၁၂ နှစ်အတွင်း မြန်မာစစ်တပ်ကျူးလွန်မှုတွေကို SFM သုတေသနအဖွဲ့ အစီရင်ခံစာထုတ်ပြန်
မြန်မာစစ်တပ် ခေါင်းဆောင်တွေထဲမှာ အပြင်းထန်ဆုံး လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုး ကျူးလွန်ခဲ့တဲ့သူကတော့ စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦး ဖြစ်တယ်လို့လည်း SFM သုတေသနအဖွဲ့က ဆိုပါတယ်။
-
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023-11-11 -
-
-
အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ် ဥပဒေဌာနရဲ့ လူ့အခွင့်အရေး အင်စတီကျု လက်အောက်က ကမ္ဘာတစ်ဝန်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းစစ်ဆေးတဲ့ Security Force Monitor (SFM) သုတေသနအဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့က ‘Under Whose command?’ ဆိုတဲ့ သုတေသန တွေ့ရှိချက် အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။
အဲဒီအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀ ၂၃ ခုနှစ်အထိ မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုအမျိုးမျိုးအတွက် မြန်မာစစ်တပ်ရဲ့ အကြီးတန်းအရာရှိအများစုမှာ တာဝန်ရှိတဲ့အကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။
အပြင်းထန်ဆုံး လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုး ကျူးလွန်ခဲ့တဲ့သူကတော့ စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးဖြစ်တယ်
ဒီသုတေသနအဖွဲ့ရဲ့ တွေ့ရှိချက်တွေအရ မြန်မာစစ်တပ်ရဲ့ အကြီးတန်းခေါင်းဆောင် ၇၉ ဦးရှိတဲ့အထဲက အများစုဟာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်က အကြီးတန်းအရာရှိတွေရဲ့ ၆၄ ရာခိုင်နှုန်း ဒါမှမဟုတ် ၅၁ ဦးဟာ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်အတွင်း သူတို့ လက်အောက်က တပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှု၊ မုဒိန်းမှု၊ နှိပ်စက်ညှဉ်းပန်းမှုနဲ့ အစဖျောက် ရှင်းလင်းမှု စွပ်စွဲချက်တွေအတွက် တာဝန်ရှိတာတွေ့ရပြီး ဒီလို တာဝန်ရှိတဲ့ အကြီးတန်းအရာရှိ ၅၁ ဦးရဲ့ ၅၄ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၈ ဦးဟာ သူတို့လက်အောက်က တပ်ဖွဲ့တွေ ရာဇဝတ်မှု ကျူးလွန်ပြီးတဲ့နောက် ရာထူးတိုးခံရတာ တွေ့ရတယ်လို့ သုတေသနအဖွဲ့က ဖော်ပြပါတယ်။
ဒီလိုရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့ အကြီးတန်းအရာရှိ ၅၁ ဦးထဲက ကျန်တဲ့သူတွေထဲမှာ ကိုးဦးကို ရာထူးတိုးမပေးထားဘဲ သုံးဦးကိုတော့ အနာဂတ်မှာ ရာထူးတိုးမယ်လို့ ယူဆရပြီး ၁၁ ဦးကတော့ ရာထူးတိုးထားသလား အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
မြန်မာစစ်တပ် ခေါင်းဆောင်တွေထဲမှာ အပြင်းထန်ဆုံး လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုး ကျူးလွန်ခဲ့တဲ့သူကတော့ စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦး ဖြစ်တယ်လို့လည်း SFM သုတေသနအဖွဲ့က ဆိုပါတယ်။
ဒီတွေ့ရှိချက်တွေဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် စစ်ဦးစီးချုပ်အဖြစ် စတင်တာဝန်ယူခဲ့တဲ့ အချိန်ကနေ အခုနှစ် မတ်လအထိ ၁၂ နှစ်တာကာလအတွင်း မြန်မာစစ်တပ်ကနေ ဆန္ဒပြလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးကို လေ့လာစုံစမ်းခဲ့တာ ဖြစ်ပါတယ်။
ဒီ ၁၂ နှစ်အတွင်းမှာ မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့တွေ ဖြန့်ကျက်နေရာချထားမှု ဒီတပ်ဖွဲ့တွေရဲ့ တပ်ရင်းမှူးတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ အဲဒီ တပ်ဖွဲ့တွေက ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေကို ခြေရာခံပြီး စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်တယ်လို့ SFM က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီသုတေသန တွေ့ရှိချက်ဟာ မြန်မာစစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတဲ့ ပျောက်ဆုံးနေတဲ့ ကွင်းဆက်တွေထဲက တစ်ခုကို ဖော်ထုတ်လိုက်ပါ။
ဒီမတရားမှုတွေကို မြန်မာစစ်တပ်ရဲ့ အောက်ခြေစစ်သားတွေနဲ့ အမိန့်မနာခံတဲ့ တပ်ဖွဲ့တွေက ကျူးလွန်ခဲ့တာ မဟုတ်ကြောင်း ပြသလိုက်တာ ဖြစ်တယ်လို့ SFM သုတေသနအဖွဲ့ရဲ့ ခေါင်းဆောင် တိုနီ ဝီလဆင်က ပြောပါတယ်။
SFM ရဲ့ အစီရင်ခံစာထဲမှာ မြန်မာစစ်တပ်က တပ်ရင်းမှူးတွေရဲ့ နောက်ကြောင်း ရာဇဝင်တွေကိုလည်း လေ့လာစုံစမ်းဖော်ပြထားပြီး သူတို့လက်အောက်က တပ်ဖွဲ့တွေနဲ့ သူတို့ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ ရာဇဝတ်မှုတွေကိုလည်း အသေးစိတ်ဖော်ပြထားပါတယ်။ ဒီသုတေသန တွေ့ရှိချက်တွေကို အနာဂတ်မှာ တရားမျှတမှုရဖို့ တရားစီရင်ရာမှာ အသုံးပြုနိုင်ဖို့ မှတ်တမ်းအဖြစ်ထားဖို့ ရည်ရွယ်ထားတယ်လို့ SFM အဖွဲ့က ဆိုပါတယ်။
ကိုလံဘီယံတက္ကသိုလ်က SFM သုတေသနအဖွဲ့ဟာ ကမ္ဘာအရပ်ရပ်က လုံခြုံရေးတပ်ဖွဲ့တွေ ကျုးလွန်တဲ့ ရာဇဝတ်မှုအမျိုးမျိုးကို လေ့လာစုံစမ်းခဲ့ပြီး ယီမင်နိုင်ငံကို ဆော်ဒီအာရေးဘီးယား ဦးဆောင်တဲ့ နိုင်ငံစုံအဖွဲ့တွေက ဗုံးကြဲတိုက်ခိုက်တဲ့ ဖြစ်ရပ်မှာ အမေရိကန်နိုင်ငံက နောက်ကွယ်က ပံ့ပိုးကူညီနေတာကို ဖော်ထုတ်ခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
ဒီ SFM အဖွဲ့ရဲ့ အစီရင်ခံစာပါ တွေ့ရှိချက်တွေကို နိုင်ငံတကာသတင်းဌာနတွေက သတင်းဖော်ပြခဲ့ကြပြီး ဒီတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ The Guardian သတင်းစာက စစ်ကောင်စီ တာဝန်ရှိသူတွေဘက်က တုံ့ပြန်ချက်ရဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိဘူးလို့ ဆိုပါတယ်။