ပြည်တွင်း ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်တက်
မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး တဖြည်းဖြည်းကျဆင်းလာနေပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က ပြင်ပငွေကြေး ဈေးကွက်မှာ အမေရိကန် တစ်ဒေါ်လာ ၁၃၃၀ ကျပ်၊ ရွှေတစ်ကျပ်သား ၁၃ သိန်းကျပ် ရှိခဲ့ရာကနေ အခု ဩဂုတ်လ ၂၉ ရက် ဒီနေ့မှာတော့ အမေရိကန်တစ်ဒေါ်လာကို ၃၁၀၀ ကျပ်ဝန်းကျင်နဲ့ ရွှေတစ်ကျပ်သားကို ၂၈ သိန်းနဲ့အထက်မှာ ရှိလာနေပါတယ်။
- 2022-08-29
-
-
-
မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး တဖြည်းဖြည်းကျဆင်းလာနေပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က ပြင်ပငွေကြေး ဈေးကွက်မှာ အမေရိကန် တစ်ဒေါ်လာ ၁၃၃၀ ကျပ်၊ ရွှေတစ် ကျပ်သား ၁၃ သိန်းကျပ် ရှိခဲ့ရာကနေ အခု ဩဂုတ်လ ၂၉ ရက် ဒီနေ့မှာတော့ အမေရိကန် တစ်ဒေါ်လာကို ၃၁၀၀ ကျပ်ဝန်းကျင်နဲ့ ရွှေတစ်ကျပ်သားကို ၂၈ သိန်းနဲ့အထက်မှာ ရှိလာ နေပါတယ်။
အာဏာသိမ်းတစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ဆယ်စုနှစ် အတွင်း အမြင့်ဆုံးအဖြစ် ၁၄ ဒသမ ၁ ရာခိုင်နှုန်းကို ရောက်ရှိနေတယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ၂၀၂၂ ခုနှစ် စာရင်းတွေမှာ ဖော်ပြထားပါတယ်။
IMF ရဲ့ အချက်အလက်တွေအရ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀၁၂ ခုနှစ်မှာ ငွေ ၀ ဒသမ ၄ ရာခိုင်နှုန်းနဲ့ အာဏာ မသိမ်းခင် ၂၀၂၁ ခုနှစ်မှာ ၃ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၂၂ ဧပြီလမှာ ၁၄ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်နေတာပါ။
ငွေကြေးဖောင်းပွမှု မြင့်တက်လာရတာဟာ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုစရိတ်တွေ ဈေးကြီးမြင့်တာ၊ ကျပ်ငွေ တန်ဖိုးကျဆင်းတာ၊ နိုင်ငံခြားငွေအလုံအလောက်မရှိတာ စတဲ့အကြောင်းအရာတွေကြောင့် ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ် ကြပါတယ်။
အာဏာသိမ်းပြီးနောက် ပြည်တွင်းရေးအခြေအနေတွေနဲ့ စီးပွားရေးကျဆင်းမှုတွေ၊ ငွေကြေး ဖောင်းပွလာမှုတွေဟာ ဆက်စပ်ဖြစ်ပေါ်နေပြီး အဲဒီကတစ်ဆင့် လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီ ဝန်ထမ်းတွေ၊ အလုပ်သမားတွေနဲ့ ပြည်သူတွေအကုန်လုံးကို သက်ရောက်နေတာဖြစ်တယ် လို့ ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြော ပါတယ်။
“ဝန်ထမ်းတွေ၊ အလုပ်သမားတွေမှာလည်း ကုန်ဈေးနှုန်း ကြီးမြင့်မှု ဒဏ်ကို ခံရတယ်။ ကျနော်တို့ လုပ်ငန်းရှင် တွေကလည်း လက်ရှိအချိန်မှာ သူ့လုပ်ငန်းတောင် ရှင်သန် ရပ်တည်နိုင်ဖို့ ခက်ခဲနေတာ။ အဲဒီလိုကျတော့ ဝန်ထမ်းတွေကို တိုးပေးဖို့ကလည်း မတိုးပေးနိုင်။ ဝန်ထမ်းတွေဘက်ကလည်း စားဝတ်နေရေးခက်ခဲ ငွေကြေးဖောင်းပွမှုရဲ့ ဒဏ်ကိုပေါ့။ အားလုံးအားလုံးပေါ့။ လုပ်ငန်းရှင်ရော၊ သူ့ကို မှီခိုနေရတဲ့ ဝန်ထမ်းတွေရော၊ အားလုံးသက်ရောက်မှုရှိနေတယ်လို့ ပြောချင်ပါတယ်”
ဈေးကွက်ထဲမှာ ကုန်ကြမ်းဝယ်ယူရာမှာလည်း ဗဟိုဘဏ်သတ်မှတ်ထားတဲ့ အမေရိကန် တစ်ဒေါ်လာကို ၂၁၀၀ ကျပ်နဲ့ မဟုတ်ဘဲ ပြင်ပပေါက်ဈေးကို မြန်မာငွေနဲ့ ပြန်ဝယ်ယူရတာ၊ လုပ်ငန်းအတွက် ရင်းနှီးငွေနဲ့ ပြန်ရမယ့် ဈေးနှုန်းတွေဟာ ငွေကြေးဖောင်းပွမှုတွေကြောင့် မတည်ငြိမ်မှုတွေ ကြုံရတယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံက အခြေခံစားသောက်ကုန် ဈေးနှုန်းတွေဟာလည်း အာဏာသိမ်းပြီးနောက် ပိုင်း တဖြည်းဖြည်း မြင့်တက်ခဲ့ပါတယ်။
ဖျာပုံပေါ်ဆန်း ၂၄ ပြည် တစ်အိတ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဆန်းမှာ သုံးသောင်း လေးထောင်ကျပ် ရှိခဲ့ရာ ကနေ အခု ဩဂုတ်လ နောက်ဆုံးပတ်မှာ ခြောက်သောင်း နှစ်ထောင်ကျပ်အဖြစ် နှစ်ဆနီးပါး မြင့်တက်နေတယ်လို့ ဆန်ရောင်းဝယ်ရေးလုပ်ကိုင် သူတွေက ပြောပါတယ်။
ပြည်ပက တင်သွင်းရတဲ့ စားအုန်းဆီဈေးတွေဟာလည်း အခုနှစ်ဆန်းပိုင်းမှာ တစ်ပိဿာ ၂၅၀၀ ကျပ်ဝန်းကျင်ရှိရာကနေ အခု ဩဂုတ်လမှာ ၉၀၀၀ ကျပ်ဝန်းကျင်အထိ ရောက်ရှိ နေပါတယ်။
လက်ရှိမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ဈေးဖိုးကုန်ကျစရိတ်တွေဟာလည်း လတိုင်းလိုလို မြင့်တက်နေပြီး ဈေးဝယ်ယူရာမှာ အခက်တွေ့နေရတယ်လို့ ရန်ကုန်မြို့က အိမ်ရှင်မတစ်ဦးက ပြောပြပါတယ်။
“အခက်အခဲတွေကတော့ အများကြီးပေါ့။ အန်တီတို့မှာ ဈေးသွားလို့ရှိရင် ပါသမျှပိုက်ဆံ ကုန်တာပါပဲ။ ဆန်က အရင်တုန်းက သုံးထောင်တန်၊ သုံးထောင့်ကိုးရာဖြစ်တယ်။ ဆီက လည်း တစ်သောင်းတစ်ထောင်ကနေ တစ်သောင်းခြောက်ထောင်ဖြစ်တယ်။ ဒီနေ့ဆိုရင် ငရုတ်သီးစိမ်း နှစ်ရာဖိုးဝယ်တာ သုံးရာဖိုးဝယ်မှရမယ်ပြောတယ်။ အကုန်လုံးက အခြေခံ စားသောက်ကုန်တွေကအစ ဈေးကြီးနေတယ်။ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အားလုံးဈေးတွေတက်နေတဲ့အတွက် အန်တီတို့ အိမ်ရှင်မတွေအတွက် ဈေးဝယ်ရတာ တော်တော်လေးကို ဒုက္ခရောက်ပါတယ်”
ငွေကြေးဖောင်းပွမှုဒဏ်ကို မြို့ကြီးတွေမှာတင်မဟုတ်ဘဲ တခြားဒေသတွေမှာပါ ကြုံတွေ့ နေကြရတာပါ။
"အခြေခံ စားသောက်ကုန်တွေကအစ ဈေးကြီးနေတယ်"
မကွေးတိုင်းထဲက စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုင်မှာရောင်းနေတဲ့ ဆေးနဲ့ ကုန်ပစ္စည်း ဈေးနှုန်းတွေဟာ အာဏာမသိမ်းခင်ကထက် သုံးဆ၊ လေးဆလောက်အထိ မြင့်တက် နေတယ်လို့ RFA ကို ပြောပါတယ်။
“ဆိုင်မှာရောင်းနေတဲ့ ပစ္စည်းတော်တော်များများက ဈေးလေးဆ၊ ဒါမှမဟုတ် သုံးဆ နီးပါးလောက် ခုန်တက်သွားတယ်။ လူသုံးများတဲ့ ပစ္စည်းတွေ၊ အားဆေးတွေ၊ အကိုက် အခဲပျောက်ဆေးတွေ၊ အိုဗာတင်း တစ်ပုလင်းကို အခုဆို တစ်သောင်းကျော်သွားပြီပေါ့။ Dumex တွေဆိုရင် ဈေးတော်တော်မြောက်သွားပြီပေါ့။ အဲဒီလိုမျိုး ဈေးတွေတက်တော့ ကျတော့ ဝယ်သူတော်တော်များများက သုံးဘူးဝယ်မယ့်သူဆိုရင် တစ်ဘူးပဲ ဝယ်နိုင် တော့တာတို့၊ မဖြစ်မနေ အခြေအနေမျိုးမှ ဆေးကို သုံးစွဲကြတာမျိုးရှိတယ်”
ကုန်ဈေးနှုန်းမြင့်တက်တာ၊ သယ်ယူပို့ဆောင်စရိတ် မြင့်တက်တာတွေကြောင့် ဆိုင်မှာ တင်ရောင်းရမယ့် ဈေးနှုန်းတွေဟာလည်း နေ့စဉ်နဲ့အမျှ မတည်မငြိမ်ဖြစ်နေရတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းဌာနရဲ့ အချက်အလက် တွေအရတော့ ၂၀၂၁ ခုနှစ် ဧပြီလမှာ ၄ ဒသမ ၀၁ ရာခိုင်နှုန်းရှိခဲ့တဲ့ ငွေကြေးဖောင်းပွမှုဟာ ၂၀၂၂ ခုနှစ် ဧပြီလမှာ ၁၇ ဒသမ ၇၈ ရာခိုင်နှုန်းအထိ ရောက်နေတယ်လို့ ဖော်ပြထား ပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နိုင်ငံ့စီးပွားရေးကို တိုင်းတာ ရာမှာ အသုံးပြုတဲ့ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး (GDP) အညွှန်းကိန်းဟာ တစ်နှစ်ထက်တစ်နှစ် တိုးနေတယ်လို့ ဩဂုတ်လ ၁၂ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပေးအပ်ပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဩဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့အစည်းအဝေး မှာလည်း ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ ငွေကြေးတန်ဖိုး မြင့်တက်ရေးကို ဆောင်ရွက်ကြဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတစ်ဝန်း က စစ်ကောင်စီတာဝန်ရှိသူတွေကို ပြောဆိုပါတယ်။
ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးပညာရှင်တစ်ဦးကတော့ စီးပွားရေးတိုးတက်အောင်လုပ်ဖို့အတွက် နိုင်ငံရေးပြဿနာကို အရင်ဖြေရှင်းဖို့ လိုအပ်တယ် လို့ သုံးသပ်ပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအချိန်က အဲဒီဟာ (စီးပွားရေးတိုးတက်ဖို့) Priority (ဦးစားပေး) မဟုတ်ဘူး။ Priority က Stable (တည်ငြိမ်အောင်) လုပ်ရမှာက Priority ။ နိုင်ငံမတည်ငြိမ်သရွေ့ကတော့ ဘာလုပ်လုပ် အဆင်မပြေနိုင်ဘူး။ အဲဒီဟာက Second Step (ဒုတိယအဆင့်) မှာ စဉ်းစားရမယ့်ဟာ။ နိုင်ငံရေးပြဿနာကို မရှင်းနိုင် သေးဘဲနဲ့ ဒီစီးပွားရေးပြဿနာက မလွယ်ဘူး”
လက်ရှိ ပြည်တွင်း ကျပ်ငွေတန်ဖိုးကျဆင်းတာ၊ ငွေကြေးဖောင်းပွမှုတွေရဲ့ အဓိကအရင်း အမြစ်ဟာ စီးပွားရေးနဲ့ နိုင်ငံရေးအပေါ် တစ်ဝက်စီ မူတည်နေတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ လာမယ့် ခြောက်လအတွင်း စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်လို့ အာဏာသိမ်း ၁၈ လပြည့် မိန့်ခွန်းမှာ လည်း ပြောဆိုထားပါတယ်။
ဒါပေမဲ့ ဒီပြောဆိုချက်ဟာ ဖြစ်လာနိုင်ခြေမရှိဘူးလို့လည်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။