အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကို စေတနာ့ဝန်ထမ်းတချို့ ကန့်ကွက်

သက်စုအောင်၊ ကိုသီဟထွန်း
2020.04.28

 

နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်တဲ့ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကို ဧပြီ ၂၅ ရက်က စတင် ဖွဲ့စည်းလိုက်ပြီးတဲ့နောက် အသွားအလာကန့်သတ်စောင့်ကြည့်တဲ့ Quarantine Center တွေမှာ စေတနာ့ဝန်ထမ်း လုပ်လိုသူစာရင်းကို သက်ဆိုင်ရာမြို့နယ်အလိုက် စတင်ကောက်ယူနေပါတယ်။

ဒီအပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဦးဆောင်မှုအောက် စေတနာ့ဝန်ထမ်းလုပ်လိုအတွက် စာရင်းပေးကြတဲ့ သူတွေရှိသလို နိုင်ငံရေးပါတီတစ်ခုရဲ့ လွှမ်းမိုးမှုအောက်မှာ မလုပ်လိုဘူးဆိုတဲ့ ပရဟိတအဖွဲ့တွေလည်းရှိနေ ပါတယ်။

မုံရွာမြို့ကSave Monywa ပရဟိတအဖွဲ့ ဦးဆောင်သူ ဦးအောင်နေမျိုးက ဒီလိုအချိန်မှာ နိုင်ငံရေးအမြတ်ထုတ် လိုတဲ့အတွက် ဒီအဖွဲ့ကိုဖွဲ့လိုက်တာလို့ ဝေဖန်သူတွေရှိတယ်လို့ RFA ကို ပြောပါတယ်။

"တချို့နာရေးကူညီမှုအသင်း ပရဟိတအသင်းတွေက နိုင်ငံရေးပါတီတစ်ခုရဲ့တစ်စုံ တစ်ဦးရဲ့ လွှမ်းမိုးချုပ်ကိုင်မှု အောက်မှာ မလုပ်ချင်ကြဘူး၊ ဒါကလည်း NGO ဆိုကတည်းက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းဆိုတော့ အစိုးရ တစ်စုံတစ်ဦးကနေပြီးမှ ချုပ်ကိုင်လာတာမျိုး ထိန်းချုပ်မှုအောက်မှာ မလုပ်ချင်ကြဘူး အဲလိုအသံတွေ ထွက်ကြ တာပေါ့နော်၊ တကယ်တမ်း ထောက်ပံ့ပေးချင်တယ်ဆိုရင် ဒီလို အဖွဲ့အစည်ဖွဲ့ပြီးမှ မဟုတ်ဘူး သီးသန့်အနေနဲ့ ပေးလို့ရတာပဲ တကယ်လုပ်နေတဲ့ အသင်းတွေဆိုလည်းသိနေတာပဲ ဒီအသင်းအတွက် ဘာလိုအပ်လဲ လိုအပ် သလောက် စာရင်းကောက်ထုတ်ပေးလိုက်လည်း အစိုးရအနေနဲ့ရတာပဲ တချို့ကလည်း ပြောတာရှိတယ် ဒါနိုင်ငံရေး ဖျာဝင်ခင်းတာလို့ အဲဒါမျိုးအထိ အသံတွေထွက်နေတာတွေ ရှိတယ်"

စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။

အဖွဲ့ဝင်တွေအဖြစ် အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ် တွေနဲ့ ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်တို့ ပါဝင်ပါတယ်။

နေပြည်တော် ကိုဗစ်နိုင်တီး စေတနာ့ဝန်ထမ်းအဖွဲ့က နာယကလည်းဖြစ်သလိုNLD ပါတီက လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်တဲ့ ဦးတင်သစ် ကတော့ စေတနာ့ဝန်ထမ်းတွေကို ထိုက်သင့်တဲ့အကူအညီ စောင့်ရှောက်မှုတွေကို ပေးဖို့လိုအပ်နေတဲ့အချိန်မှာ အစိုးရအနေနဲ့ အခုလိုစီစဉ်ဆောင်ရွက်လာတဲ့ဟာ နိုင်ငံအတွက်ကောင်းတဲ့လက္ခဏာဖြစ်တယ်လို့ပြောပါတယ်။

"စေတနာ့ဝန်ထမ်းတွေကို ထိုက်သင့်တဲ့ အကူအညီတွေ စောင့်ရှောက်မှုတွေ ထောက်ပံ့မှုတွေ ဒါတွေက ပေးပို့လိုလိမ့်မယ်လို့ ကျနော်တို့ကိုယ်တိုင်ပဲ စဉ်းစားမိနေတဲ့ အခြေအနေ ဒီအခြေအနေမှာ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် အထူးသဖြင့် အစိုးရက ပါဝင်လာပြီးတော့မှ စေတနာ့ဝန်ထမ်းတွေနဲ့ ပေါင်းစပ်ပြီးတော့မှ ကိုဗစ်နိုင်တီး ကာကွယ်ရေးကို ဆောင်ရွက်မယ်ဆိုတာ ဒါကျနော်တို့ နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာလို့ ပြောချင်ပါတယ်"

စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူးဖြစ်တဲ့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း“Quarantine လုပ်နေတဲ့သူတွေကို လိုအပ်တဲ့စောင့်ရှောက်ကူညီမှုတွေ ပေးဖို့၊ စနစ်တကျလေ့ကျင့်ထားတဲ့ စေတနာ့ဝန်ထမ်းတွေက ပံ့ပိုးကူညီကြမှာဖြစ်ကြောင်းနဲ့ စေတနာ့ဝန်ထမ်း အဖြစ် မိမိရဲ့အချိန်၊ လုပ်အား၊ ကျွမ်းကျင်မှု၊ အကြံဉာဏ် စတာတွေကို အခကြေးငွေမယူဘဲ၊ လုပ်ငန်းစဉ်မှာ သတ်မှတ်ချိန်ကာလအပြည့် မိမိဆန္ဒအရပါဝင်ဖို့ ကြိုဆိုဖိတ်ခေါ်ကြောင်း”သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒါ့အပြင်ဦးဆောင်အဖွဲ့မှာ ပါဝင်ကြမယ့် စေတနာ့ဝန်ထမ်းတွေအတွက် လိုအပ်တဲ့သင်တန်းပေးတာ၊ လုံခြုံရေး အကာအကွယ်တွေ ဆောင်ရွက်ပေးတာ၊ အနေအထိုင်အစားအသောက်၊ အသွားအလာကိစ္စတွေအတွက် စနစ် တကျပံ့ပိုးကူညီတာ၊ လုံလောက်တဲ့အနားယူအပန်းဖြေမှုရရှိစေတာနဲ့ နိုင်ငံတော်က အသိအမှတ်ပြုခြင်းတွေ ဆောင်ရွက်ပေးလိုတဲ့အတွက် ဒီအဖွဲ့ကိုဖွဲ့စည်းတာဖြစ်တယ်လို့လည်း ဒေါက်တာဝင်းမြတ်အေး က ရေးထား ပါတယ်။

ရန်ကုန်က ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မရွေးရှင်သန်မှုလူမှုကူညီရေးအဖွဲ့က ကိုမင်းမင်းထွန်း ကတော့ သူအနေနဲ့စေတနာ့ဝန်ထမ်းအဖြစ်ဆောင်ရွက်ဖို့ စာရင်းပေးထားပြီး၊ အခုလိုအချိန်မှာ သဘောထားကွဲလွဲတာတွေ မဖြစ်သင့်ဘဲ၊ အမျိုးသားရေးစိတ်နဲ့ ရောဂါတိုက်ဖျက်ရေးအတွက် အားလုံးအတူဆောင်ရွက်ရင် ပိုကောင်းမယ်လို့ သူ့အမြင်ကိုပြောပါတယ်။

"နိုင်ငံတော်အတိုင်ပင်ခံခေါင်းဆောင်ပုဂ္ဂိုလ်က ဥက္ကဋ္ဌလုပ်မယ် အဲဒီမှာ သဘောထားကွဲလွဲတာတွေ အားလုံးကို ဒီအချိန်မှာ ကိုဗစ်နိုင်တီးက အမျိုးသားရေး ဖြစ်နေတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် သဘောထား မကွဲလွဲဘဲနဲ့ ကိုယ်ယုံကြည်ရာကို လွတ်လွတ်လပ်လပ်လုပ်လို့ရပါတယ်။ လုပ်တဲ့နေရာမှာလည်း သူက ငါနဲ့ မလုပ်လို့ ရန်သူဆိုတာမျိုး စိတ်မထားဘဲနဲ့ အမျိုးသားရေးဆိုတဲ့စိတ်နဲ့ပဲ အားလုံးပူးပေါင်းဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်"

နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လူမှုရေးဝန်ကြီးတွေက မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်အလိုက် Quarantine Center တွေမှာ လက်ရှိဆောင်ရွက်နေတဲ့ စေတနာဝန်ထမ်းတွေရဲ့စာရင်း၊ နောက်ထပ်စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လိုသူတွေရဲ့စာရင်း အပါအဝင်Quarantine Center တွေမှာ လိုအပ်တာတွေကို စတင်စာရင်းကောက်ယူနေပါပြီ။

စေတနာ့ဝန်ထမ်းတွေအတွက် ဘဏ္ဍာရှာဖွေးရေးကိစ္စတွေ၊ မြို့နယ်အလိုက်ရုံးခန်းတွေ၊ အနားယူနိုင်ဖို့နေရာတွေ၊ စေတနာ့ဝန်ထမ်းတွေကို ကျန်းမာရေးစစ်ဆေးပေးတာတွေ၊ လိုအပ်တဲ့လုံခြုံရေး ရောဂါကာကွယ်ရေးပစ္စည်းနဲ့ ဆေးဝါးတွေ၊ သယ်ယူပို့ဆောင်ရေးကိစ္စရပ်တွေကို အစိုးရက ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမယ်လို့လည်း ဧပြီ လ၂၅ ရက် ရက်စွဲနဲ့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်တဲ့ “အမျိုးသားဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့” ဖွဲ့စည်းကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပေးအပ်တဲ့လုပ်ငန်းတာဝန်တွေကို သတ်မှတ် ကာလပြီးမြောက်တဲ့အထိ တာဝန်ထမ်းဆောင်ပြီးတဲ့ စေတနာ့ဝန်ထမ်းတွေကိုလည်း နိုင်ငံတော်ကနေ အသိ အမှတ်ပြုတံဆိပ်နဲ့ ဂုဏ်ပြုမှတ်တမ်းတွေ ပေးအပ်သွားမယ်လို့လည်း သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။