စစ်ကောင်စီ ကပစ စက်ရုံတွေကို NUG ပစ်မှတ်ထားတိုက်ခိုက်

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.04.18
စစ်ကောင်စီ ကပစ စက်ရုံတွေကို NUG ပစ်မှတ်ထားတိုက်ခိုက် မကွေးတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။
Citizen Journalist

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမရွာမှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အမှတ် ၂၁ ကပစ၊ ကာကွယ်ရေးပစ္စည်းစက်ရုံကို ဧပြီလ ၁၆ ရက်နေ့မှာ တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

NUG လက်အောက်ခံ မင်းဘူးခရိုင် အမှတ်(၁) တပ်ရင်းနဲ့ ဒေသခံတပ်ရင်းတွေ ပူးပေါင်းပြီး ရှော့တိုက်ဒုံးတွေ၊ Rocket လောင်ချာတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ NUG က ဧပြီလ ၁၈ ရက်နေ့ မနေ့က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှု မတိုင်ခင် ပြီးခဲ့တဲ့ တစ်ပတ်ကလည်း အမှတ် ၂၂ ကပစ စက်ရုံကို သွယ်တန်းတဲ့ ဓာတ်အားလိုင်းကို NUG လက်အောက်ခံ PDF တပ်တွေနဲ့ဒေသခံ PDF နဲ့ ပကဖတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တစ်ပတ်အတွင်း ကပစစက်ရုံ အမှတ် ၂၁ နဲ့ ၂၂ စက်ရုံ နှစ်ရုံ ပစ်မှတ်ထားတိုက်ခိုက်ခံရတာဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေမှာပါဝင်ခဲ့တဲ့ NUG လက်အောက်ခံ ပခုက္ကူခရိုင် အမှတ် (၁၉) တပ်ရင်းမှူး ကိုပိုင်က RFA ကို အခုလိုပြောပါတယ်။

"ကပစက လက်နက်ပစ္စည်းတွေ ထုတ်တာများတယ်။ အမှတ် ၂၁ ဆို မီးလောင်ဗုံးတွေ ထုတ်နေပြီလို့ သတင်းရတယ်။ ကျွန်တော်တို့ မြို့နယ်မှာ ကပစက နှစ်ရုံးရှိတယ်။ ၂၁ ရယ်၊ ၂၂ ရယ်။ ၂၂ ကတော့ လေကြောင်းပစ္စည်းတွေ ထုတ်တယ်။ လေယာဉ်ပစ်လက်နက်တွေ ထုတ်တယ်။ ဒါကြောင့် ကပစတွေကို ဦးတည်တိုက်ခိုက်ရတာ၊ မီးမရှိရင် ဘာမှလုပ်လို့မရဘူးလေ၊ ဒါကြောင့် မီးတိုင်ကို ဦးတည်တိုက်ခိုက်တာ"

အဲဒီ အမှတ် ၂၂ ကပစရဲ့ ဓာတ်အားလိုင်းကို ဖောက်ခွဲချိန်မှာ စစ်ကောင်စီဘက်က ၁၅ ယောက်လောက်ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ နှစ်ယောက် သေဆုံးသွားတယ်လို့ သူကပြောပါတယ်။

အမှတ် ၂၁ ကပစစက်ရုံတိုက်ခိုက်မှုမှာတော့ စက်ရုံအတွင်းထဲ ကျရောက်ပေါက်ကွဲတယ်ဆိုတာသာ ပြောနိုင်ပြီး၊ ဘယ်လောက်ထိခိုက်ပျက်စီးတာ ရှိခဲ့လဲဆိုတာကိုတော့ NUG ကာကွယ်ရေးဌာနက ထုတ်ပြန်ပြောဆိုနိုင်ခြင်းမရှိပါဘူး။

ဧပြီလ ၁၁ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် ပဇီကြီးရွာမှာ လူပေါင်း ၂ဝဝ လောက် သေဆုံးခဲ့ရပြီးနောက်ပိုင်း စစ်အာဏာဆန့်ကျင်ရေး လက်နက်ကိုင်တော်လှန်နေတဲ့ PDF တွေဘက်ကလည်း တိုက်ခိုက်မှုတွေ အရှိန်တိုးမြှင့်လာနေတာပါ။

ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက စစ်ကောင်စီရဲ့ တာဝါတိုင်ကုန်းကို PDF တပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီး၊ လက်နက်ပစ္စည်းတွေလည်းရခဲ့ပါတယ်။

ယင်းမာပင်ခရိုင် PDF တပ်ရင်း(၁)နဲ့ ဒေသခံ PDF တပ်တွေ ပူးပေါင်းတိုက်ခဲ့တာပါ။ အဲဒီစခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး ကနီဒေသခံတစ်ဦး ပြောပြတာက ....

"အဲဒီစခန်းဟာ မုံရွာ- ကလေးဝ ကားလမ်းမှာ စစ်ကောင်စီအတွက် မဟာဗျူဟာကျတဲ့စခန်းပေါ့ဗျာ။ အဓိကက ဆက်သွယ်ရေးကေဘယ် ကွန်ရက်ရှိတဲ့စခန်းပေါ့။ ရထားတဲ့သတင်းတွေအရ စစ်ကိုင်းတိုင်းကို သင်္ကြန်ပြီးရင် လေကြောင်းတိုးမြှင့်တာတွေ လုပ်မယ်ဆိုတော့ အခု မဟာဗျူဟာကျတဲ့ ဆက်သွယ်ရေးကုန်းကို သိမ်းလိုက်တဲ့အတွက် သတိထားရမဲ့ အနေအထားရှိတယ်"

အဲဒီနေ့က တိုက်ခိုက်မှုကြောင့် PDF ဘက်က အသက် ၂၃ နှစ်အရွယ် ကိုအောင်ချမ်းငြိမ်း သေဆုံးသွားပြီး ၁၆ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ MA သေနတ်တွေ၊ ပြောင်းတို ပြောင်းရှည်သေနတ်တွေ၊ ဗုံးသီးအလုံး ၁၅ဝ ကျော်၊ မိုင်းအလုံး ၁ဝဝ နီးပါးနဲ့ ကျည်တောင့် အတောင့်ကိုးထောင်ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ NUG ဘက်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲဒီစခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်လို့ ထုတ်ပြန်တာမရှိသေးပါဘူး။ NUG ပြောခွင့်ရသူ ဦးနေဘုန်းလတ်က တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာနေပြီလို့ RFA ကို မနေ့ညပိုင်းက ပြောပါတယ်။

"One Year Plan ရဲ့ Phase 2 ပေါ့နော်။ မဟာဗျူဟာကျတဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခြင်းပေါ့၊ နောက်တစ်ခုက Coordinated attack ပေါ့ဗျာ၊ ဟိုနေရာတစ်ခု ဒီနေရာတစ်ခု တိုက်တာထက် တိုင်းရင်းသားအင်အားစုတွေရော၊ တော်လှန်ရေးအင်အားစုတွေရော တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်တဲ့ Coordinated attack လုပ်ဖို့ရှိပါတယ်။ အသေးစိတ်တော့ ပြောလို့မရပါဘူး။ One Year Plan ထဲမှာ ပါတဲ့အတိုင်း လုပ်နေတာရှိပါတယ်"

kani.jpg
၂ဝ၂၃ ခုနှစ် ဧပြီ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်း ကနီမြို့နယ်က စစ်ကောင်စီ တာဝါတိုင်စခန်းကုန်းကို တိုက်ခိုက်ခဲ့အပြီး သိမ်းဆည်းရမိသော လက်နက်များ။ (Photo: NUG MOD)

ရှေ့လျှောက်ရော ဒီလိုအဓိကကျတဲ့နေရာတွေကို ထိုးစစ်ဆင်တာတွေ ရှိလာမလား။

"တစ်ခါတုန်းက ကျွန်တော်တို့ ခုခံကာကွယ်စစ် Defensive War ဆိုပြီး သုံးနှုန်းခဲ့တာရှိပါတယ်။ အခုနောက်ပိုင်းတော့ ကာကွယ်တဲ့ အဆင့်ထက်ပိုတဲ့ အကြိုထိုးစစ်ဆိုတာမျိုး တိုက်ပွဲတွေဖော်ဆောင်ပြီး တချို့စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်တာတွေရှိလာနေပါတယ်။ ရှေ့လျှောက်လည်း အကြိုထိုးစစ်ဆိုတာထက် ကိုယ့်ဘက်ကစ ထိုးစစ်ဆင်တဲ့ စစ်ဆင်မှုတွေ ရည်မှန်းထားတာ ရှိပါတယ်"

ကပစစက်ရုံတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို မေးမြန်းဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီ RFA က ဖုန်းဆက်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

စစ်ကောင်စီလက်အောက်မှာ အလုပ်ဆက်မလုပ်နိုင်လို့ စစ်တပ်က စွန့်ခွာပြီး ပြည်သူနဲ့ ပူးပေါင်းလာတဲ့ CDM ဗိုလ်ကြီးကောင်းသူဝင်းကတော့ ... မြန်မာပြည်အလယ်ပိုင်းမှာရှိတဲ့ စစ်ကောင်စီစခန်းအကြီးကြီးတွေကို တိုက်တာထက် နယ်စပ်ဒေသတွေကနေ တစ်ဆင့်ချင်း ထိုးစစ်ဆင်ဖို့ လိုတယ်လို့ အကြံပြုပါတယ်။

"နယ်စပ်စခန်းက တပ်ကုန်းတွေ အရင်ဖြိုဖျက်ရမယ်။ ဖြိုပြီးရင် နယ်စပ်မြို့တွေကို သိမ်းနိုင်သလောက်သိမ်းရမယ်။ အဲဒါပြီးတော့မှ အတွင်းကို ဖြည်းဖြည်းစီဝင်ရမယ်။ တစ်နေရာတည်း အနောက်ဆိုအနောက်၊ အရှေ့ဆို အရှေ့တစ်နေရာတည်းကတော့ ဝင်လို့မရဘူး။ NUG တင်မကဘူး။ EAOs တွေနဲ့ပေါင်းပြီး တချိန်တည်းတစ်ပြိုင်တည်း တိုက်ခိုက်ဝင်ရမယ်။ အဲဒီလိုဝင်နိုင်မှ စစ်ကောင်စီရဲ့လေတပ်ကလည်း တစ်နေရာတည်း ကွက်နေတာမျိုး မဟုတ်ဘဲ ဟိုဘက်သွား၊ ဒီဘက်သွားဆိုမှ သူတို့တိုက်ခိုက်မှု လျှော့သွားမယ်။ မဟုတ်ရင်တော့ တစ်နေရာတည်းကို လာတိုက်တာမျိုး ဖြစ်နေဦးမယ်"

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ လက်ရှိနယ်မြေဒေသ ၅ဝ ရာခိုင်နှုန်းလောက်ကို စိုးမိုးထားနိုင်ပြီလို့ ပြောဆိုထားပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NUG၊ PDF အဖွဲ့တွေနဲ့ သူတို့ကို ကူညီပံ့ပိုးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ ပြောထားသလို၊ NUG အမျိုးသားညီညွတ်ရေးအစိုးရဘက်ကလည်း ဒီနှစ်အတွင်း စီမံကိန်းချထိုးစစ်ဆင်တာတွေ လုပ်မယ်လို့ဆိုထားတာကြောင့် ရှေ့လျှောက် တိုက်ပွဲတွေပြင်းထန်မယ့် အလားအလာရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။