NLD အစိုးရ အဂတိတိုက်ဖျက်ရေး ပိုလုပ်နိုင်ကြောင်း လေ့လာသူတွေသုံးသပ်
NLD အစိုးရလက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဟာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် အဂတိတိုက်ဖျက်ရေး ကော်မရှင်ထက် အရေးယူမှုတွေ ပိုလုပ်နိုင်ခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
-
ကျော်လွင်ဦး
2021-01-07 -
-
-
NLD အစိုးရလက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထက် အရေးယူမှုတွေ ပိုလုပ်နိုင်ခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဒါပေမဲ့ အစိုးရအရာရှိကြီးတချို့ အပါအဝင် အရေးမယူနိုင်သူတွေလည်း ရှိတာကြောင့် လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းသင့်တယ်လို့ ဝေဖန်ထောက်ပြတာတွေလည်း ရှိနေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ပထမသက်တမ်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ၂၀၁၇ ခုနှစ်မှာ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးအောင်ကြည်ကို ခန့်အပ်ပြီး အဖွဲ့ဝင် ၁၂ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။
ဦးအောင်ကြည် ဦးဆောင်တဲ့ ကော်မရှင်လက်ထက်မှာ နိုင်ငံရေးရာထူးရှိသူ နှစ်ဦး၊ အဆင့်မြင့်အရာရှိ ၁၂ ဦး အပါအဝင် လူပေါင်း ၁၅၆ ဦးကို အရေးယူနိုင်ခဲ့ပြီး ပြည်သူတွေ ယုံကြည်မှုရှိတာကြောင့် အာရှမှာ အဆင့်-၁ ရခဲ့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုး က ပြောပါတယ်။
ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်လက်ထက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အောင်မြင်တယ်လို့ ပြောလို့ရကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်းလည်းဖြစ် နိုင်ငံရေးလေ့လာ သုံးသပ်သူလည်း ဖြစ်တဲ့ ဦးရဲထွဋ် က သုံးသပ်ပါတယ်။
"ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ကတော့ အဂတိတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး သူအကောင်းဆုံး လုပ်သွားတာဘဲလေ၊ တစ်… ကတော့ လူထုကို အသိပညာ ပေးတာလည်း လုပ်သွားနိုင်တယ်၊ ဝန်ထမ်းတွေကြားထဲမှာလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ပညာပေးတာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားနိုင်တယ်၊ အရေးယူမှုအပိုင်းကတော့ သူ့မှာ ဘာအကန့်အသတ်ရှိလည်းတော့ မသိဘူး၊ တချို့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပတ်သက်ပြီး လူတွေပြောစရာ ဖြစ်ခဲ့တာမှန်တယ်၊ အားလုံးခြုံကြည်ရင် အောင်မြင်တယ်လို့ ပြောလို့ရမယ်"
ဦးအောင်ကြည်လက်ထက် အဂတိလိုက်စားမှုနဲ့ အရေးယူတာတွေထဲမှာ လူသိများတာကတော့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူး၊ FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် စတဲ့ အစိုးရအဖွဲ့ ဦးဆောင်သူတွေ၊ ဌာနဆိုင်ရာ အရာရှိကြီးတွေကို အရေးယူတဲ့အမှုတွေ ဖြစ်ပါတယ်။
ဒီလို အရေးယူမှုတွေကြောင့် အဂတိလိုက်စားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာပါတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေ ထဲမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်း လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး အဆင့်တွေ တိုးတက်လာပါတယ်။
အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့က ပြုလုပ်တဲ့ Global Corruption Barometer Asia 2020 စစ်တမ်းမှာ အာရှ ၁၇ နိုင်ငံမှာ မြန်မာနိုင်ငံက အဆင့် ၁ အထိ ရခဲ့တယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ဒီဇင်ဘာ ၉ ရက်နေ့က ကျရောက်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့မှာ ပြောခဲ့ပါတယ်။
သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်မှာ ရေးဆွဲ အတည်ပြုခဲ့ပြီး လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် အမည်နဲ့ အဖွဲ့ဝင် ၁၅ ဦးပါတဲ့ အဖွဲ့ကို ၂၀၁၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။
ဒီလို့ဖွဲ့စည်းလိုက်ပေမယ့် ဥပဒေပါ အကန့်အသတ်တွေကြောင့် အရေးယူမှုတွေ မလုပ်နိုင်တဲ့အတွက် ဥပဒေကို ၂၀၁၄ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်မှာတစ်ကြိမ်၊ ၂၀၁၇ ခုနှစ်မှာတစ်ကြိမ်နဲ့ ၂၀၁၈ ခုနှစ်မှာတစ်ကြိမ် စုစုပေါင်းလေးကြိမ် ပြင်ဆင်ခဲ့ပြီး အဂတိလိုက်စားမှုတွေကို ပိုမိုအရေးယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ် ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူလည်း ဖြစ်တဲ့ ဒေါက်တာညိုညိုသင်း ကတော့ ဦးသိန်းစိန်အစိုးရ လက်ထက်ကထက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ပိုမိုအရေးယူတာ တွေ့ရတယ်လို့ သုံးသပ်ပါတယ်။
"ဦးသိန်းစိန်လက်ထက်က ကော်မရှင်က ဖွဲ့ထားရုံ သက်သက်ပဲ။ အရေးယူကိုင်တွယ်တဲ့အပိုင်းမှာလည်း မဆိုသလောက်ပဲ ရှိခဲ့တယ်။ NLD ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကတော့ အလုံးစုံအားရ ကျေနပ်ဖွယ် မဟုတ်သော်လည်းဘဲ ဦးသိန်းစိန် ကော်မရှင်ထက်စာရင် ပိုပြီးတော့ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်နိုင်ခဲ့တယ်။ ဝန်ကြီးဌာနအသီးသီးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ခဲ့နိုင်တယ်။ ညွှန်ချုပ်၊ ဥပဒေချုပ်အဆင့်ထိ အရေးယူနိုင်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်။ သမ္မတရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတာ ဖြစ်ပေမယ့် နိုင်ငံရေးအရ ဘက်လိုက်မှုတချို့ရှိနေပေမယ့်လည်း ဦးသိန်းစိန်ကော်မရှင်ထက် အနည်းငယ် ပိုပြီး တိုးတက်ပြောင်းလဲမှုတွေ ယူဆောင်လာနိုင်ခဲ့တယ်"
ဒါပေမဲ့လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ တိုင်းဒေသကြီး တချို့ကဝန်ကြီးချုပ်နဲ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌကို ဥပဒေအရ အရေးယူလို့ရပေမယ့် အရေးမယူခဲ့တာကြောင့် ကော်မရှင်မှာ အားနည်းချက်တွေရှိတယ်လို့ ထောက်ပြတာတွေလည်းရှိပါတယ်။
တနင်္သာရီတိုင်း ဝန်ကြီးချုပ်ထက်ပိုကြီးတဲ့ကိစ္စတွေ ရန်ကုန်တိုင်းမှာ ဖြစ်ခဲ့ပေမယ့် အရေးမယူခဲ့နိုင်ဘူးလို့ ဒေါက်တာ ညိုညိုသင်းက ထောက်ပြပါတယ်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို ဖြုတ်ချခံရတဲ့ကိစ္စ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ထပ်မံတိုင်ကြားတာ ပါတီဘက်က အကာအကွယ်ပေးခဲ့သလိုဖြစ်တာဟာ မဖြစ်သင့်ဘူးလို့ ထောက်ပြသူက လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းပါ။
"ကယားပြည်နယ် ဝန်ကြီးချုပ်ကိစ္စဆိုရင် သိရတဲ့အချက်အလက်တွေအရ သူကအမှားကျူးလွန်လို့ သူ့လွှတ်တော် ကတောင် စွဲချက်တင်ပြီး ဖြုတ်ချပြီးပြီကို။ သို့သော်လည်း နောက်ပိုင်း ပြန်ပြီးတော့ ဒေါက် တာ ဇော်မြင့်မောင်တို့ ပြောတဲ့စကားတွေအရ သူ့ဘက်က ပါတီကရပ်တယ် ကာကွယ်ပေးတယ်ဆိုတာက ထင်ရှားနေတော့ ဒါမျိုးက မဖြစ်သင့်ဘူးလို့ ထင်တယ်။ ဒီလိုသဘောထားတွေ ရှိနေသရွေ့ကတော့ ကျွန်တော်တို့နိုင်ငံမှာ အဂတိတိုက်ဖျက်ရေးက အမြစ်ပြတ်မယ်လို့ မထင်ဘူး။"
ဦးအယ်ဖောင်းရှို အဂတိလိုက်စားမှုကို ပါတီက ကာကွယ်ပေးတယ်ဆိုတဲ့ ပြောဆိုချက်ကိုတော့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ငြင်းဆိုပါတယ်။
အဂတိတိုက်ဖျက်ရေး ဥပဒေမှာ မည်သူမဆို အချက်အလက်အပြည့်အစုံနဲ့ တိုင်ကြားရင် အရေးယူနိုင်တယ်လို့ ပြောပေမယ့် တပ်နဲ့ပတ်သက်ပြီး အရေးယူတာ မတွေရသေးဘူးလို့ လေ့လာသုံးသပ်သူတွေက ထောက်ပြတာ လည်းရှိပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ နိုင်ငံအတွင်းမှာရှိတဲ့ အဖွဲ့အစည်းအားလုံးနဲ့ သက်ဆိုင်တဲ့ ကော်မရှင်ဖြစ်ဖို့လိုအပ်ပြီး တပ်မတော်နဲ့ ပတ်သက်တာတွေကိုပါ စစ်ဆေးအရေးယူဖို့ လိုအပ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းက ထောက်ပြပါတယ်။
"အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ နိုင်ငံအတွင်းမှာရှိတဲ့ အဖွဲ့အစည်းအားလုံးနဲ့ သက်ဆိုင်တဲ့ ကော်မရှင်ဖြစ်ဖို့လိုအပ်တယ်။ တပ်မတော်နဲ့ပတ်သက်တဲ့ ကိစ္စဆိုရင်လည်းကော်မရှင်အနေနဲ့ သတင်း အချက်အလက်ရရှိတယ်ဆိုရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ထံကို တရားဝင်အကြောင်းကြားပြီး လိုအပ်တဲ့ စစ်ဆေးဆောင်ရွက်မှုတွေ အရေးယူမှုတွေကို ပြုလုပ်နိုင်ဖို့ အတွက်ကို တွန်းတွန်းတိုက်တိုက် ဆောင်ရွက်သင့်တယ်လို့ မြင်တယ်"
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ပုဒ်မတွေအရ အဂတိတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ တပ်မတော်နဲ့ ပတ်သက်ပြီး တရားစွဲ အရေးမယူနိုင်ပေမယ့် အစိုးရနဲ့ပတ်သက်ပြီး အရေးယူနိုင်ခဲ့တယ်လို့ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ တိုင်ကြားလာတဲ့ စာတွေထဲက အချက်အလက်တွေ၊ အထောက်အထား ခိုင်လုံတဲ့ စာတွေဆိုရင် အားလုံးကို စစ်ဆေးပြီး အရေးယူနေတာကြောင့် အထောက်အထား ခိုင်လုံဖို့ အရေးကြီးတယ်လို့လည်း ဦးကျော်စိုးက ပြောပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ အစိုးရတာဝန်ရှိသူတွေ၊ တပ်မတော် တာဝန်ရှိသူတွေကို အရေးယူနိုင်တာ မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကို မေးမြန်းရာတော့…
"မြန်မာနိုင်ငံမှာက နိုင်ငံရေးအခြေအနေအရ အကန့်အသတ်တွေ ရှိနေပါတယ်။ အခုနုတ်ထွက်သွားတဲ့ အဂတိ တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ကိုယ်တိုင်က အချို့သော တပ်မတော်အရာရှိကြီးများ ပါဝင်ပတ်သက်နေတဲ့ အဂတိလိုက်စားမှုတွေမှာ သူအရေးယူနိုင်မှုအတွက် သူ့မှာ အခွင့်အလမ်း မရှိပါဘူး ဆိုတာ သူပြောထားပြီးသား ဖြစ်ပါတယ်"
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီဟာ သူ့လုပ်ငန်းတွေကို အပြည့်အ၀ မဆောင်ရွက်နိုင်တာကတော့ လက်ရှိဖွဲ့စည်းပုံအရ ပေးထားတဲ့ နိုင်ငံရေး အခြေအနေကြောင့်လို့လည်း ဒေါက်တာမျိူးညွှန့်က ပြောပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ သီးခြားလွတ်လပ်ပြီး အမှီအခိုကင်းကင်းနဲ့ ဆောင်ရွက်နိုင်တဲ့ ကော်မရှင်ဖြစ်ဖို့ လိုအပ်ကြောင်းနဲ့ ဒီကော်မရှင်ကို ဦးဆောင်တဲ့သူတွေ ကော်မရှင်မှာပါဝင်တဲ့ပုဂ္ဂိုလ်တွေဟာ သမိုင်းကြောင်းတလျှောက် ဖြတ်သန်းခဲ့တဲ့ ဘဝတလျှောက်မှာ အဂတိတရားကင်းကင်းနဲ့ ရပ်တည်နေထိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်ဖို့ လိုအပ်တယ်လို့ လေ့လာသုံးသပ်သူတွေက အကြံပြုထားပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ပိုမိုလွတ်လပ်တဲ့အဖွဲ့အဖြစ် ဖွဲ့စည်းပေးသင့်သလို့ အစိုးရက ခန့်အပ်တာမဟုတ်ဘဲ ပိုမိုလုပ်နိုင်တဲ့သူတွေနဲ့ ဖွဲ့စည်းပေးသင့်တယ်လို့ ဒေါက်တာညိုညိုသင်းက အကြံပြု ထားပါတယ်။
"ပိုမိုပြီး လွတ်လပ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းပေးသင့်တယ်။ အစိုးရက မိမိနဲ့နီးစပ်တဲ့သူကိုပဲ ခန့်ထားမယ့်အစား နိုင်ငံရေးနယ်ပယ်က ကျော်ဇောထင်ရှားတဲ့လူငယ်တွေ၊ လူလတ် ပိုင်းတွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှာ ထည့်ပြီးဖွဲ့သင့်တယ်။ ဒီလိုထည့်ဖွဲ့စည်း ပေးခြင်းအားဖြင့် နိုင်ငံရေးလောကထဲမှာဖြစ်နေတဲ့ အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက် အရေး ယူလာနိုင်တယ်လို့ မြင်တယ်။"
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ဟာ သက်တမ်းကုန်ဆုံးခါနီးမှာဘဲ တရားဘာဝနာ လုပ်ဖို့ဆိုပြီး ကော်မရှင်ဥက္ကဌ တာဝန်ကနေ ဒီဇင်ဘာလ ၁ ရက်နေ့က နုတ်ထွက်သွားပါတယ်။
ဒီလိုနုတ်ထွက်သွားတာဟာ ကျန်တဲ့ကိစ္စတွေ မပါကြောင်းနဲ့ ဦးအောင်ကြည် လုပ်ဆောင်ချက်တွေအပေါ် ကျေးဇူးတင်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောဆိုထားပါတယ်။
နိုင်ငံ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတတ်မှုကို ဘက်ပေါင်းစုံက ထိခိုက်စေတဲ့ အဂတိလိုက်စားမှုတွေ လျော့ပါးစေရေးအတွက် စုံစမ်းစစ်ဆေး အရေးယူတာတွေကို ဘက်လိုက်မှုမရှိဘဲ ဥပဒေနဲ့အညီ ဆောင်ရွက် နေသလို အသိပညာပေးတာ၊ တားဆီးကာကွယ်တဲ့အနေနဲ့ ပြည်ထောင်စုဝန်ကြီးဌာနတွေမှာ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့ နိုင်ငံတော်သမ္မတက အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့မှာ ပြောဆိုထားပါတယ်။
အဂတိလိုက်စားမှုတွေကို လက်ယပ်ခေါ်နေတဲ့ ရေခံမြေခံတွေ မှန်သမျှကို ဖယ်ထုတ်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ကြောင်းနဲ့ မဏ္ဍိုင်သုံးရပ်က တာဝန်ရှိသူတွေနဲ့ ပြည်သူတွေအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းကို တက်ညီလက်ညီ ဆက်လက်တိုးမြှင့် ပူးပေါင်းဆောင်ရွက် သွားကြဖို့လည်း သမ္မတက တိုက်တွန်းထား ပါတယ်။
နောက်လာမယ့် အစိုးရသက်တမ်းမှာရော NLD ပါတီအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှာ ဘယ်လိုလူမျိုးကို ကော်မရှင်ဥက္ကဋ္ဌ တာဝန်ပေးမယ်၊ ဘယ်လောက်ထိ လုပ်ဆောင်နိုင်မလဲ ဆိုတာ စောင့်ကြည်ရဦးမှာဖြစ်ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အပြည့်အဝ ဆောင်ရွက်နိုင်ဖို့ဆိုရင် ကော်မရှင်ကို လွတ်လပ်တဲ့သူတွေနဲ့ ဖွဲ့စည်းဖို့လိုပြီး အဖွဲ့အစည်းအားလုံးကို အရေးယူနိုင်ဖို့ဆိုရင် တပ်နဲ့ပတ်သက်ပြီး အကာအကွယ်ပေးထားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့လိုတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။