နှစ် ၆ဝ ကျော်ကြာ မြန်မာ-အစ္စရေး စစ်ရေးဆက်ဆံမှု

၁၉၄၈ မှာ အစ္စရေးနိုင်ငံထူထောင်ချိန် အရှေ့တောင်အာရှနိုင်ငံတွေထဲ မြန်မာက ပထမဆုံးအသိအမှတ်ပြုခဲ့ပြီး မြန်မာစစ်တပ်ကို အစ္စရေးက လက်နက်ရောင်းပါတယ်။

၂ဝ၁၉ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ၇၄ နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား မြင်ကွင်းတစ်ခု။ Myanmar Military

စစ်လက်နက်ပစ္စည်းတွေထုတ်လုပ်၊ စစ်ရေးကို အားထားပြီး ယူကရိန်းကို သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းရင်း စစ်နွံနစ်နေတဲ့ ရုရှားရော၊ ဟားမားစ်ကို တုံ့ပြန်ဖို့ ဒုက္ခသည်စခန်းပါမရှောင် ဂါဇာကို တရစပ် တိုက်ခိုက်နေတဲ့ အစ္စရေးနိုင်ငံပါ မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီ အားထားနေရတဲ့ တိုက်လေယာဉ်တွေ ရောင်းချတဲ့ ရုရှားနဲ့ မြန်မာနိုင်ငံ သံတမန်ဆက်ဆံရေးက ဒီနှစ်မှာ ၇၅ နှစ်ပြည့်မြောက်ခဲ့ပါပြီ။ အရင်က ချစ်ကြည်ရေးနဲ့ ယဉ်ကျေးမှုဖလှယ်ရေးအဆင့် ဆက်ဆံခဲ့ပေမဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၂ဝဝ၁ မှာ ရုရှား-မြန်မာ စစ်ရေးစတင်ဆက်ဆံလာပြီး ၂၀၂၁ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်မှာ ပိုအားကောင်းလာပါတယ်။

အစ္စရေးနိုင်ငံနဲ့ကတော့ နှစ်နိုင်ငံဆက်ဆံရေး စတင်ပြီးနောက်ပိုင်းကတည်းက စစ်ရေးဆက်ဆံရေးပါ တွဲပါလာတာပါ။ ၁၉၄၈ မေမှာ အစ္စရေးနိုင်ငံ ထူထောင်လိုက်တဲ့အခါ အရှေ့တောင်အာရှနိုင်ငံတွေထဲ မြန်မာနိုင်ငံက ပထမဆုံးအသိအမှတ်ပြုခဲ့ပြီး အဲဒီကာလ အခေါ်အဝေါ် ပြည်တွင်းသောင်းကျန်းသူနှိမ်နင်းရေးအတွက် မြန်မာစစ်တပ်ကို အစ္စရေးက လက်နက်ရောင်းချပါတယ်။

ကပစ လို့ အတိုကောက်ခေါ်တဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ အမှတ်-၁ နဲ့ အမှတ်-၂ က စစ်လက်နက်ပစ္စည်းတွေ ၁၉၅၈ မှာ စတင်ထုတ်လုပ်ပါတယ်။ ဒီစက်ရုံတွေ တည်ထောင်နိုင်အောင်နဲ့ လက်နက်ငယ်တွေ ထုတ်လုပ်နိုင်အောင် အစ္စရေးက အဓိကအခန်းကဏ္ဍက ပါဝင်တယ်လို့လည်း စစ်တပ်နဲ့ ချိတ်ဆက်လုပ်ကိုင်နေသူတွေကို သုတေသနလုပ် ဖော်ထုတ်နေတဲ့ Justice For Myanmar က ၂၀၂၃ ခုနှစ် ဇွန် ၈ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစ္စရေးနိုင်ငံကို ၂၀၁၅ ခုနှစ်က သွားရောက်ချိန်မှာ အစ္စရေးစစ်လက်နက်ဆိုင်ရာ ကုမ္ပဏီတွေကို သွားရောက်ရုံမက နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ လက်နက်ထုတ်လုပ်ရေးကဏ္ဍအတွက် နည်းပညာလွှဲပြောင်းရေး နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတာကို အစ္စရေးက ပြစ်တင်ရှုတ်ချပြီး မြန်မာပြည်သူတွေကို ဆက်လက်ထောက်ခံတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေနဲ့ ဒီမိုကရေစီကျင့်စဉ်ကို ဆက်လက်ထောက်ခံတဲ့အပြင် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးရေးနဲ့ အကြမ်းဖက်မှု တားဆီးကာကွယ်ဖို့ တိုက်တွန်းတယ်လို့ Jewish Press သတင်းက ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်မှာ ဖော်ပြပါတယ်။ ဒါပေမဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီး နောက်လည်း အစ္စရေးက ခေတ်မီလက်နက်စနစ်တွေ ဆက်လက်ရောင်းချနေတယ်လို့ အစ္စရေး Haaretz သတင်းက ဒီနှစ် စက်တင်ဘာ ၇ ရက်မှာ ဖော်ပြပါတယ်။

၂ဝ၁၈ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၇၃ နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် စစ်ဘက်ဆိုင်ရာယာဉ်များ။ (Photo: Myanmar Military)

ဒီလိုရောင်းချနေတာတွေကို ပြစ်မှုပိုင်းအရ စုံစမ်းစစ်ဆေးဖို့ ဂျေရုဆလင်အခြေစိုက်ရှေ့နေ Eitay Mack က ရှေ့နေချုပ်ကို တိုက်တွန်းတဲ့ စာပေးပို့တဲ့အကြောင်း Podcast လည်း ထုတ်လွှင့်ပါတယ်။

“Israel Aerospace, Elbit နဲ့ အစ္စရေး သင်္ဘောကျင်း တို့ဟာ လူသားမျိုးနွယ်စုပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ကူညီပံ့ပိုးနေတာနဲ့ လက်နက်တွေ တင်ပို့ရောင်းချဖို့ ခွင့်ပြုတဲ့ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အထက်တန်း တာဝန်ရှိသူတွေကိုပြစ်မှုပိုင်းဆိုင်ရာစုံစမ်းစစ်ဆေးဖို့ Mack က တိုက်တွန်းပါတယ်။ ကြံရာပါနဲ့ အဂတိ လိုက်စားနေတယ်ဆိုတာ လုပ်ငန်းတွေကရော တာဝန်ရှိသူတွေဟာ သိမယ်။ ဒါမှမဟုတ် သိသင့်တယ်လို့ ပေးစာမှာ ရေးထားပါတယ်။”

အစ္စရေး အစိုးရပိုင် IAI- Israel Aerospace Industry ဟာ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်ဘက်အရပ်ဘက်သုံး လေကြောင်းဆိုင်ရာ ပစ္စည်းကိရိယာတွေ ပေးပို့တယ်လို့ ကုန်သွယ်ရေးရာ အချက်အလက်တွေက ဖော်ပြပါတယ်။

၂၀၂၃ စက်တင်ဘာ ၆ ရက် Middle East Monitor သတင်းမှာတော့ ကုန်ပစ္စည်းစာရင်း အမျိုးအစားကို လေယာဉ်အစိတ်အပိုင်းတွေ၊ သတ္တုပြားတွေလို့ အသိပေးထားပေမဲ့ Dvora-class ကင်းလှည့်ရေယာဉ်တွေဖြစ်နိုင်တဲ့အကြောင်း သတင်းရင်းမြစ်တွေက ပြောတယ်လို့ဆိုပါတယ်။

ရေတပ်အတွက် IAI Israel Aerospace က Super-Dvora MK III တိုက်ခိုက်ရေး အမြန်ရေယာဉ် လေးစင်းရောင်းချဖို့ သဘောတူပြီး ၂၀၁၇ ဧပြီမှာ နှစ်စင်းတင်ပို့တယ်လို့ အစ္စရေး Haaretz သတင်းက ၂၀၁၇ ခုနှစ် အောက်တိုဘာမှာ ဖော်ပြပါတယ်။ ရေယာဉ်မှာ အစ္စရေး Elbit Systems ထုတ် အဝေးထိန်းလက်နက် စနစ်တပ်ဆင်ထားပြီး စက်သေနတ်ကြီး ဒါမှမဟုတ် အမြောက်နဲ့ ပစ်ခတ်နိုင်တယ်လို့ တဆက်တည်းရေးထားပါတယ်။ ဒီရေယာဉ်မျိုးကို မြန်မာနိုင်ငံမှာ အစ္စရေးနည်းပညာနဲ့ ဆောက်လုပ်မယ်ဆိုတဲ့ သတင်းကို အတည်ပြုဖို့ IAI က ငြင်းတယ်လို့ဆိုပါတယ်။

Elbit ဟာ အစ္စရေးက အကြီးမားဆုံး ကာကွယ်ရေး ကုမ္ပဏီသုံးခုထဲမှာ ပါဝင်ပြီး စစ်ကောင်စီလေတပ်ကို စစ်ရေးဆိုင်ရာပစ္စည်းတွေကို ပေးပို့တယ်လို့လည်း Middle East Monitor သတင်းက စက်တင်ဘာ ၆ ရက်မှာ ဖော်ပြပါတယ်။ ရန်ကုန်ဆိပ်ကမ်းအရောက် စင်ကာပူနဲ့ထိုင်းကတစ်ဆင့် ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

Israel Aerospace Industry- IAI က စစ်ကောင်စီကို ခေတ်မီရေဒါစနစ်တင်ပို့တယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ မကြာခင် နှစ်ပိုင်းတွေမှာ မြန်မာနိုင်ငံနဲ့ စီးပွားရေးရာ မရှိဘဲ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မူဝါဒတွေနဲ့ အညီဆောင်ရွက်တယ်လို့ ပြောတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ တစ်ဆက်တည်း အဲဒီဖောက်သည်နဲ့ ဆက်ဆံရောင်းဝယ်တာတွေ ဖြေရှင်းမနေဘူးလို့လည်း အပြတ်ပြောတယ်လို့ ရေးထားပါတယ်။

အစ္စရေးနိုင်ငံတွင် ၂ဝ၁၉ ခုနှစ် ဇွန်လ ၄ ရက်နေ့က ကျင်းပသည့် လက်နက်ပြပွဲတက်ရောက်လာသော မြန်မာစစ်တပ်ကိုယ်စားလှယ်တစ်ဦး။ (Photo: Haaretz)

အစ္စရေးနိုင်ငံလုပ် လက်နက်တွေကို ရခိုင်ပြည်နယ်မှာ ၂ဝ၁၇ ခုနှစ်က ဖြစ်ပွားတဲ့ နယ်မြေရှင်းလင်းရေးမှာ မြန်မာစစ်တပ်က သုံးတယ်ဆိုတဲ့ သတင်းထွက်ပေါ်ပြီး မြန်မာနိုင်ငံကို လက်နက်တင်ပို့တာ ရပ်ဆိုင်းထားပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်လက်နက်ထုတ်လုပ်ရေးကဏ္ဍအတွက် အစ္စရေး CAA လုပ်ငန်းက ၂၀၁၉ ဇူလိုင်မှာ ကုန်စည် အနည်းဆုံး တစ်ကြိမ်တင်ပို့တယ်လို့ Justice for Myanmar က ဖော်ထုတ်ပါတယ်။

အဲဒီနောက် အာဏာသိမ်းဖို့ မြန်မာစစ်တပ်က ပြင်ဆင်ချိန်မှာ အစ္စရေး Cognyte နည်းပညာကုမ္ပဏီဟာ ကြားဖြတ်ဖမ်းယူနိုင်တဲ့ ထောက်လှမ်းရေးကိရိယာတင်ပို့ရောင်းချဖို့ ၂၀၂၀ မှာ တင်ဒါအောင်ပြီး ၂၀၂၁ စစ်အာဏာမသိမ်းခင် တစ်လအလိုမှာ တင်ပို့ခဲ့ပါတယ်။ ဒါဟာ စစ်ထောက်လှမ်းရေးသမားတွေ ခြေချင်းလိမ်၊ သတင်းပေး ဒလန်တွေ မွေးထားတဲ့ မြန်မာစစ်တပ်ဟာ အစ္စရေးနည်းပညာ အထောက်အကူနဲ့ ခေတ်မီထောက်လှမ်းရေးအဆင့် တက်လှမ်းတာပါ။

ဒါကြောင့်လည်း စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ဒီစနစ်က အကျိုးရှိတယ်လို့ သုံးသပ်ပါတယ်။

“လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ချိုးဖောက်နားထောင်တယ် ဆိုတာ သိပ်မဆန်းတော့ဘူး။ အဲဒီလို နားထောင်ခြင်းကပဲ တချို့သော လုံခြုံရေးနဲ့ပတ်သက်တဲ့ ခြိမ်းခြောက်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ကြိုတင်ကာကွယ်နိုင်တာ အများကြီး ရှိတယ်။ အဲဒီတော့ ဒီစနစ်က တကယ်တမ်း စွမ်းအားပြည့် လည်ပတ်နိုင်တယ် ဆိုရင် အင်မတန် အကျိုးရှိတယ်။ အလုပ်လည်း အရမ်းဖြစ်ပါလိမ့်မယ်၊ ဆိုတော့ နည်းပညာက ထိရောက်မှုရှိတယ်"

၂ဝ၁၉ ခုနှစ်က ဘန်ကောက်တွင် ကျင်းပသည့် လက်နက်ပြပွဲတစ်ခုကို‌ တက်ရောက်လာသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ (Photo: Myanmar Military)

အစ္စရေးနည်းပညာထိရောက်တာမငြင်းနိုင်ပေမဲ့ အစ္စရေးဟာ သူနဲ့ဆက်ဆံတဲ့နိုင်ငံတွေက လူထုဘက်ကမရှိဘူးလို့ ဂျေရုဆလင် အခြေစိုက်ရှေ့နေ Eitay Mack က လုံခြုံရေးဆိုင်ရာ ဟောပြောပွဲတစ်ပွဲမှာ ပြောဖူးပါတယ်။

“အစ္စရေးဟာ အစိုးရနဲ့အာဏာရှင်တွေနဲ့ပဲ ဆက်ဆံတယ်။ လူထုနဲ့ မဆက်ဆံပါဘူး၊ အစ္စရေးလက်နက်တွေ၊ အစ္စရေးက သင်တန်းတွေ ပို့ချပြီး ပေးပို့ထားတဲ့ လက်နက်တွေနဲ့ လူထုက ဖိနှိပ်ခံရပါတယ်။ “

အစ္စရေးနဲ့ မြန်မာစစ်တပ်ကြားက လက်နက်ပွဲစားကတော့ Star Sapphire Group ကုမ္ပဏီပိုင်ရှင် ဒေါက်တာထွန်းမင်းလတ် ဖြစ်ပါတယ်။ သူဟာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိသားစုနဲ့နီးစပ်သူဖြစ်ပြီး မူးယစ်ဆေးဝါး မှောင်ခိုမှု၊ ငွေကြေးခဝါချမှု စွဲချက်တွေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ မနှစ်က စက်တင်ဘာမှာ ဖမ်းဆီးခံထားရသူ ဖြစ်ပါတယ်။

အစ္စရေးလက်နက်ပွဲစား ခြေမဲ့လက်မဲ့ ဖြစ်ချိန် လောလောဆယ်မှာ မြန်မာ စစ်တပ်နဲ့ မပြတ်ထိတွေ့ ဆက်ဆံတဲ့ အစ္စရေးက တုံ့ပြန်စစ်ကို သဲကြီးမဲကြီး ဆင်နွှဲနေပါတယ်။ မြန်မာစစ်ကောင်စီကတော့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သူ့ကို တော်လှန်ခုခံသူတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့သာမက လေတပ်အားကိုးနဲ့ နှိမ်နင်းနေရင်းက ရှမ်းပြည်နယ်မြောက်ပိုင်းက မဟာဗျူဟာ အချက်အချာကျနေရာတွေကို လက်လွှတ်ရတဲ့ အကြောင်း လူသိရှင်ကြား တရားဝင် ပြောကြားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org