အမေရိကန်ရဲ့ NDAA ဥပဒေ မြန်မာအတွက် ဘယ်လိုအကျိုးရှိမလဲ

ဒီဇင်ဘာလ ၂၇ ရက်နေ့က အတည်ပြုလိုက်တဲ့ National Defense Authorization Act NDAA မှာ အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၇၇၀ ဘီလျံ အသုံးပြုဖို့ ခွင့်ပြုချက်ပေးလိုက်တာဟာ အဓိက ဖြစ်ပေမယ့်၊ အမေရိကန် အစိုးရကနေ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အားပေးထောက်ခံဖို့အတွက် ပြဋ္ဌာန်းချက်အချို့လည်း ပါဝင်နေတာ တွေ့ရပါတယ်။

၂၀၂၁၊ ဇန်နဝါရီ ၃ ရက်နေ့က အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ဝါရှင်တန်ဒီစီမှာ ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရပြီး အောက်လွှတ်တော်အဖွဲ့ဝင်များ ကျမ်းသစ္စာကျိန်ဆိုဖို့ ပြင်ဆင်နေစဉ် Photo: ERIN SCOTT / POOL / AFP

ဒီဇင်ဘာလ ၂၇ ရက်နေ့က အတည်ပြုလိုက်တဲ့ National Defense Authorization Act NDAA မှာ အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၇၇၀ ဘီလျံ အသုံးပြုဖို့ ခွင့်ပြုချက်ပေးလိုက်တာဟာ အဓိက ဖြစ်ပေမယ့်၊ အမေရိကန် အစိုးရကနေ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အားပေးထောက်ခံဖို့အတွက် ပြဋ္ဌာန်းချက်အချို့လည်း ပါဝင်နေတာ တွေ့ရပါတယ်။

စာမျက်နှာ ၉၁၀ မျက်နှာ ပါဝင်တဲ့ ဒီ ဥပဒေမှာ ပါဝင်တဲ့ အခန်းအများစုက အမေရိကန်ကာကွယ်ရေး အသုံးစရိတ်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေဖြစ်ပေမယ့် ဒီ ဥပဒေရဲ့ အခန်း ငါးခုမှာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေကို အရေးယူဆောင်ရွက်ဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိဖို့ အမေရိကန် အစိုးရက ဆောင်ရွက်ရမယ့် ပြဌာန်းချက်တွေ ပါဝင်မယ့် Burma Act လို့ခေါ်တဲ့ ဥပဒေကြမ်း အတည်ပြုနိုင်ဖို့ ကြိုးပမ်းနေချိန်မှာ အခုလို NDAA ဥပဒေ ပေါ်ထွက်လာတာဖြစ်ပါတယ်။

အခု ထွက်ပေါ်လာတဲ့ NDAA ဥပဒေဟာ Burma Act လောက် ပြင်းထန်မှု မရှိပေမယ့်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဖြစ်ထွန်းဖို့ ဆောင်ရွက်ချက်တွေအတွက် တိုးတက်မှုတစ်ခုဖြစ်တယ်လို့ အမေရိကန် လွှတ်တော်မှာ Burma Bill ဥပဒေကြမ်း အတည်ပြုနိုင်ဖို့ စည်းရုံးလှုံ့ဆော်နေတဲ့ Campaign for New Myanmar အဖွဲ့က Michael Haack က ပြောပါတယ်။

ဒီဥပဒေထဲမှာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ အခန်း ငါးခန်း ပါဝင်ပါတယ်။ ဒီအထဲမှာ အောက်လွှတ်တော်အမတ် Maxine Water ရေးသားခဲ့တဲ့ အခန်းမှာ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့တို့လို အဖွဲ့အစည်း တွေကနေ စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ စီမံကိန်းတွေကို ချေးငွေပေးတာ မလုပ်ဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။ နောက်အခန်းတစ်ခုက အာဆီယံအဖွဲ့ကနေ တစ်ဆင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ထွန်းကားလာအောင် လုပ်ဆောင်ဖို့ ပြောထားတာဖြစ်ပါတယ်။ အထက်လွှတ်တော်အမတ် Mitch McConnell ရေးသားတဲ့ အခန်းမှာတော့ အမေရိကန် အစိုးရရဲ့ အေဂျင်စီ အသီးသီးက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး အတွက် ဆောင်ရွက်ချက်တွေကို လွတ်တော်ကို အစီရင်ခံစာ တင်သွင်းဖို့ ပြဋ္ဌာန်းချက်ဖြစ်ပါတယ်။ ဒီအထဲမှာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို တရားဝင်ပြု legitimize လုပ်ဖို့နဲ့ လူသားချင်း စာနာမှု အကူအညီ တွေ ပေးအပ်ဖို့ အကြောင်းအရာတွေ ပါဝင်ပါတယ်။ ဒီဥပဒေကြောင့် USAID လို အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ လုပ်ငန်းတွေ အားလုံးကို လွှတ်တော်ကို ပြန်လည်သတင်းပို့ဖို့ လိုမှာဖြစ်ပြီး၊ မြန်မာ့ အရေးနဲ့ ပတ်သက်လို့ ဒီမိုကရေစီ ပြန်လည် ဖော်ဆောင်ဖို့ မဟာဗျူဟာ ချမှတ် ဆောင်ရွက်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။

Campaign for New Myanmar အဖွဲ့က စည်းရုံးလှုံ့ဆော်နေတဲ့ Burma Act ဥပဒေကတော့ မြန်မာ့ ဒီမိုကရေစီ အရေးအတွက် သီးသန့် ပြဋ္ဌာန်းချက်တွေ ပါဝင်မယ့် ဥပဒေ ဖြစ်ပြီး၊ အမေရိကန် အစိုးရက မြန်မာနိုင်ငံကို လူသားချင်း စာနာမှု အကူအညီတွေ ပေးဖို့၊ မြန်မာ စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကို ဒဏ်ခတ် အရေးယူမှုတွေ တိုးမြှင့်ဖို့၊ စစ်ကောင်စီရဲ့ ဝင်ငွေ အရင်းအမြစ်တွေကို ဖြတ်တောက်ဖို့နဲ့ ရိုဟင်ဂျာတွေ လူမျိုး တုံး သတ်ဖြတ်မှု ကျူးလွန်ခံရကြောင်း တရားဝင် ကြေငြာပေးဖို့ စတဲ့ အချက်တွေ ပါဝင်မှာ ဖြစ်တယ်လို့ Michael Haack က ပြောပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ NDAA ဥပဒေနဲ့ ပတ်သက်ပြီး၊ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုဖို့ ဖြစ်ကြောင်း သတင်းမီဒီယာအချို့က ဖော်ပြနေကြပေမယ့်၊ ဒီဥပဒေထဲမှာ တရားဝင် အသိအမှတ်ပြုဖို့ ဆိုတဲ့ အသုံးအနှုန်း မတွေ့ရတဲ့အကြောင်း Michael Haack က ပြောပါတယ်။

ဒီဥပဒေဟာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ ဆက်ဆံရေးအတွက် အဆင့် တစ်ဆင့် တိုးတက်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ NUG ကို တရားဝင် အသိအမှတ်ပြုဖို့ တောင်းဆိုထားတာတော့ မပါဝင်ပါဘူး။ ဒီဥပဒေ ထဲမှာ စကားလုံး အသုံးအနှုန်းကို တော်တော် သတိထားသုံးထားတာ တွေ့နိုင်ပါတယ်။ အမေရိကန် အစိုးရ အေဂျင်စီတွေအနေနဲ့ NUG ကို legitimize တရားဝင် ပြုပြီး၊ အာဏာသိမ်း စစ်ကောင်စီကို delegitimize တရားမဝင်ပြုဖို့အတွက် ဘာတွေ လုပ်နေတယ်ဆိုတာ လွှတ်တော်ကို သတင်းပို့ တင်ပြရမယ်လို့ ဆိုထား ပါတယ်။ NUG ကို legitimize လုပ်ပေးတယ် ဆိုတာနဲ့ ပတ်သက်ပြီး၊ အမေရိကန် အစိုးရ အေဂျင်စီတွေ၊ သံတမန်တွေက NUG ဝန်ကြီးတွေကို လက်ခံတွေ့ဆုံတာတို့၊ ဒီလိုတွေ့ဆုံနေတဲ့ ဓာတ်ပုံတွေကို တရားဝင် ထုတ်ပြန်တာတို့ ရှိပြီးဖြစ်ပါတယ်။ ဒီဥပဒေအရေ အခုလို NUG ကို အားပေးထောက်ခံကြောင်း ပြသတဲ့ အပြုအမူတွေ ပိုပြီးလုပ်ဖို့၊ နိုင်ငံခြားရေးဌာနနဲ့ အခြား အစိုးရ အေဂျင်စီတွေကို တိုက်တွန်းတဲ့သဘော ဖြစ်ပါတယ်။ ဒါပေမဲ့ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရ အဖြစ် အသိအမှတ်ပြုကြောင်း ကြေညာတဲ့ formal recognition လုပ်ဖို့ ပြောထားတာတော့ မတွေ့ရပါဘူး။

ဒီ NDAA ဥပဒေအရ အမေရိကန် အစိုးရအနေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အရေး လှုပ်ရှားနေတဲ့ အင်အားစုတွေကို အားပေးထောက်ခံဖို့ ပြဋ္ဌာန်းချက် ပါဝင်ပေမယ့်၊ ဘယ်လိုပုံစံနဲ့ အားပေးထောက်ခံရမယ်လို့ တိတိကျကျ ပြောထားတာ မတွေ့ရတဲ့အကြောင်း၊ ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် ရန်ပုံငွေ ဒါမှမဟုတ် သင်တန်းတွေ ပေးအပ်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ Michael Haack က သုံးသပ်ပါတယ်။

ဒီ ဥပဒေအရ အမေရိကန် အစိုးရရဲ့ ဖက်ဒရယ်အဆင့် အေဂျင်စီ အဖွဲ့အစည်းအားလုံးဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး တိကျသေချာတဲ့ မဟာဗျူဟာကျ အစီအစဉ်တွေ ရေးဆွဲလုပ်ဆောင်ဖို့ လိုအပ်လာမှာ ဖြစ်တဲ့ အကြောင်း၊ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကိုလည်း အားပေးထောက်ခံတဲ့ အဆင့်ကနေ တရားဝင် အသိအမှတ်ပြုတဲ့ အဆင့်ကို တိုးတက်လာနိုင်တဲ့အကြောင်း သူက သုံးသပ်ပါတယ်။

အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရဖြစ်ကြောင်း နိုင်ငံတကာက အသိအမှတ်ပြုခံရဖို့ ကြိုးပမ်း အားထုတ်မှုတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်နေပြီး၊ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး တက်ရောက်ခွင့်ရဖို့ နဲ့ အမေရိကန် အစိုးရက ထိန်းချုပ်ထားတဲ့ မြန်မာအစိုးရရဲ့ အရန်ဘဏ္ဍာငွေ ဒေါ်လာ တစ်ဘီလျံကို NUG အစိုးရကို လွှဲပြောင်းပေးဖို့အတွက်လည်း NUG ဘက်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

Campaign for a New Myanmar အဖွဲ့က အမေရိကန် လွှတ်တော်ကနေ အတည်ပြုပေးဖို့ လှုံ့ဆော်နေတဲ့ Burma Act ဥပဒေကြမ်းကတော့ အခုအချိန်မှာ၊ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ပါတီ နှစ်ရပ်လုံးက အမတ် တွေရဲ့ ထောက်ခံမှုကို ရထားပေမယ့်၊ မဲခွဲဆုံးဖြတ်တဲ့အဆင့် မရောက်သေးကြောင်းနဲ့ လာမယ့်နှစ်မှာ အတည်ပြုနိုင်လိမ့်မယ်လို့ ခန့်မှန်းတဲ့အကြောင်း သူက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org