်ထုတ်လွှင့်မှုဖြစ်အောင် အစွမ်းကုန် ကြိုးစားနေပါတယ် လာမယ့် ၂၅ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်မံစမ်းသပ် ထုတ်လွှင့်သွားပါမယ် နောက်ပိုင်းမှာ မနက် တစ်ကြိမ် ည တစ်ကြိမ် ပုံမှန်ထုတ်လွှင့်သွားဖို့ ရည်ရွယ်ထားပါတယ် မလုံလောက်ရင်လည်း နေ့လယ် တစ်ကြိမ် တိုးပြီး ထုတ်လွှင့်ပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တကယ်တမ်းတော့ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာတွေရဲ့ သတင်းဆောင်ရွက်မှုတွေကို လေးစားပါတယ် လက်ရှိအချိန်မှာ စစ်ကောင်စီက ရက်ရက်စက်စက် ဖိနှိပ်ချုပ်ချယ်နေတဲ့ အချိန်ဖြစ်လို့ အထူးသဖြင့် ပြည်သူလူထုနဲ့ အဆက်အသွယ် မပြတ်ရအောင် ဆောင်ရွက်ခြင်းဖြစ်တယ်ဆိုတာ ပြောပြချင်ပါတယ်’’
NUG ရဲ့ ရေဒီယိုထုတ်လွှင့်မယ့် အစီအစဉ်ဟာ ပြည်သူတွေအတွက် လက်တွေ့တကယ် အသုံးကျလာနိုင် လိမ့်မယ်လို့ယူဆကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အခုလို သုံးသပ်ပါတယ်။
“မြို့ပြတိုက်ပွဲတွေ ပြင်းထန်လာမယ် PDF တွေ လှုပ်ရှားမှုတွေဟာ စုစည်းမှုနဲ့ တုံ့ပြန်တိုက်ခိုက်မှု ပြင်းထန် လာမယ် အဲဒီအပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ဦးဆောင်ပြီး လှုပ်ရှားလာမယ် ဆိုတော့ အဲတော့ဘာလုပ်မလဲဆိုတော့ အင်တာနက် ဖြတ်တောက်တာတွေ နိုင်ငံတကာ သတင်းမီဒီယာ တွေ သတင်းမယူနိုင်အောင် အလားအလာတွေရှိတယ် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ NUG ကနေ ရေဒီယို လိုင်းတွေက သူတို့ဖြတ်လို့ မရဘူးလေ ရှစ်လေးလုံးကာလက ခရစ်စတိုဖာဂန်းနစ်တို့ ပေးခဲ့တဲ့ သတင်း တွေနဲ့ ကမ္ဘာကြီးဟာ မြန်မာပြည်အကြောင်း သိခွင့်ရခဲ့ရတယ်။ မြန်မာပြည်အကြောင်းကို ပိုပြီးတော့ နက်ရှိုင်းစွာသိဖို့ နောက် သူတို့ရဲ့တိုက်ပွဲအခြေအနေ သတင်းပေးဖို့အတွက် ကွင်းဆက်ပြတ်မသွားဖို့ အရေးကြီးတယ်’’
NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်ကောင်စီကို တိုက်ခိုက်ဖို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဆိုပြီး ဖွဲ့စည်းထားထားသလို ဖက်ဒရယ်တပ်မတော်ရဲ့ ရှေ့ပြေးအဖြစ်လည်း သတ်မှတ်ထားပါတယ်။
မြေပြင်တိုက်ပွဲ စတင်ဖို့ နေ့ရက် သတ်မှတ်နိုင်ရေးအတွက် NUG အစိုးရ အဖွဲ့အစည်းအဝေးမှာ သတ်မှတ်မယ် ဆိုတာကိုလည်း မကြာသေးခင်ရက်ပိုင်းက NUG က သတင်းထုတ်ပြန်ထားပါတယ်။
NUG အစိုးရအဖွဲ့ဟာ သံတမန်နည်းလမ်းအရ နိုင်ငံတကာက လက်ခံလာအောင် အားထုတ်ကြိုးပမ်း နေတာတွေ၊ မြေပြင်မှာစစ်ရေးအရ တိုက်ပွဲဝင်ဖို့ ကြိုးပမ်းနေတာတွေကို ရေဒီယိုကနေ တစ်ဆင့် ပြည်သူ တွေကို အသိပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတာလည်း ဖြစ်ပါတယ်။
ပြည်သူတွေဘက်ကလည်း အင်တာနက်၊ ဖုန်း စတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ မရတော့တဲ့အချိန် ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ပါဝင်လှုပ်ရှားမယ်ဆိုတာကို ရေဒီယိုကနေရတဲ့ သတင်းအချက်အလက်တွေ အပေါ် မူတည်ပြီး လုပ်ကိုင်နိုင်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။