နေပြည်တော်မှာ ဧည့်စာရင်းမတိုင်ရင် ထောင်ခြောက်လချနိုင်ကြောင်း လိုက်လံကြေညာနေ
စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် အခုလို ဒေသန္တရအမိန့် ထုတ်ပြန်တာဖြစ်ပြီး ရပ်ကွက်ရုံးတွေမှာလည်း လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ဆိုပါတယ်။
-
RFA Burmese
2024-03-03 -
-
-
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ ဧည့်စာရင်း မဖြစ်မနေတိုင်ဖို့နဲ့ ပျက်ကွက်ရင် အိမ်ရှင်ရော၊ ဧည့်သည်ပါ ထောင်ခြောက်လအထိချမယ့်အကြောင်း လူစည်ကားရာ ဈေးတွေနဲ့ ရပ်ကွက်တွေမှာ အသံချဲ့စက်နဲ့ မနက်၊ ည လိုက်လံကြေညာနေတယ်လို့ နေပြည်တော်မြို့ခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကစပြီး စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် အခုလို ဒေသန္တရအမိန့် ထုတ်ပြန်တာဖြစ်ပြီး ရပ်ကွက်ရုံးတွေမှာလည်း လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ဆိုပါတယ်။
"ရှင်းရှင်းပြောရရင် ထောင်ထဲမရောက်ရုံတစ်မည်ပဲ။ ရပ်ကွက်ထဲတင် ထောင်ကျနေတာ"
ဧည့်စာရင်းတိုင်ရင်လည်း အငှားစာချုပ်၊ နေပြည်တော်ကိုလာတဲ့ အကြောင်းရင်းနဲ့ အချက်အလက်တွေပါ မေးမြန်းစစ်ဆေးနေတယ်လို့ အမည်မဖော်လိုတဲ့ နေပြည်တော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အခုက မြို့နယ်တွေအားလုံး၊ တိုင်းအဆင့်အားလုံး၊ ခရိုင်အားလုံး စီမံချက် တအားတင်းကျပ်နေတယ်။ ဘယ်သူမှ ကောင်းကောင်းမွန်မွန် မနေရဘူး။ သူတို့ ဧည့်စာရင်းစစ်မှာတို့ ဒါတွေပေါ့ စိတ်ရှုပ်ရတယ်။ သူတို့ရဲ့ ရှုပ်ထွေးမှုတွေနဲ့က လူတွေက စိတ်ညစ်ကြပြီးနေရတာ။ ရှင်းရှင်းပြောရရင် ထောင်ထဲမရောက်ရုံတစ်မည်ပဲ။ ရပ်ကွက်ထဲတင် ထောင်ကျနေတာ"
အရင်က ဧည့်စာရင်းကို ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူးဆီမှာ တိုင်လို့ရပေမယ့် အခုတော့ ရပ်ကွက်ရုံးတွေမှာပဲ တိုင်လို့ ရတော့တယ်လို့ ဆိုပါတယ်။
ဧည့်စာရင်းတိုင်ရာမှာလည်း ကယား၊ ရခိုင်၊ မကွေးနဲ့ စစ်ကိုင်းတိုင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေ စောင့် ကြည့်ခံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နေပြည်တော်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"ရပ်ကွက်ထောက်ခံချက် သက်ဆိုင်ရာမှာ မိမိနေထိုင်ခဲ့တဲ့နေရာကနေ ထောက်ခံချက်တွေ တောင်းတယ်။ အဲဒီမှာ ငါးမျဉ်းစောင်း၊ ခုနစ်မျဉ်းစောင်း၊ ရှစ်မျဉ်းစောင်း၊ ကိုးမျဉ်းစောင်း အဲဒီလိုလူတွေကို သူတို့က တင်းကျပ်တယ်။ ရခိုင်ဘက်ကပြောင်းလာတဲ့ ရခိုင်တွေ အဲဒီအိမ်တွေကို စောင့်ကြည့်ခိုင်းတာတို့၊ ချင်းပြည်နယ်ဘက်က လာတာတို့၊ ကယားဘက်ကလာတာတို့ အဲဒီအိမ်တွေ စောင့်ကြည့်ထားတယ် "
ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေကို NLD အစိုးရ လက်ထက်မှာ ပယ်ဖျက်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စစ်ကောင်စီက ပြန်လည်ပြင်ဆင် ပြဋ္ဌာန်းခဲ့တာပါ။
အဲဒီဥပဒေမှာ ဧည့်စာရင်းတိုင်ဖို့ပျက်ကွက်ရင် ထောင်တစ်လသာချမှတ်ဖို့ သတ်မှတ်ထားပေမယ့် စစ်ကောင်စီက ဥပဒေကို လိုသလို ကျင့်သုံးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင်တစ်ဦးက ပြောပါတယ်။
"နစက အစိုးရလက်ထက်မှာ ဧည့်စာရင်းစစ်ဖို့အတွက် အဲဒါကိုပြန်ပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဥပဒေထဲမှာ ထည့်တယ်။ ဥပဒေမှာပါတာကတော့ ဧည့်စာရင်းတိုင်ဖို့ပျက်ကွက်ခဲ့ရင် အမြင့်ဆုံးက ထောင်ဒဏ်တစ်လပဲ ကျရမယ်လို့ ပါထားတယ်။ ထောင်ဒဏ်ခြောက်လ ချရမယ်လို့ မပါ ပါဘူး"
ဧည့်စာရင်းမတိုင်ရင် ဖမ်ဆီးထောင်ချမယ်တဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ နေပြည်တော်ပြောခွင့်ရသူ ညွှန်ကြားရေးမှူး ဦးသူအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ နေပြည်တော်မှာ ခရိုင်လေးခု မြို့နယ်ရှစ်မြို့နယ်နဲ့ လူဦးရေတစ်သန်းကျော် (၁,၁၅၈,၀၀၀ ဦး) နေထိုင်ပါတယ်။