မြန်မာအလုပ်သမားတွေကို ပြန်ခေါ်ဖို့ ထိုင်းနိုင်ငံ စီစဉ်နေ
ထိုင်းအစိုးရက လုပ်ငန်းလိုအပ်ချက်အရ မြန်မာ အပါအဝင် ကမ္ဘောဒီးယား၊ လာအို သုံးနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား လေးသိန်းကို နှစ်နိုင်ငံ သဘောတူစာချုပ် (MOU) စနစ်နဲ့ ပြန်ခေါ်ဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြင်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။
-
လုဆိုင်း (ထိုင်း)
2021-08-23 -
-
-
ထိုင်းအစိုးရက လုပ်ငန်းလိုအပ်ချက်အရ မြန်မာ အပါအဝင် ကမ္ဘောဒီးယား၊ လာအို သုံးနိုင်ငံက ရွှေ့ပြောင်း အလုပ်သမား လေးသိန်းကို နှစ်နိုင်ငံ သဘောတူစာချုပ် (MOU) စနစ်နဲ့ ပြန်ခေါ်ဖို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ပြင်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။
နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MOU) အရ အိမ်နီးချင်း သုံးနိုင်ငံက အလုပ်သမားတွေကို ပြန်ခေါ်ဖို့ အလုပ်သမား ဝန်ကြီးဌာနက ပြင်ဆင်နေတယ်လို့ ဘန်ကောက်ပိုစ့်သတင်းမှာ သြဂုတ်လ ၂၂ ရက် နေ့က ဖော်ပြထားပါတယ်။ နိုင်ငံတစ်ဝှမ်းလုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ အလုပ်သမားအင်အား လေးသိန်းနှစ်သောင်း ကျော် လိုအပ်နေတယ်လို့ သုတေသနအဖွဲ့တွေရဲ့အစီရင်ခံစာကို ကိုးကားပြီး ရေးထားပါတယ်။
ကိုဗစ်အရေးပေါ်ကာလမှာ ထိုင်းနိုင်ငံအတွင်း လုပ်သားလိုအပ်ချက်တွေကြောင့် ထိုင်းဝန်ကြီးချုပ်နဲ့ ဒုဝန်ကြီးချုပ်တို့ရဲ့ အစိုးရမူဝါဒအတိုင်း ဆောင်ရွက်ဖို့ သဘောတူကြတယ်လို့ ဆိုပါတယ်။
လိုအပ်နေတဲ့ ရွှေ့ပြောင်းလုပ်သား လေးသိန်းကျော်မှာ နှစ်သိန်းခွဲကျော်က မြန်မာအလုပ်သမားတွေ ဖြစ်တယ် လို့လည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဆိုပါတယ်။ ဒီလိုစီစဉ်နေပေမယ့် ဘယ်လို ညှိနှိုင်းခေါ်ယူမယ် ဆိုတာ တိတိကျကျ မသိရသေးဘူးလို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED ) က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက RFA ကို ပြောပါတယ်။
“သူတို့ပြောတာကတော့ သုသေသနလုပ်လို့ တွေ့ရှိချက်အရ အထူးသဖြင့် မွေးမြူရေး၊ စိုက်ပျိုးရေး၊ နောက်ပြီးတဲ့အခါ ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ အလုပ်တွေမှာ၊ နောက်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လိုအပ်ချက်ကြောင့် မြန်မာ၊ ကမ္ဘောဒီးယာ၊ လာအို သုံးနိုင်ငံ အမ်အိုယူစနစ်နဲ့ ပြန်ခေါ်မယ်လေ။ သူတို့ရဲ့ လုပ်ငန်းတွေ လိုအပ်ချက်အရ ထပ်ပြီးတော့ လုပ်ငန်းခွင် လေး၊ ငါးခုရှိတယ်။ ထိုင်းနိုင်ငံနဲ့ သုံးနိုင်ငံ ညှိနှိုင်း ပြီးတော့ ပြန်ခေါ်ဖို့လုပ်တာပေါ့နော် တိတိကျကျတော့ ဘယ်လိုလုပ်မယ်ဆိုတာတော့ ပြောမထားဘူး”
ထိုင်းအစိုးရက MOU အလုပ်သမားလိုအပ်ချက်အရ ပြန်ခေါ်ဖို့ စီစဉ်ခဲ့တာ ကြာပြီဖြစ်ပေမယ့် ကိုဗစ်အရေးပေါ် ကာလ ဖြစ်တာကြောင့် ခေါ်ယူရေးမှာ ကြန့်ကြာခဲ့တာ ဖြစ်တယ်လို့ ဦးမင်းဦးက ပြောပါတယ်။
“အခုဟာက အလုပ်သမားဝန်ကြီးဌာနအောက်က သွားမယ့်စည်းမျဉ်းစည်းကမ်းက တစ်မျိုး၊ ကျန်းမာရေး ဌာနက ထုတ်ပြန်တဲ့ စည်းမျဉ်းရှိတယ်လေ။ အဲဒါနဲ့ ကိုက်ညီအောင် ညှိပြီးတော့ လုပ်ရမယ့်သဘော၊ အရင် တစ်ခေါက်က ပိုက်ဆံအကုန်အကျတွေ များလို့ အလုပ်ရှင်တွေ မတတ်နိုင်ဘူး။ ဒီတစ်ခေါက်တော့ ဘယ်လို လက်ဝါးရိုက်ပြီး လုပ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့”
၂၀၂၁ ခုနှစ် အစောပိုင်း ကိုဗစ်ကပ်ဘေးကာလမှာ နေရပ်ပြန်သွားကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အတွက် အကျိုးရှိပေမယ့်၊ လက်ရှိမှာတော့ စစ်ကောင်စီ အကျိုးရှိမှာဖြစ်လို့ မြန်မာရွှေ့ပြောင်း အလုပ်သမား တွေအနေနဲ့ ငွေလိမ်လည်ခံရမှာကိုသတိထား သင့်တယ်လို့ အလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ် အဖွဲ့ (AAC) က အထွေထွေတာဝန်ခံ ဦးရဲမင်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပြန်ခေါ်ယူတဲ့ ကိစ္စမှာ အလုပ်သမား အကျိုးဆောင် အဖွဲ့အစည်းတွေက အလုပ်သမားတွေဆီကနေ ငွေကြေး ကြိုတင်ကောက်ခံပြီး အလိမ်ခံရမှာကို စိတ်ပူတယ်လို့ ဦးရဲမင်းက ပြောပါတယ်။
“အလုပ်သမားတွေအတွက်တော့ ကောင်းပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမ်အိုယူစနစ်နဲ့ တက်ဖို့ လုပ်ထားတဲ့ အလုပ်သမားတွေ အများကြီးရှိတယ်။ အဲဒီ အလုပ်သမားတွေအတွက်တော့ အရမ်းကို ကောင်းသွားလိမ့်မယ်။ သူတို့ တက်ခွင့်ရသွားမယ်။ တစ်ဘက်ကတော့ မြန်မာနိုင်ငံမှာက စစ်ကောင်စီ ဖြစ်တဲ့အတွက် အကျိုးအမြတ်တွေ ရသွားမယ်။ ထိုင်းနိုင်ငံထဲ ကြိုတင်ပြီးတော့ အမ်အိုယူ agency တွေကို ထိုင်းဘက်မှာရော၊ မြန်မာဘက်မှာရော ပေးထားတဲ့သူတွေ ပြီးတော့ ထိုင်းကနေ မြန်မာပြည်ထဲကို စာချုပ်နဲ့ ချုပ်ပြီးတော့ ပြန်တက်ဖို့ စောင့်နေတာ နှစ်နဲ့ ချီကြာနေပြီ အဲဒီလူတွေ ပြန်ရသွားမှာပေါ့နော်။ တစ်ဘက်ကကြည့်ရင်လည်း ယုံကြည်စိတ်ချမှု ဘယ်လောက်အတိုင်းအတာထိ ရှိမလဲ။ နောက်ထပ် ငွေကြိုတွေပေး၊ တက်ဖို့လုပ်၊ ပြီးရင် ငွေတွေ ပြန်လိမ်သွားတဲ့စနစ်တွေ ပြန်ပေါ် လာအုန်းမယ်လို့ ကျနော်ကတော့ သုံးသပ်တယ်။”
ထိုင်းအစိုးရ အနေနဲ့တော့ ရွှေ့ပြောင်းလုပ်သားတွေကို ပြန်ခေါ်ယူရေးမှာ သတ်မှတ်ထားတဲ့ ရက်အတွင်း စောင့်ကြည့်တာ၊ ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်တာတွေ လုပ်သွားမှာဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။ အလုပ်အများစုက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဧည့်ဝတ်ပြုရေး နဲ့ အထည်ချုပ်လုပ်ငန်းတွေ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်အရေးပေါ်ကာလအတွင်း မြန်မာနိုင်ငံကို နေရပ်ပြန်သွားတဲ့ မြန်မာအလုပ်သမား သောင်းနဲ့ ချီရှိပါတယ်။ အဲဒီလို ပြန်သွားပြီးနောက်ပိုင်း သူတို့တွေ ထိုင်းနိုင်ငံအတွင်း ပြန်ဝင်ရောက်ရေးအတွက် ကြန့်ကြာ နေတာဖြစ်ပါတယ်။