ပိတ်ဆို့မှုတွေကြားက ပြည်ပကို ထွက်နေတဲ့ မြန်မာ့သစ်များ
2022.03.08
စစ်တပ်က ချုပ်ကိုင်ထားတဲ့ MTE မြန်မာ့သစ်လုပ်ငန်းကို ဒဏ်ခတ်အရေးယူထားတဲ့ နိုင်ငံတွေကို အမေရိကန်ဒေါ်လာ ၃၇ သန်းကျော်ဖိုးရှိတဲ့ သစ်တွေကို စစ်ကောင်စီက တင်ပို့တယ်လို့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် ပတ်ဝန်းကျင်ရေးရာ အကျိုးဆောင် Forest Trends အဖွဲ့က ပြောကြားလိုက်ပါတယ်။
ဒီလ ၇ ရက်နေ့က ထုတ်ပြန်တဲ့ Myanmar’s Timber Trade One Year Since the Coup စစ်အာဏာသိမ်းပြီးချိန်ကစလို့ တစ်နှစ်တာ မြန်မာ့သစ် ကုန်သွယ်မှု ဆိုတဲ့ အစီရင်ခံစာမှာ အဲဒီလို ဖော်ပြလိုက်တာပါ။
စစ်အာဏာသိမ်းလိုက်တဲ့ မနှစ်က ဖေဖော်ဝါရီက နိုဝင်ဘာအတွင်း သစ်ကုန်သွယ်မှု ပမာဏ က အမေရိကန်ဒေါ်လာ သန်း ၁၉၀ ကျော်ဖိုးရှိပါတယ်။ ဒီအထဲ ဒေါ်လာ ၃၂ သန်းဖိုးက MTE ကို အရေးယူထားတဲ့ နိုင်ငံတွေဆီတင်ပို့တာဖြစ်ပြီး ၂၂ သန်းဖိုးက အီးယူ-ဥရောပ သမဂ္ဂ နိုင်ငံတွေဆီ ကျန် ၁၅၄ သန်းဖိုးကတော့ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ထိုင်း အပါအဝင် ဒဏ်မခတ်အရေးမယူတဲ့ နိုင်ငံတွေကို တင်ပို့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီကို အရေးမယူတဲ့နိုင်ငံတွေဖြစ်ရင်တောင် MTE ကို အမေရိကန်ဒေါ်လာနဲ့ ငွေပေးချေနေတာမို့ အမေရိကန်ပြည်တွင်းကပဲဖြစ်ဖြစ်၊ ပြည်ပကပဲဖြစ်ဖြစ် အမေရိကန်က ပိတ်ဆို့အရေးယူထားမှုကို ချိုးဖောက်တဲ့သဘောပဲလို့ Forest Trends က ထောက်ပြ ပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစလို့ အမေရိကန်ပြည်ထောင်စု၊ အီးယူ၊ ဗြိတိန်နဲ့ ကနေဒါတို့က စစ်ခေါင်းဆောင်တွေကို စီးပွားရေးအရ ပိတ်ဆို့အရေးယူ ဒဏ်ခတ်ပါတယ်။ စစ်ကောင်စီ အတွက် ဝင်ငွေရနေတဲ့ သတ္တုတူးဖော်ရေး၊ သစ်တော၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း စတာတွေကိုလည်း ပစ်မှတ်ထား အရေးယူပါတယ်။ ဒါပေမဲ့ အမေရိကန်ကုမ္ပဏီတွေဟာ မြန်မာ့သစ်တွေ ဝယ်ယူတယ်လို့ ပြောပါတယ်။
ဒါနဲ့ ပတ်သက်လို့ အမေရိကားမှာ တရားမဝင်သစ်တွေ တင်သွင်းခွင့်ကို ပိတ်ပင်ဖို့ ပြဌာန်း ထားတဲ့ Lacey Act ကို တိတိကျကျ ကျင့်သုံးသင့်တယ်လို့ Asia Climate Change Consortium အာရှတိုက် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အဖွဲ့ဝင်ဦးအိုလာက ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို သုတေသန လုပ်နေတဲ့ JFM- Justice for Myanmar ကလည်း မြန်မာ့ကျွန်းသစ်တွေကို အမေရိကန်ကုမ္ပဏီတွေက ဝယ်ယူတဲ့အကြောင်း ဒီနှစ်ဇန်နဝါရီမှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံကနေ ကျွန်းသစ်တန်ချိန် ၁၆၀၀ နီးပါး တင်သွင်းတယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်အတွင်း လမ်းကြောင်း အမျိုးမျိုးကနေ သစ် ၈၂ ကြိမ် တင်သွင်းပါတယ်။
အမေရိကန်သစ်မာဈေးကွက်မှာ နေရာယူထားတဲ့ လက္ကားနဲ့ ပရိဘောဂဆိုင်တွေဟာ စစ်ကောင်စီချုပ်ကိုင်တဲ့ MTE တိုက်ရိုက်မဆက်သွယ်ဘဲ ကြားခံ အဆက်အသွယ် ထားတယ်လို့ ပြောပါတယ်။
အမေရိကန်က တင်သွင်းတဲ့ ပမာဏဟာ ၂၀၂၁ မှာ ၂၀၂၀ ပြည့်နှစ်ကထက်များပေမဲ့ မြန်မာ့သစ်လုပ်ငန်းကို အမေရိကန်က မနှစ်က ဧပြီမှာ ဒဏ်ခတ်ပြီးတဲ့နောက် သုံးပုံ နှစ်ပုံ ကျဆင်းသွားတယ်လို့ Forest Trends က ပြောပါတယ်။
ဦးအိုလာကတော့ ဥပဒေအတိုင်း မတင်းကျပ်နိုင်ရင် ပိတ်ဆို့အရေးယူမှုက မထိရောက်ဘဲ တရားမဝင်လုပ်ကိုင်တာတွေပိုများမယ်လို့ ရှုမြင်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် သဘာဝပိုပျက်စီးရတယ် လို့လည်း စိမ်းရောင်စိုသဘာဝ အစိမ်းအဖွဲ့ဦးဆောင်သူ ဦးမောင်မောင်ဦးကလည်း ပြောပါတယ်။
နိုင်ငံမတည်မငြိမ်ဖြစ်ရင် တရားမဝင်လုပ်ငန်းတွေ အားကောင်းတတ်ပြီး စစ်ကောင်စီကို အရေးယူတဲ့ နိုင်ငံတွေဆီ မြန်မာ့သစ်တွေ စီးဝင်တာမို့ သစ်ကနေ ဝင်ငွေရနေပါတယ်။
မြန်မာစစ်တပ်အတွက် ပြည်ပဝင်ငွေ စီးဝင်နေတာ တကယ်ဖြတ်တောက်ချင်တဲ့ ဆန္ဒရှိရင် လုပ်နိုင်နေတာထက် ပိုလုပ်စရာအများကြီးရှိတယ်လို့ Forest Trends အဖွဲ့က ပြောပါတယ်။