မြန်မာ့စီပွားရေးပြန်ကောင်းဖို့ အစိုးရရဲ့ အစီအစဉ် လူထုသိရှိမှုနည်းပါး
အခုနှစ်မှာ ကိုရိုနာ ရောဂါကူးစက်ပျံ့နှံ့မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားမယ်လို့ ကမ္ဘာ့ဘဏ်ကနေ ခန့်မှန်းထားပါတယ်။ စီးပွားရေး ပြန်လည်ထူထောင်နိုင်ဖို့ အစိုးရက CERP လို့ခေါ်တဲ့ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် အပါအဝင် အခြား အစီအစဉ်တွေကို စတင်လုပ်ဆောင်နေပေမယ့်၊ ပြည်သူတွေအကြားမှာ သိရှိမှု နည်းပါးနေတယ်လို့ NLD လွှတ်တော်အမတ် နဲ့ စီးပွားရေးသုံးသပ်သူ ဦးသန်းစိုး (ဘောဂဗေဒ) က ပြောလိုက်ပါတယ်။
-
ရဲခေါင်မြင့်မောင်
2020-05-27 -
-
-
ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်ဖြစ်စဉ်တွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းကဏ္ဍ အသီးသီးမှာ ထိခိုက်နစ်နာမှုတွေ ရှိနေပြီး၊ အခုထက် အခြေအနေဆိုးဝါးလာမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ နိုင်ငံတကာက စီးပွားရေးကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရတော့ ကိုရိုနာရောဂါကြောင့် စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားရတဲ့ နိုင်ငံတွေမှာ မဖြစ်ခင်က အခြေအနေကို ပြန်ရောက်ဖို့ နှစ်နဲ့ချီပြီး ကြာနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ အိမ်အပြင်မထွက်ဖို့ Lockdown အမိန့်ချထားတာကြောင့် စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားရတဲ့အတွက် ၀င်ငွေလျော့နည်းလာတာ၊ အလုပ်လက်မဲ့တွေ များပြားလာတာ၊ အစိုးရရဲ့ အခွန်ဘဏ္ဍာငွေ လျော့နည်းလာတာနဲ့ အခြားနိုင်ငံတွေမှာလည်း စီးပွားရေး ကျဆင်းနေတဲ့အတွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကရတဲ့ ၀င်ငွေတွေ လျော့ပါးလာတာတွေ ဖြစ်နိုင်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နဲ့ စီးပွားရေးသုံးသပ်သူ ဦးသန်းစိုး (ဘောဂဗေဒ) က သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၇ရက်က စီမံကိန်း၊ စီးပွားရေး နဲ့ စက်မှုလုပ်ငန်း ၀န်ကြီးဌာနကနေ ထုတ်ပြန်လိုက်တဲ့ ‘Covid-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်’ ထဲမှာ ရည်မှန်းချက် ၇ခု၊ နည်းဗျူဟာ ၁၀ခုနဲ့ အကောင်အထည်ဖော်မယ့် လုပ်ငန်းအစီအစဉ်တွေကို ဖော်ပြထားပါတယ်။
ဒီစီမံချက်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြန်ကောင်းလာစေဖို့အတွက် တနိုင်ငံလုံး ပူးပေါင်းပါ၀င်တဲ့ တုံ့ပြန်မှုအဖြစ်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားပါတယ်။
လက်ရှိ NLD အစိုးရအနေနဲ့ နိုင်ငံရဲ့ စီးပွားရေး ပြန်လည် နာလန်ထူလာဖို့ အစီအစဉ်တွေ ရေးဆွဲ အကောင်အထည်ဖော်နေပေမယ့်၊ အများပြည်သူတွေ နားလည်သိရှိမှု အားနည်းနေပြီး၊ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ လျော့ကျသွားအောင် ဒီလုပ်ငန်းတွေအကြောင်းကို စုစည်းပြီး သတင်းထုတ်ပြန်ပေးဖို့ လိုနေတယ်လို့ လည်း ဦးသန်းစိုး ဘောဂဗေဒက ပြောပါတယ်။
ဒီ CERP စီမံချက်ထဲမှာ မြန်မာနိုင်ငံမှာ လူအများဆုံး အလုပ်အကိုင် ပေးထားတဲ့ စိုက်ပျိုးရေးကဏ္ဍကို အဓိကထားပြီး၊ ကျေးလက်ဒေသက ပြည်သူတွေအတွက် နေ့စားအလုပ်အကိုင်တွေ ဖန်တီးပေးတာ၊ Wave money လို application တွေကနေ တိုက်ရိုက် ငွေလွှဲပေးတာ၊ မကြာခင်မှာ ရောက်လာတေ့မယ့် မိုးရာသီအမှီ သီးနှံတွေ ထွန်ယက် စိုက်ပျိုးနိုင်ဖို့ မျိုးစေ့၊ မြေသြဇာလို လိုအပ်တဲ့ သွင်းအားစုတွေ ထောက်ပံ့ပေးဖို့ ပါ၀င်ပါတယ်။
ဒါ့အပြင် အခြား ထိခိုက်မှုရှိတဲ့ ခရီးသွားလုပ်ငန်းတွေ၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ နဲ့ အထည်ချုပ်လုပ်ငန်းတွေအတွက် ချေးငွေအသစ်တွေ ထုတ်ချေးပေးတာ၊ ရှိပြီးသားချေးငွေတွေကို ဆိုင်းငံ့ပေးတာ၊ ပေးဆောင်ဖို့ရှိတဲ့ အခွန်အခတွေ လျှော့ပေါ့ပေးတာ စတာတွေလုပ်ဖို့ ပါ၀င်တာ တွေ့ရပါတယ်။