အပစ်ရပ်ကြေညာမှုကို တပ်နဲ့ AA ဘယ်လိုသဘောထားကြသလဲ

ရက္ခိုင့်တပ်တော် AA ပါဝင်တဲ့ မြောက်ပိုင်း သုံးဖွဲ့ဘက်က နှစ်လကြာ တဖက်သတ် အပစ်ရပ်ကြောင်း ကြေညာပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီနေ့ဆိုရင် မင်းပြားမြို့နယ်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ TNLA, MNDAA, AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် Photo: Arakan Army

ရက္ခိုင့်တပ်တော် AA ပါဝင်တဲ့ မြောက်ပိုင်း သုံးဖွဲ့ဘက်က နှစ်လကြာ တဖက်သတ် အပစ်ရပ်ကြောင်း ကြေညာပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီနေ့ဆိုရင် မင်းပြားမြို့နယ်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

AA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ နှစ်လကြာ အပစ်အခတ် ရပ်စဲတယ်လို့ ဇန်နဝါရီ ၁ ရက်နေ့က ကြေညာခဲ့ပြီးနောက်ပိုင်း မြေပုံ၊ အမ်း၊ မင်းပြားနဲ့ ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။

တပ်မတော်က ထိုးစစ်တွေကို မရပ်တန့်တာကြောင့် မြေပြင်မှာတိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ AA ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

“ကျွန်တော်တို့ဘက်က တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတည် ဆောက်ရေးကို အထောက်အကူ ပြုစေဖို့အတွက် ထိုးစစ်တွေကို ရပ်မယ်ဆိုပြီး ကြေညာထားပေမယ့် မြန်မာစစ်တပ်ဘက်က သူတို့ ထိုးစစ်တွေကို အင်အားအလွန်အကျွံသုံးပြီး ဆက်လုပ်နေတာတွေ ရှိတယ်။ ဒါကြောင့် မြေပြင်မှာ တိုက်ပွဲတွေက ဆက်ဖြစ်နေတာ။ တကယ်လို့ မြန်မာစစ်တပ်ကသာ သူတို့ရဲ့ထိုးစစ်တွေကို ရပ်လိုက်မယ်ဆိုရင် တိုက်ပွဲတွေ မြေပြင်မှာရပ်သွားနိုင်တဲ့ အနေအထားရှိတယ်။ ဒီလိုဆိုရင် တစ်ဖက်နဲ့တစ်ဖက် တွေ့ဆုံ စကားပြောတဲ့အခါ ပိုပြီးယုံကြည်မှုတွေ ရှိလာနိုင်တယ်“

ဒီလို အပစ်အခတ်ရပ်စဲတယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ အပြောနဲ့အလုပ် မညီတဲ့အတွက် အယုံအကြည်မရှိဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။

“တိုက်ပွဲဆက်လက်ပြင်းထန်နေရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ နှစ်ဖက်အပြန်အလှန် စွပ်စွဲမှုတွေသာ ရှိနေပါတယ်။ ဒီနေ့မနက်ကလည်း မင်းပြားမြို့နယ် ရာမောင်တံတား အရှေ့ဘက်ခြမ်းက ဗျူဟာကုန်းအနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်”

ရာမောင်တံတားကို လုံခြုံရေးယူနေတဲ့ တပ်ဖွဲ့ဝင်တွေကို ဒီကနေ့ မနက်က AA တပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

မနက်ကဖြစ်တဲ့ တိုက်ပွဲကြောင့် တပ်မတော်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ ဒီဟာသည် ပြည်ထောင်စုလမ်းပေါ်မှာ အချက်အချာကျတဲ့ တံတားတစ်စင်းဖြစ်တယ်။ ဒါကိုတပ်မတော်က လုံခြုံရေးတာဝန် ယူပြီး ဆောင်ရွက်နေတယ်။ ဒီဟာကိုလာပြီး နှောင့်ယှက်ပစ်ခတ် ခြင်းဟာ ပြည်သူလူထုရဲ့လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ စေရေးကို နှောင့်ယှက်ပစ်ခတ်ခြင်းဖြစ်တယ်လို့ ပြောချင်ပါတယ်

နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာဟာ မနက် ၁၀ နာရီကျော်မှာ ရပ်သွားခဲ့ပေမယ့် နေ့လယ်ပိုင်းမှာတော့ မင်းပြားမြို့ပေါ်မှာရှိတဲ့ ကျီးတောင်ပေါ်ကနေ စိတ္တရရွာဘက်ကို တပ်မတော်က လက်နက်ကြီးတွေနဲ့လှမ်းပြီး ပစ်ခတ်နေတာကြောင့် မြို့ပေါ်ကို လက်နက်ကြီးကျမှာ စိုးရိမ်တယ်လို့ မင်းပြားမြို့ခံတစ်ဦးက ပြောပါတယ်။

“ မင်းပြားမှာ လက်နက်ကြီးက တောင်ပေါ်ကနေပြီး ပစ်နေတယ်။ တိုက်ပွဲဖြစ်နေရာနဲ့ တော်တော်ကြီး ဝေးတယ်။ ဒီလိုပစ်နေတဲ့အခါမှာ မြောက်ဦးတို့ ပန်းမြောင်းတို့လို အခြေအနေဆိုးတွေ ဖြစ်လာမှာကို ပြည်သူတစ်ယောက် အနေနဲ့ ကြောက်တယ်။ အဲဒီအတွက် တခြားနေရာတွေမှာ လုပ်စေချင်တယ်“

ဒီတိုက်ပွဲတွေဟာ လူနေထိုင်ရာ မြို့ပေါ်ရပ်ကွက်တွေထဲအထိ ရောက်လာတဲ့အတွက် သေဆုံးတဲ့ အရပ်သား တစ်ရာဝန်းကျင်အထိ ရှိလာနေပါတယ်။

တိုက်ပွဲတွေကတော့ ၂၀၁၉ ခုနှစ်အတွင်း တပ်မတော်နဲ့ တိုက်ပွဲပေါင်း ၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ စုစုပေါင်း သုံးထောင်ကျော်ရှိတယ်လို့ AA က မနေ့က ကြေညာချက်ထုတ်ထားပါတယ်။ ဒီတိုက်ပွဲကာလအတွင်း AA ဘက်က ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူစာရင်းတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။

အဲဒီလို တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုနဲ့ တိုက်ပွဲအရေအတွက်ကို ထုတ်ပြန်ရတာဟာ ရခိုင်ပြည်နယ်မှာ တပ်မတော်က ထိုးစစ်တွေဘယ်လောက်အထိ ပြင်းပြင်းထန်ထန် ဆောင်ရွက်ခဲ့သလဲဆိုတာကို သိစေချင်တဲ့အတွက် ထုတ်ပြန်တာလို့ ခိုင်သုခက ပြောပါတယ်။ AA ဘက်က ထိခိုက်ကျဆုံးမှု မေးမြန်းရာမှာတော့ အဲဒါကို ထုတ်ပြန်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

AA ဘက်က ထုတ်ပြန်တဲ့ တပ်မတော် ထိခိုက်ကျဆုံးမှု စာရင်းနဲ့ ပတ်သက်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က

"ပြည်တွင်းမှာဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဦးတည်ချက်က ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေးကို ဦးတည်နေတာပဲ။ ငြိမ်းချမ်းရေးကို ဦးတည်ထားတဲ့အတွက် ဘယ်သူတွေ ဘယ်လောက် သေတယ်။ ဘယ်လောက်ဒဏ်ရာရတယ်ဆိုတဲ့ ကျွန်တော်တို့အနေနဲ့ ယှဉ်ပြိုင်စရာ အကြောင်းမရှိပါဘူး" လို့ ပြောပါတယ်။

အခုဆိုရင် ရခိုင်ပြည်နယ်မှာ AA နဲ့ တပ်မတော်တို့ တိုက်ပွဲကာလ တစ်နှစ်ကျော် ကြာမြင့်လာတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်အထိ ရှိနေပါပြီ။

တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ ဒုက္ခသည်တွေ တိုးလာပေမယ့် သူတို့အတွက် လူသားချင်းစာနာထောက်ပံ့မှု အကူအညီတွေကတော့ လိုအပ်နေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်အတွင်း တပ်မတော်ဘက်က အပစ်ခတ်ရပ်စဲကြောင်း ကြေညာတာတွေ ရှိခဲ့သလို မြောက်ပိုင်း သုံးဖွဲ့ဘက်ကလည်း အပစ်ရပ်ကြောင်း ကြေညာခဲ့တာတွေရှိပေမယ့် တိုက်ပွဲတွေကတော့ ရပ်တန့်သွားခြင်း မရှိခဲ့လို့ အခုတစ်ကြိမ် တဖက်သတ်အပစ်ရပ် ကြေညာခဲ့ပေမယ့်လည်း ပြည်သူလူထုကတော့ မလုံခြုံမှုတွေနဲ့ စိုးရိမ်ချက်တွေ ရှိနေဆဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org