စစ်အာဏာရှင် ဖြုတ်ချရေး တစ်နိုင်ငံလုံးတော်လှန်ဖို့ NUG တိုက်ပွဲခေါ်

အာဏာကို အဓမ္မရယူထားတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး အပြီးတိုင်ဖျက်သိမ်းရေး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံတော်လှန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က ဒီကနေ့ စက်တင်ဘာ ၇ ရက်နေ့မှာ တစ်နိုင်ငံလုံးကို တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တွေ့ရစဥ် Photo: NUG

အာဏာကို အဓမ္မရယူထားတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး အပြီးတိုင်ဖျက်သိမ်းရေး တစ်နိုင်ငံ လုံး အတိုင်းအတာနဲ့ ခုခံတော်လှန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က ဒီကနေ့ စက်တင်ဘာ ၇ ရက်နေ့မှာ တစ်နိုင်ငံလုံးကို တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ၇ လကျော်အကြာ ဒီကနေ့ စက်တင်ဘာ ၇ ရက်နေ့မှာ  အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က စစ်ကောင်စီဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လက်နက်အားကိုးနဲ့ အဓမ္မသိမ်းပိုက်ထားရုံမက ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အကြမ်းဖက်နေတာကြောင့် စစ်အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံး အပြီးတိုင်ဖျက်သိမ်းရေး တစ်နိုင်ငံလုံး ခုခံတော်လှန်ကြဖို့ ဗီဒီယိုမိန့်ခွန်းကတဆင့် တိုက်တွန်းလိုက်ပါတယ်။

ပြည်သူလူထုအနေနဲ့ စစ်ကောင်စီကို  သည်းခံနေလည်း အကျိုးမထူးတာကြောင့် နည်းလမ်းမျိုးစုံနဲ့ ခုခံဆန့်ကျင်နေပြီဖြစ်လို့ NUG အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့  အခုလို တိုက်တွန်းရတာဆိုပြီး ညွှန်ကြားချက် ၁၄ ချက်ပါတဲ့ အရေးပေါ်မိန့်ခွန်းကို  ယာယီသမ္မတ ဒူဝါလရှီးလ က ဒီကနေ့ပြောခဲ့တာပါ။

 “(၁) ဒီနေ့ စက်တင်ဘာလ ရက်၊ တော်သလင်း လဆန်း ရက်မှစ၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူတို့၏ ခုခံတွန်းလှန်စစ်သည် စတင်နေပြီဖြစ်သည်။ ဤတော်လှန်ရေးသည် ပြည်သူလူထု၏ တော်လှန်ရေးဖြစ်သည့်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူပြည်သားများအားလုံး မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှည်းနေ လှေအောင်း မြင်းစောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြပါ။ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင်နှင့် ၎င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ် ကြပါ။ (၃) စစ်ကောင်စီခန့် အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးများအားလုံး အလုပ်မှ ချက်ချင်းစွန့်ခွာကြပါ။ (၄) PDF များအနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျလိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို တသဝေမသိမ်းလိုက်နာကြပါ

ပြည်သူတွေအနေဲ့ စက်တင်ဘာ ၇ ရက်ကစပြီး မလိုအပ်ဘဲ ခရီးမသွားဖို့၊ ရိက္ခာနဲ့ ဆေးဝါးတွေ စုဆောင်းထား ကြဖို့၊ PDF တွေကို ကူညီပေးကြဖို့၊ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တွေနဲ့ ပြည်သူ့စစ် အားလုံး ဒီကနေ့ကစပြီး ပြည်သူနဲ့ပူးပေါင်းကာ စစ်တပ်ကို ပြန်လည်တိုက်ခိုက်ဖို့၊ ပြည်သူ့တော်လှန်ရေး စတင်ပြီဖြစ်လို့ စစ်တပ်လက်အောက်ခံ တပ်မတော်သား၊ ရဲနဲ့ ပြည်သူ့ဝန်ထမ်းအားလုံး NUG ထံ အမြန်ဆုံး ဆက်သွယ်ဖို့ စတဲ့အချက်တွေကို သမ္မတ ဒူဝါလရှီးလက သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

"အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှည်းနေ လှေအောင်း မြင်းစောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြပါ"

ဒီတော်လှန်ရေးကို ကျေးလက်ရော မြို့ပြပါ နိုင်ငံတစ်ဝှမ်းလုံးက တပြိုင်နက်တည်း စတင်ရမယ်လို့လည်း သူက ဆိုပါတယ်။ ယာယီသမ္မတ ဒူးဝါးလရှီလက ဗီဒီယိုမိန့်ခွန်းနဲ့ တပြိုင်တည်း အမိန့်အမှတ် (၁/ ၂၀၂၁ ) ကိုလည်း စာနဲ့ထုတ်ပြန်လိုက်ပြီး ဒီကနေ့ တစ်နိုင်ငံလုံးကို အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်းနဲ့ ဒီအရေးပေါ်ကာလဟာ ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည်ထူထောင်နိုင်တဲ့အချိန်အထိဖြစ်ကြောင်း ကြေညာထားပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေး မှူး ဦးသိန်းထွန်းဦး ကတော့ စစ်တပ်အနေနဲ့ PDF တွေနဲ့ ဖောက်ခွဲရေးဆောင်ရွက်သူ အတော်များများကို ဖမ်းဆီးထားနိုင်ပြီဖြစ်လို့ NUG ရဲ့ကြေညာချက်ဟာ လေလှိုင်းပေါ်က ကြေညာချက်တစ်ခုသာဖြစ်ပြီး ဘာမှ ထိရောက်မှုရှိမှာ မဟုတ်ဘူးလို့ ဝေဖန်ပါတယ်။

ကြေညာတယ်ဆိုတာ ကိုယ့်မှာအင်အားရှိတဲ့ အခြေအနေမျိုးမှာ ကြေညာရတာ။ အခုဟာက ဘာမှ မလုပ်နိုင်ဘဲနဲ့ ထ​​ကြေညာတယ်ဆိုတော့ ကြေညာချက်သက်သက်ဖြစ်ပြီး​တော့ အောက်ကလိုက်လုပ်မယ့် လုပ်ဆောင်ချက်တွေတော့ သိပ်လုပ်နိုင်မယ့်ပုံမပေါ်ဘူး။ သေချာတာက ဗုံးခွဲမှုတွေလျော့လာပြီ၊ PDF တွေ ဖမ်းဆီးရမိတာတွေ ကွင်းဆက်ဖော်ထုတ်တာတွေ တဖြည်းဖြည်းများလာတဲ့အတွက်ကြောင့် မြို့တွင်းမှာ ထိတွေ့မှုတွေ ဖောက်ခွဲမှုတွေ သိပ်အများကြီး ဖြစ်လာမှာမဟုတ်ဘူးလို့ ကျွန်တော်တို့သုံးသပ်တယ်

NUG ရဲ့ ဒီကနေ့ အရေးပေါ်ကာလ ကြေညာချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အမြင်သဘောထားသိနိုင်ဖို့  စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက် နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက NUG၊ PDF နဲ့ CRPH တို့ဟာ D Day လို ကိစ္စတွေလုပ်နေလို့ စစ်တပ်အနေနဲ့ နိုင်ငံကိုထိန်းချုပ်နိုင်ရေး ဆောင် ရွက်နေပေမယ့် အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူးလို့ ပြောခဲ့ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ Yangon Revolution Force (YRF)  ပြောရေးဆိုခွင့်ရှိသူကတော့ NUG က အခုလို စတင်တော်လှန်ရမယ့်ရက် အတိအကျ သတ်မှတ်လိုက်တာကြောင့် မြို့ပြမှာ မြို့သိမ်းတိုက်ပွဲတွေအထိ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရဟာ ဒီကနေ့မှာပဲ ဒီဒေးကို တရားဝင်ကြေညာလိုက်တယ်ပေါ့နော်။ ဒီတော့ ကျွန်တော်တို့ ရန်ကုန်မြို့က ပျောက်ကြားလူငယ်တွေ အများစုဟာ နေ့တိုင်းကို ဒီဒေးလို့စွဲမှတ်ပြီး စစ်ကောင် စီနဲ့ ၎င်းတို့ရဲ့ အပေါင်းအပါ၊ ဒလန်တွေ ဒါတွေကိုပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါ တယ်။ NUG က တရားဝင် ဒီဒေးအဖြစ် သတ်မှတ်ကြေညာလိုက်တော့ မြို့ပြပျောက်ကြားတိုက်ခိုက် မှုတွေကတစ်ဆင့် မြို့သိမ်းတိုက်ပွဲတွေအထိ ဆက်ပြီး တောက်လျှောက်လုပ်ဆောင်သွားမယ်ဆိုတာ ကိုတော့ ကျွန်တော်တို့ ပြောချင်ပါတယ်"

YRF ဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတာကြောင့် ပြည်သူတွေ ထိခိုက်နစ်နာမှုမရှိစေဖို့  NUG ချမှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာ စည်းကမ်းတွေကို လိုက်နာ သွားမယ်လို့လည်း သူက ဆိုပါတယ်။

NUG က အခုလို ကြေညာလိုက်တာ ကောင်းမွန်ပေမယ့် အင်အားကြီးပြီး စနစ်ကျတဲ့ရန်သူကို ရင်ဆိုင်ရမှာ ဖြစ်လို့ PDF တွေကို နောက်ကွယ်ကနေ ပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ စစ်ကိုင်းတိုင်း ပုလဲမြို့ ပြည်သူ့ ကာကွယ်ရေးတပ်က ဗိုလ်နဂါးက ပြောပါတယ်။

ကျွန်တော်တို့ရှိတာနဲ့ တိုက်မယ်၊ ပြင်ဆင်ထားတာတွေ ထိုက်သင့်သလောက်ရှိတယ်။ ကျွန်တော်တို့ဟာ အင်အားကြီးပြီး စနစ်ကျတဲ့ရန်သူကို ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ပြည့်စုံတဲ့လက်နက်တွေလိုတယ်၊ လုံ လောက်တဲ့စုစည်းမှုတော့လိုတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ လုံလောက်တဲ့စုစည်းမှုနဲ့ စိတ်ဓါတ်အင်အား ရှိတယ်။ ပြည့်စုံလုံလောက်တဲ့လက်နက်တော့မရှိဘူး။ D Day သတ်မှတ်တာနဲ့အတူ နောက်ကွယ်ကနေ NUG ကလည်း ကျွန်တော်တို့အပေါ်မှာ ဝင်လာကောင်းလာနိုင်တယ်။ များများစားစားဝင်လာဖို့လည်း လိုတယ်လို့ ကျွန်တော်တော့မြင်တယ်

NUG က စစ်တပ်ကို ရရာလက်နက်စွဲကိုင်တော်လှန်ဖို့ ကြေညာလိုက်တဲ့ တချိန်တည်းမှာပဲ ရတနာပုံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂအပါအဝင် မန္တလေးမြို့အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ၁၉ ဖွဲ့ ကလည်း သူတို့အနေနဲ့ ဒီတော်လှန်ရေးမှာ ပူးပေါင်းပါဝင်သွားမယ်လို့ ဒီကနေ့ပဲ ကြေညာချက်ထုတ်ပါတယ်။

ကျောင်းသားတွေအနေနဲ့ စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်ဖို့ အသင့်ဖြစ်နေပြီလို့လည်း မန္တလေး အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ ပြန်ကြားရေးတာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။

 ဒီနေ့မှာပဲ NUG ဘက်က သမ္မတမိန့်ခွန်းနဲ့အတူ ပြည်သူတွေအားလုံးပူးပေါင်းပါဝင်ရမယ့် တော်လှန်ရေး အဖြစ် ကြေညာလိုက်တယ်။ အဲ့တော့ ကျွန်တော်တို့ကျောင်းသားတွေကလည်း ဒီမှာ တတတ်တအား ပါဝင်သွားမယ်ဆိုတာကို ပြည်သူတွေကို အသိပေးတယ်။ ကျွန်တော်တို့ကျောင်းသားတွေဟာ ရောက်သင့် တဲ့နေရာမှာရောက်ပြီး လုပ်သင့်တဲ့နေရာမှာလုပ်နေကြပြီ။ ကျွန်တော်တို့ မန္တလေးကျောင်းသားတွေတင် မဟုတ်ပါဘူး တစ်နိုင်ငံလုံးက ကျောင်းသားလူငယ်အားလုံးဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး အမုန်း စိတ်ဓါတ်တွေနဲ့ ရှင်သန်နေတယ်။အဲ့ဒီအတွက် ကျွန်တော်တို့အားလုံးဟာ ရရာလက်နက်နဲ့ ရတဲ့ နေရာကနေ တော်လှန်ကြဖို့ အဆင်သင့်ဖြစ်နေပြီ

(စစ်ကောင်စီကို တွန်းလှန်နေတဲ့ KNDF တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်) Photo: KNDF

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ကတော့ NUG ရဲ့ ဒီကနေ့ တိုက်ပွဲခေါ်သံကြောင့် သူတို့ရဲ့ ရဲဘော်တွေကို စစ်ရေးအရ လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ဖို့ ညွှန်ကြားလိုက်ပြီလို့ ပြောပါတယ်။ ကယားပြည် နယ်မှာ စစ်တပ်ရဲ့လှုပ်ရှားမှုတွေ လက်တလော ငြိမ်သက်နေပေမယ့် NUG ရဲ့ ကြေညာချက်ကြောင့် တိုက်ပွဲ တွေဟာ ပိုပြင်းထန်လာနိုင်တယ်လို့ KNDF ပြာရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

ကျွန်တော်တို့အတွက်ကတော့ ရင်ခုံစရာမကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ပြည်နယ် မှာ သူတို့ပြောနေတဲ့  D Day တွေလို နေ့တိုင်းတိုက်နေရတဲ့အတွက် သိပ်ထူးထူးခြားခြားမရှိပါဘူး။ ဒီကြေညာလိုက်တဲ့အတွက် တိုက်ပွဲက ပိုပြီးပြင်းထန်လာမယ်လို့ ခန့်မှန်းပါတယ်။ ကျွန်တော်တို့ အရင် ထက်ပိုပြီး ပြင်ဆင်မှုကောင်းအောင်လုပ်နေတယ်။ ကျွန်တော်တို့ရဲဘော်တွေအားလုံးက နေရာယူ ပြီးသားဖြစ်နေပါပြီ

NUG ယာယီသမ္မတရဲ့ ဒီကနေ့မိန့်ခွန်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း တပြိုင်နက် တည်း စစ်ကောင်စီကို ခုခံတိုက်ခိုက်ကြဖို့ တိုက်တွန်းထားပါတယ်။ NUG ကြေညာချက်ကြောင့်  ကချင် ပြည်နယ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက သုံးသပ်ပါတယ်။

“NUG ရဲ့ကြေညာချက်ကို ပြန်သုံးသပ်ရင် ကျွန်တော်တို့ တိုင်းရင်းသားနယ်မြေဒေသတွေမှာလည်း သက်ဆိုင်မှုရှိမယ်လို့ထင်ပါတယ်။ ဒီဘက်တွေမှာလည်း ထိုးစစ်ဆင်တာတွေ တိုက်ပွဲတွေရှိလာမယ်လို့ ကျွန်တော်ထင်ပါတယ်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်နဲ့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ ကလည်း သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ စက်တင်ဘာ ၇ ရက်နေ့ကို D Day (Defense Day) ခုခံကာကွယ်ရေးနေ့ အဖြစ် ဒီကနေ့ ကြေညာလိုက်ပါတယ်။

D Day ဆိုတဲ့အခေါ်အဝေါ်ကို ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက် ပြင်သစ်နိုင်ငံမှာ အာဏာရှင် ဟစ်တလာ ဦးဆောင်တဲ့ နာဇီတပ်တွေကို မဟာမိတ်တွေက စုပေါင်းတိုက်ခိုက်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် စတင်ခေါ်ဝေါ်ခဲ့တာပါ။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်က အပစ်အခတ်ရပ်စဲရေး ၄ လ ကြေညာပေးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ တောင်းဆိုထားပြီး သိပ်မကြာခင် ဒီကနေ့ စက်တင်ဘာ ၇ ရက်နေ့မှာ NUG က ပြည်သူ့ တော်လှန်ရေး စတင်ပြီဖြစ်တဲ့အကြောင်း ကြေညာလိုက်တာပါ။

ဒါဟာ နိုင်ငံတော်ရဲ့ ပကတိအခြေအနေလိုအပ်ချက်အရ လုပ်ဆောင်တာဖြစ်လို့ အိမ်နီးချင်းနိုင်ငံတွေ၊ ASEAN နိုင်ငံတွေနဲ့ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက နားလည်ပေးလိမ်မယ်လို့ ယုံကြည်ကြောင်း NUG ယာယီ သမ္မတ ဒူဝါလရှီးလ က သူ့ရဲ့မိန့်ခွန်းမှာ ပြောထားပါတယ်။

NUG ရဲ့ စက်တင်ဘာ ၇ ရက် ဒီကနေ့ ကြေညာချက်ကြောင့် ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေမှာ  ပြည်သူ တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ကြိုတင်ဝယ်ယူစုဆောင်းတာကို မြင်တွေ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေ က ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org