ကပ်ဘေး စည်းကမ်းချက်ကြောင့် မြဝတီနယ်စပ်ကုန်သွယ်မှု နှောင့်နှေး
မြန်မာနိုင်ငံဘက်ကလာတဲ့ ကုန်တင်ယာဉ်မောင်း သုံးဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံနေရကြောင်း တွေ့ရှိခဲ့ပြီးနောက် နယ်စပ်ကုန်စည်တွေကို သတ်မှတ်ထားတဲ့ဇုန်တွေ အထိပဲ တင်ပို့ဖို့ ထိုင်း-မြန်မာ နှစ်နိုင်ငံ သတ်မှတ်လိုက်ပါတယ်။
-
လုဆိုင်း
2020-10-14 -
-
-
အတည်ပြုလူနာများပြားလာပြီး သေဆုံးမှုနှုန်း မြင့်တက်နေတဲ့ မြန်မာနိုင်ငံဘက်ကလာတဲ့ ကုန်တင်ယာဉ်မောင်းသူ သုံးဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း တွေ့ရှိခဲ့ပြီးနောက် နယ်စပ်ကုန်စည်တွေကို သတ်မှတ်ထားတဲ့ ဇုန်တွေအထိပဲ တင်ပို့ဖို့ ထိုင်း-မြန်မာ နှစ်နိုင်ငံ သတ်မှတ်လိုက်ပါတယ်။
ထိုင်းမြန်မာနယ်စပ် အဓိက ကုန်စည်ကူးသန်းမှု လမ်းကြောင်းဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကြား နှစ်ဘက်ကုန်သွယ်မှုကို အောက်တိုဘာလ ၁၁ ရက်နေ့ကစပြီး ကန့်သတ်လိုက်တဲ့အတွက် နယ်စပ်ကုန်သွယ်ရေးအခြေအနေအပေါ် သက်ရောက်မှု ကြီးကြီးမားမား ဖြစ်ပေါ်နေပါတယ်။
မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ် ၂ အနီးမှာ border control facilaty (BCF) ကုန်သွယ်ရေးဇုန် သတ်မှတ်ထားပြီး ကုန်သွယ်ရေး လမ်းကြောင်းကို ကန့်သတ်လိုက်တယ်လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။
ကုန်တင်ယာဉ်မောင်းတွေဟာ ယခင်သွားနေကျနေရာတွေမှာ ကုန်ပစ္စည်း သွားရောက် ပို့ဆောင်ရမယ့်အစား BCF ကုန်သွယ်ရေးဇုန်သစ်မှာ ပစ္စည်းအတင်အချလုပ်ကြပါတယ်။
ဒီလို ကန့်သတ်လိုက်တဲ့နည်းလမ်းက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ဟန့်တား ထိန်းချုပ်နိုင်ပေမယ့် ကန့်သတ်မှုနောက်ဆက်တွဲအနေနဲ့ မြဝတီ- မဲဆောက်မြို့ကြား ကုန်တင်ကားတွေ ဖြတ်သန်းမှု လျော့နည်းပြီး ကုန်သွယ်မှု ထိခိုက်ခဲ့တယ်လို့ ဦးတေဇာအောင်က ပြောပါတယ်။
“အရင်က သာမန်အားဖြင့်၊ တစ်နေ့တစ်နေ့ ကုန်တင်ယာဉ် ၃၀၀ လောက် သွားနေရာကနေ မနေ့က ၆၀ လောက်ပဲသွားတယ်။ ကုန်ဖြတ်ရတဲ့ အခက်အခဲတွေရှိတာပေါ့။ နောက်တခါ ပြန်ပို့ရတာရှိတာပေါ့။ နောက်ပိုင်းတော့ ပြန်တက်လာမှာပါ။ မနေ့က data (အချက်အလက်) အရ ၂၀ ရာခိုင်နှုန်းပဲ။ ၈၀ ရာခိုင်နှုန်း ကျသွားတယ်။ ကုန်သွယ်မှု မရပ်တန့်ရုံတမယ်ပါပဲခင်ဗျ”
ကုန်တင်ကားတွေကို ကန့်သတ်ထားမှု ဘယ်အချိန် ဖြေလျှော့ပေးမလဲ ဆိုတာ ကပ်ရောဂါ ထိန်းချုပ်နိုင်တဲ့ အခြေအနေပေါ် မူတည်တယ်လို့ ဦးတေဇာအောင်က ခန့်မှန်းပါတယ်။
မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက မြန်မာ ကုန်တင်ယာဉ်မောင်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ခဲ့အပြီး ကုန်သွယ်မှု ကန့်သတ်ချက် ပေါ်ပေါက်လာတာကြောင့် ကုန်သွယ်ရေးပိုင်းမှာ နှစ်နိုင်ငံလုံး ထိခိုက်တယ်လို့ ပြောပါတယ်။
“အကုန်လုံး ကိုယ့်ဧရိယာမှာ ကိုယ်ရပ် ထိုင်းမှာရှိတဲ့ BCFဇုံမှာပေါ့။ စက်မှုဇုံမှာရပ်။ ပြီးတော့ စစ်ဆေးခံ၊ ထိုင်းဘက် မြန်မာဘက်ပို့ရင် မြန်မာကားနဲ့သယ်၊ မြန်မာဘက်က ထိုင်းဘက်ကိုပို့ရင် ထိုင်းကားနဲ့ပို့ အဲမှာရပ်ထား၊ BCF မှာ။ တိုက်ရိုက်သွားလို့မရဘူး။ မြန်မာက မြန်မာကား၊ ထိုင်းက ထိုင်းကား၊ ကိုယ့်ကုန်စည် ကိုယ်သယ်ပေါ့။ အမှန်တော့ ထိုင်းနိုင်ငံက ဒီကုန်စည်စီးဆင်းမှုအတွက် ပိုအရှုံးပေါ်တာပေါ့။ ထိုင်းနိုင်ငံက ပို့ကုန်ပိုများတယ်လေ။ ဒီကိုဗစ်အရေးပေါ်ကာလမှာ ထိုင်းက အရှုံးပေါ်ပေမဲ့လည်း အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားကျန်းမာရေး ကိုဗစ်ကို ပိုပြီးတော့ အလေးထားတယ်။ ထိုင်းနိုင်ငံက ကုန်သွယ်ရေး ပိုအရှုံးပြတယ်။ ဒို့နှစ်နိုင်ငံလုံး အရှုံးပေါ်တယ်။ ထိုင်းနိုင်ငံက ကုန်သွယ် စီးပွားရေး ငွေကြေးအားဖြင့် အရှုံးပေါ်တယ်။ မြန်မာဘက်ကကျတော့လည်း ကုန်စည်တွေ ပြတ်လပ်မှု၊ စားသောက်ကုန်တွေ ပြတ်လပ်မှု စားသုံးသူတွေက ရင်ဆိုင်ရတယ်”
မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတား ကုန်သွယ်ရေးလမ်းကနေ မြန်မာပြည်ဘက်က ပြောင်း၊ ဆန်၊ ပဲ၊ ဂေါ်ဖီထုတ်၊ သား၊ ငါး တင်ပို့ပြီး ထိုင်းဘက်ကတော့ အိမ်ဆောက်ပစ္စည်းတွေ၊ လူသုံးကုန်၊ ကုန်ခြောက်၊ အစား အစာ၊ အချိုရည်စတဲ့ ကုန်ပစ္စည်းတွေ တင်ပို့နေတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
ကပ်ဘေးကာလအတွင်း ထိုင်း-မြန်မာနယ်စပ် ကုန်စည်စီးဆင်းမှု ကျဆင်းသွားတာမရှိဘဲ ကုန်သွယ်မှု မြှင့်တက် ခဲ့ပါတယ်။ မနှစ်က ၂၀၁၈-၂၀၁၉ ခုနှစ်မှာ အမေရိကန် ဒေါ်လာ သန်း ၉၆၀ ရခဲ့ပေမယ့် ဒီနှစ် ၂၀၁၉- ၂၀၂၀ ခုနှစ်မှာ ဒေါ်လာသန်း ၁၂၀၀ ကျော် ၁၂၇ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
အောက်တိုဘာလ ၁၃ ရက်နေ့ ဘန်ကောက်ပို့စ် သတင်းစာ အင်တာနက်စာမျက်နှာ သတင်းတစ်ပုဒ်မှာတော့ ကျန်းမာရေးဌာန မော်တော်ယာဉ်တွေက မဲဆောက်မြို့ ရပ်ကွက်တွေ၊ ဈေးတွေကို သွားရောက်ပြီး ထိုင်းနဲ့ မြန်မာနိုင်ငံသားတွေကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ မရှိ အရေးပေါ် စစ်ဆေးပေးနေတယ်လို့ ဖော်ပြထားပါတယ်။
စစ်ဆေးမှုကို အောက်တိုဘာလ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ ပြုလုပ်မယ်လို့ ဆိုပါတယ်။
မဲဆောက်မြို့မှာ စက်ရုံအလုပ်ရုံ အများအပြားရှိပြီး မြန်မာပြည်သားအများအပြား သွားရောက်အလုပ်လုပ်ကိုင် နေကြတာပါ။
မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားကတဆင့် နေရပ်ပြန်တဲ့ အရေအတွက်ဟာ ၂၀၂၀ ပြည့်နှစ် မတ်လလယ်ကနေ အောက်တိုဘာလ ၁၁ ရက်နေ့အထိ ၁၂၀၀၀ ကျော် ရှိခဲ့ပြီး နေ့စဉ် ပြန်လာနေကြဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အတည်ပြုလူနာ သုံးသောင်းဝန်းကျင် ဖြစ်နေချိန်မှာ ထိုင်းနိုင်ငံမှာတော့ အတည်ပြုလူနာ သုံးထောင်ကျော်သာ ရှိနေပါတယ်။