နိုလင်းဟေဇာ မြန်မာ့အရေးထိရောက်စွာတင်ပြဖို့ ဒီမိုကရေစီအင်အားစုတိုက်တွန်း
2023.03.10

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ လာမယ့် သီတင်းပတ် အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့အခြေအနေတွေကို လုံခြုံရေးကောင်စီထံ တင်ပြတဲ့အခါ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပါဝင်ဖို့ အချိန်တန်နေပြီလို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ပြောပါတယ်။
နိုလင်းဟေဇာဟာ မတ်လ ၁၅ ရက်မတိုင်ခင် မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုံခြုံရေးကောင်စီထံ တင်ပြအစီရင်ခံရမှာပါ။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်ဖို့၊ အရပ်သားတွေရဲ့ အိုးအိမ်အဆောက်အအုံတွေကို မဖျက်ဆီးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတာ ခြောက်လကျော်သွားပါပြီ။
ဒီတောင်းဆိုချက်တွေကိုပဲ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ ထပ်မံတိုက်တွန်းထားပေမယ့် စစ်ကောင်စီဘက်က ဘာတစ်ခုမှမလိုက်လျောဘဲ အခြေအနေတွေ ပိုဆိုးလာပါတယ်။
"အရပ်သား ပြည်သူလူထုတွေကို အကာအကွယ်ပေးနိုင်ဖို့ အကြမ်းဖက်မှုတွေ ရပ်စဲသွားဖို့အတွက် မနှောင့်မနှေး အရေးယူဆောင်ရွက်ရမယ့် အချိန်ရောက်နေပြီ၊ ကျော်နေပြီဆိုတာလည်း ထပ်လောင်း ပြောကြားချင်ပါတယ်"
လူသားမျိုးနွယ်ပေါ် ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီကို လုံခြုံရေးကောင်စီကနေ အရေးယူရမယ့်အချိန် ရောက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးရဲ့ ပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။
"ဒီဆုံးဖြတ်ချက်ကို မလိုက်နာဘူးဆိုတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ သူအစီရင်ခံတဲ့အခါမှာ အဲဒါတွေ ပါလာမယ်။ ဒါပေမဲ့ ဘယ်လိုအတိုင်းအတာနဲ့ ဘယ်လိုအစီအရင်ခံမယ်၊ ဘယ်လိုထောက်ခံချက်တွေ သူပေးမယ်ဆိုတာတော့ ကျနော်တို့ မသိသေးပါဘူး။ လုံခြုံရေးကောင်စီက သူတို့ဆုံးဖြတ်ချက်ကို မလိုက်နာတဲ့အတွက်ကြောင့် အရေးယူဆောင်ရွက်နိုင်ပါတယ်။ အရေးယူဖို့လည်း ဝတ္တရားရှိတယ်လို့ ကျနော်မြင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုကျုးလွန်နေတဲ့ crime against humanity တွေ ရပ်သွားအောင်၊ အရပ်သား ပြည်သူလူထုတွေကို အကာအကွယ်ပေးနိုင်ဖို့ အကြမ်းဖက်မှုတွေ ရပ်စဲသွားဖို့အတွက် မနှောင့်မနှေး အရေးယူဆောင်ရွက်ရမယ့် အချိန်ရောက်နေပြီ၊ ကျော်နေပြီဆိုတာလည်း ထပ်လောင်း ပြောကြားချင်ပါတယ်"
ကုလသမဂ္ဂ ပဋိညာဉ်စာချုပ် အခန်း (၇) မှာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တဲ့ အန္တရာယ်တွေ၊ ငြိမ်းချမ်းရေးကို ချိုးဖောက်မှုနဲ့ ရန်လိုမှုတွေအတွက် အရေးယူလို့ရနိုင်တဲ့ အခွင့်အာဏာကို အသုံးပြုပြီး လုံခြုံရေးကောင်စီကနေ အရေးယူလို့ရတယ်လို့လည်း သူက ဆိုပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုလင်းဟေဇာရဲ့ နောက်ဆက်တွဲ တင်ပြမှုအပြီးမှာ လုံခြုံရေးကောင်စီက နောက်တစ်ဆင့်တက်ပြီး အရေးယူနိုင်တဲ့ ဆုံးဖြတ်ချက်တွေချဖို့နဲ့ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကို အမြန်ဆုံး လွှဲပြောင်းပေးဖို့လည်း ဦးကျော်ဇော် က တိုက်တွန်းပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ မလိုက်နာရင် အရေးယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး လုံခြုံရေးကောင်စီက ချမှတ်လာရင် ရုရှားနဲ့ တရုတ်က ဗီတိုအာဏာသုံးပြီး ပယ်ချလိမ့်မယ်လို့ ခန့်မှန်းပါတယ်။
"လုံခြုံရေးကောင်စီ အစည်းအဝေးမှာလည်း နစကအပေါ်မှာတောင်းဆိုတဲ့ တောင်းဆိုချက်တွေ ချထားတာကိုး။ ချထားတော့ အဲဒါကိုလည်း ဒီဘက်က မလိုက်နာဘူးပေါ့နော်၊ မလိုက်နာတဲ့အခါကျတော့ ပိုပြီးတော့ စွက်ဖက်တဲ့ ဆုံးဖြတ်ချက်မျိုးပေါ့နော်။ ဘာလုပ်ပါ၊ မလုပ်လို့ရှိရင် ဘယ်လိုအရေးယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး၊ ဒါမှ မဟုတ်ရင်လည်း R2P လို ဆုံးဖြတ်ချက်မျိုး၊ အဲဒီလိုမျိုးဟာတွေ ဆုံးဖြတ်လာမယ်ဆိုရင်တော့ နစကဘက်က ရုရှားတို့ တရုတ်တို့က ဗီတိုအာဏာ သုံးပြီးတော့ ကာကွယ်လိမ့်မယ်"
ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း စစ်ကောင်စီတပ်က လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေကို နေ့စဉ်ရက်ဆက် စနစ်တကျ ကျုးလွန်နေတာကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အမြန်ဆုံး အရေးယူ ဆောင်ရွက်ဖို့ မျှော်လင့်နေပါတယ်။
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကော်မရှင်မင်းကြီးကလည်း လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံက လက်ရှိအခြေအနေ အပြည့်အစုံကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ တင်သွင်းနိုင်ရေးအတွက် အဆင့်ဆင့် လုပ်ဆောင်ဖို့နဲ့ နိုင်ငံကျော်ဖြတ် စုံစမ်းစစ်ဆေးမှု တွေကိုပါ ခုံရုံးကို တင်သွင်းနိုင်ဖို့ ဒီသီတင်းပတ်ထဲမှာပဲ တိုက်တွန်းထားတာပါ။
စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျုရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ အပြုသဘော မဆောင်တဲ့ နိုင်ငံတကာရဲ့ ဖိအားတွေဟာ မြန်မာနိုင်ငံအတွက် အလုပ်မဖြစ်ဘူး လို့ RFA ကို ပြောပါတယ်။
"ကျနော်တို့နိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဖိအားဆိုတာက ပုံမှန်လို ဖြစ်နေပြီပေါ့နော်။ ကျနော်တို့က ဒါကို နေသားကျသလို ဖြစ်နေပြီ။ ပြဿနာက ရှင်းသည်ဖြစ်စေ၊ မရှင်းသည်ဖြစ်စေ အဲဒီဖိအားဆိုတဲ့ဟာက နောက်ဆုံး ဘယ်လိုဖြစ်လာလဲဆိုတော့ သူတို့ဖိအားက ကျနော်တို့ အပေါ် ရှိလား၊ မရှိလားဆိုတာတောင်မှ မသိနိုင်လောက်တဲ့ အနေအထား ဖြစ်လာတာပေါ့။ ဆိုလိုတာက တစ်ချိန်လုံး ဖိအားတွေပေးနေပြီးတော့ သွားနေတဲ့ လမ်းကြောင်းမှာ ဘာမှ အကျိုးမပြုနိုင်တဲ့ဟာမျိုး၊ ပြောရရင် အပြုသဘော ဆောင်တဲ့ ဖိအားမျိုး မလာဘဲနဲ့ သက်သက်မဲ့ Pressure သီးသန့်ပေးနေတဲ့ ဖိအားမျိုး လာနေရင်တော့ ဘာမှ သိပ်ထူးခြားမှာတော့ မဟုတ်ဘူးဗျ။ အပြုသဘောဆောာင်တဲ့ ကိစ္စရပ်မပါဘဲနဲ့ ဘာမှ ရှေ့ဆက်တိုးနိုင်မှာ မဟုတ်ဘူး"
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း လူ ၃,၀၀၀ နီးပါး အသတ်ခံရပြီး တစ်သောင်း ရှစ်ထောင်နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ မတ်လ ၃ ရက် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်မင်းကြီးရုံး အစီရင်ခံစာက ဖော်ပြပါတယ်။ မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၅ မြို့နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ ကျေးရွာတွေကို ဖြတ်လေးဖြတ်စနစ်နဲ့ ပိတ်ဆို့ပြီး လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်း တိုက်ခိုက်တာတွေ လုပ်ခဲ့တာကြောင့် ဒေသခံအရပ်သားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရပြီး ရပ်ရွာတွေကို မီးလောင်တိုက်သွင်းတဲ့နည်းနဲ့ အကူအညီတွေ မရရှိအောင် လုပ်ဆောင်ခဲ့တယ်လို့ အစီအရင်ခံစာက ဖော်ပြပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ ကြီးမား ပြင်းထန်တဲ့ ပြစ်မှုတွေ ကျူးလွန်နေတယ်ဆိုရင် ကျူးလွန်သူ တွေ တာဝန်ခံမှုရှိဖို့အတွက် လုံခြုံရေးကောင်စီကနေ ဦးဆောင်တိုက်တွန်းတာ၊ လှုပ်ရှားဆောင်ရွက်တာတွေ လုပ်နိုင်တယ်လို့ ဆွီဒင်နိုင်ငံအခြေစိုက် ဥပဒေပညာရှင် ဦးအောင်ထူး က ပြောပါတယ်။
"အင်မတန် ပြင်းထန်ကြီးမားတဲ့ နိုင်ငံတကာအဆင့် ပြင်းထန်ကြီးမားတဲ့ ပြစ်မှု ကျူးလွန်တဲ့လူကို အရေးကိုယူရမှာ သွားညှိလို့ကို မရဘူး။ တကယ်လို့များ လုံခြုံရေး ကောင်စီက ကျနော်ပြောတဲ့ responsible your state for internationally wrongful act ဆိုတာရှိတယ်၊ ၂၀၀၁ ခုနှစ်မှာ ပြဌာန်းထားတာ။ နိုင်ငံတကာအရ မှားယွင်းတဲ့ ကျူးလွန်မှုတွေ လုပ်တဲ့ဟာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတွေရဲ့ တာဝန်ရှိမှုကို လုံခြုံရေး ကောင်စီ ကိုယ်တိုင်က လက်တွေ့ ကျင့်သုံးပြီးတော့ နိုင်ငံတွေဟာ လိုက်နာဆောင်ရွက် သင့်တယ် ဆိုတဲ့ကိစ္စ ကမကထပြုပြီး ဆော်သြပေးနိုင်တယ်ဆိုရင် စစ်ကောင်စီအတွက် က နိဂုံးချုပ်ဖို့က ပိုပြီးတော့ နီးစပ်တယ်"
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် မင်းကြီးရုံးရဲ့ စွပ်စွဲချက်တွေဟာ ခိုင်လုံတဲ့ သက်သေအထောက်အထားမရှိဘဲ စွပ်စွဲထားတဲ့အတွက် စိုးရိမ်ပူပန်တယ်လို့ မတ်လ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ ပြည်တွင်းရေးသာဖြစ်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို မထိခိုက်ဘူးလို့ ငြင်းဆိုထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှုးရုံး (UN OCHA) ရဲ့ မတ်လ ၈ ရက် ထုတ်ပြန်ချက်မှာ နိုင်ငံတစ်ဝန်း ပဋိပက္ခတွေ ဆက်ဖြစ်နေပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၁ ဒသမ ၆ သန်းကျော်ရှိနေပြီး အဲဒီအထဲက ၁ ဒသမ ၃ သန်း ကျော်ဟာ အာဏာသိမ်းပြီးမှ တိုးလာတဲ့အရေအတွက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။