ပြည်တွင်းစစ် ရေရှည်ဆိုးကျိုးနဲ့ မြန်မာ့လူဦးရေအခွင့်အလမ်း ပျက်သုဉ်းမှု
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ပဋိပက္ခကြောင့် လုပ်သားအင်အားစု လေ့ကျင့်သင်ကြားရေး၊ ကျွမ်းကျင်လုပ်သား ထိန်းသိမ်းနိုင်စွမ်းတွေ လက်လွှတ်ဆုံးရှုံးခဲ့ပါတယ်။
-
အာရှရေးရာသုတေသီ ဒေးဗစ်ဟတ် ရေးသားပြီး ဦးထင်အောင်ကျော် မြန်မာပြန်ဆိုသည်။
2024-07-15 -
-
-
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်နေတဲ့အတွက် လူအများအပြား သေကျေပျက်စီးရုံတင်မက နိုင်ငံ့စီးပွားရေးပါ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးလာနေပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုရဲ့ နောက်ထပ်ဆိုးကျိုးတစ်ခုဖြစ်တဲ့ လူဦးရေပြောင်းလဲမှု လှိုင်းလုံးကြီးကို လက်ရှိမှာ မမြင်နိုင်သေးပေမယ့် လာမယ့်ဆယ်နှစ် (ဒါမှမဟုတ်) အနှစ်နှစ်ဆယ်မှာ ရင်ဆိုင်ရတော့မှာပါ။
ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း အရှေ့တောင်အာရှရဲ့ စီးပွားရေးတိုးတက်အောင်မြင်မှုတွေမှာ အကြောင်းရင်း အများအပြား ရှိပါတယ်။ နမူနာတစ်ခုအနေနဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံမှာ အစိုးရထိန်းချုပ်တဲ့ စီးပွားရေးပုံစံကို စွန့်လွှတ်ပြီး လွတ်လပ်စွာကုန်သွယ်မှုကို ကျင့်သုံးလိုက်ခြင်းအားဖြင့် ကမ္ဘာ့ဈေးကွက်ကို ဝင်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် အရေးပါတဲ့ အချက်တစ်ချက်ကတော့ နိုင်ငံသားတွေရဲ့ လူမှုပထဝီ အချက်အလက်တွေ ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ် မတိုင်ခင်အထိ စင်ကာပူကလွဲလို့ ကျန်တဲ့ အရှေ့တောင်အာရှ နိုင်ငံအားလုံးက ပြည်သူတွေရဲ့ ပျမ်းမျှအသက်ဟာ ၃၀ အောက်မှာသာ ရှိခဲ့ပါတယ်။
ဥပမာအားဖြင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်ထဲကို မြန်မာနိုင်ငံ ဝင်ရောက်လာချိန်က နိုင်ငံ့လူဦးရေ ၃၅ ရာခိုင်နှုန်းဝန်းကျင်ဟာ အသက် ၁၅ နှစ်ကနေ ၃၄ နှစ်အကြား ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ နိုင်ငံ့လူဦးရေထက်ဝက်ဟာ အသက် ၂၀ နဲ့အောက်အရွယ်တွေ ဖြစ်ပါတယ်။ ဒါဟာ မြို့ပြနဲ့စက်မှုကဏ္ဍ တိုးတက်နေပြီဖြစ်တဲ့ မလေးရှားနဲ့ထိုင်းမှာ အစောပိုင်းကာလ ကြုံတွေ့ခဲ့ကြသလို အဆင့်နိမ့် ကုန်ထုတ်လုပ်ငန်းတွေကို ဆွဲဆောင်ဖို့အကောင်းဆုံး အသက်အရွယ် ဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လုပ်သားအင်အားစုဟာ သက်ငယ်ပိုင်းတွေဖြစ်ပြီး ကနဦး အပြောင်းအလဲကာလလည်း ဖြစ်တာကြောင့် ကုန်ထုတ်လုပ်မှုနှုန်းဟာ ၂၀၁၉ ခုနှစ်အထိ တစ်နာရီ အသားတင်ထုတ်လုပ်မှု ဂျီဒီပီတန်ဖိုးက ၅.၁၅ ဒေါ်လာနဲ့ အရှေ့တောင်အာရှမှာ ဒုတိယအနိမ့်ဆုံး ဖြစ်နေခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ် အာဏာမသိမ်းခင်ကဆိုရင် ဒီအချက်ကို ကုစားဖို့ အချိန်အတော်ရခဲ့ပါတယ်။
ဆက်နွှယ်သောသတင်းများ
ပြည်ပကို ငွေတွေထွက်မသွားအောင် ရိုးမဘဏ် ဥက္ကဋ္ဌကို စစ်ဆေးတာလို့ လေ့လာသူသုံးသပ်
ဆန်အမြတ်တင်ရောင်းချမှုနဲ့ ဂျပန်နိုင်ငံသားအပါအဝင် လုပ်ငန်းရှင် ၁၁ ဦးဖမ်းဆီးအရေးယူခံရ
PJ ပတ်စ်ပို့ အမျိုးအစားတွေကို PV ပြောင်းခွင့် စစ်ကောင်စီ ပိတ်ပင်
အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီ ပိတ်ပင်
ဆုံးရှုံးသွားသော အခွင့်အလမ်းများ
အလုပ်လုပ်နိုင်သူဦးရေကို ယေဘုယျအားဖြင့် အသက် ၁၅ နှစ်ကနေ ၄၄ နှစ်အကြားနဲ့၊ ၄၅ နှစ်ကနေ ၆၄ နှစ်အကြား ဆိုပြီး အုပ်စုနှစ်စု ခွဲခြားနိုင်ပါတယ်။ များသောအားဖြင့် အုပ်စုတစ်ခုစီရဲ့ အရွယ်အစားက နိုင်ငံတစ်ခုရဲ့ စီးပွားရေးကို သတ်မှတ်ပေးပါတယ်။
ငယ်ရွယ်တဲ့လုပ်သားထုဟာ မြန်မာ့စီးပွားရေးရဲ့ အဓိကကဏ္ဍတွေဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းနဲ့ ပြည်တွင်းစားသုံးမှုလို ကျွမ်းကျင်မှုနဲ့လုပ်အား များများစားစား မလိုတဲ့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေအတွက် အလုပ်ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ လူဦးရေပထဝီ ပြောင်းလဲလာပြီး လုပ်သက် အနှစ်နှစ်ဆယ်ကျော်တဲ့ ကျွမ်းကျင် သက်ကြီးလုပ်သား ရာခိုင်နှုန်းများလာတဲ့အခါမှာ ကုန်ထုတ်စွမ်းအားပိုကောင်းတဲ့ အင်အားစု ဖြစ်လာပါတယ်။ လူလတ်ပိုင်းတွေကလည်း အိမ်ယာထူထောင်၊ သားသမီးပြုစုပျိုးထောင်တာတွေ ပြီးသွားပြီး အိုစာမင်းစာ စုဆောင်းကြတဲ့အတွက် ငွေရင်းငွေနှီး တောင့်တင်းတဲ့နိုင်ငံ ဖြစ်လာပါတယ်။
မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင်က အဲဒီ အသွင်ကူးပြောင်းမှုကို နှစ်ပေါင်း ၃၀ နီးပါး ကြုံတွေ့ခဲ့ရပါတယ်။ လုပ်သားအင်အားစု အသက်အရွယ်ရလာတာနဲ့အမျှ စီးပွားရေးတိုးတက်မှုက ရတဲ့ဝင်ငွေတွေကို ပညာရေးကဏ္ဍနဲ့ လုပ်ငန်းခွင်ကျွမ်းကျင်ရေးတွေမှာ ပြန်ပြီး ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပါတယ်။
အသက် ၃၅ နှစ်ကနေ ၆၄ နှစ်ကြား အရေအတွက်ဟာ ၂၀၂၀ ပြည့်နှစ်မှာ ၃၅.၂ ရာခိုင်နှုန်းဝန်းကျင်ကနေ ၂၀၅၀ ပြည့်နှစ်မှာ ၃၉.၅ ရာခိုင်နှုန်းအထိ တိုးလာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ကုလသမဂ္ဂ စာရင်း အချက်အလက်တွေအရ တွက်ကြည့်တဲ့အခါမှာ နိုင်ငံ့လူဦးရေ တိုးလာနေတဲ့အတွက် ၃၅ နှစ်ကနေ ၆၄ နှစ်ကြား အရေအတွက်ဟာ ၂၀၂၀ ပြည့်နှစ်မှာ ၁၈ သန်းကနေ ၂၀၅၀ ပြည့်နှစ်မှာ ၂၃ သန်း ရှိလာမှာပါ။
ဒီကာလအတွင်း အသက် ၁၅ နှစ်ကနေ ၃၄ နှစ်အကြား လူဦးရေဟာ ၂၀၂၀ ပြည့်နှစ်မှာ ၁၈ သန်းကနေ ၂၀၅၀ ပြည့်နှစ်မှာ ၁၆ သန်းကို ကျဆင်းသွားဖွယ် ရှိနေပါတယ်။
တစ်နည်းအားဖြင့် နိုင်ငံ့လူဦးရေရဲ့ ၃၃.၂ ရာခိုင်နှုန်းကနေ ၂၇.၇ ရာခိုင်နှုန်းကို ကျဆင်းသွားမှာပါ။
အာဏာသိမ်းမှုနဲ့ ပြည်တွင်းစစ်ကြောင့် ဒီကိန်းဂဏန်းတွေ သိသိသာသာ ပြောင်းလဲသွားတာတော့ မတွေ့ရပါဘူး။ နော်ဝေနိုင်ငံ အော်စလိုအခြေစိုက် ငြိမ်းချမ်းရေးသုတေသန အင်စတီကျုရဲ့ ပြီးခဲ့တဲ့နှစ် အစီရင်ခံစာအရ အာဏာသိမ်းပြီးနောက် လပေါင်း ၂၀ အတွင်း အရပ်သား ၆,၀၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူစုစုပေါင်း သောင်းနဲ့ချီ ရှိနိုင်ပါတယ်။ ဒဏ်ရာရတာ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့တာ (သို့မဟုတ်) စိတ်ဒဏ်ရာရသွားတာတွေက ဒီထက် အဆပေါင်းများစွာ ရှိပြီး လုပ်ငန်းခွင် ပြန်မဝင်နိုင်ကြတော့ပါဘူး။
ပျောက်ဆုံးသွားသော အရေးပါသည့် အသွင်ကူးပြောင်းမှု
အရေးအကြီးဆုံးအချက်ကတော့ ပြည်တွင်းစစ်ပဋိပက္ခဟာ လူငယ်လုပ်သားထုဆီကနေ အရေးပါတဲ့ အသွင်ကူးပြောင်းမှုကာလကို ခိုးယူသွားတာပါပဲ။ အနာဂတ်ရဲ့ ကျွမ်းကျင်လုပ်သားအင်အားစု ဖြစ်လာဖို့ လိုအပ်တဲ့အချိန်တွေကို ဆုံးရှုံးလိုက်ကြရတာပါပဲ။
နောက်ဆုံးခန့်မှန်းချက်တွေအရ ပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ၃.၁ သန်းရှိနေပါတယ်။ ဒါဟာ နိုင်ငံ့ လူဦးရေ စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းလောက် ဖြစ်ပါတယ်။ လက်ရှိမှာ အရွယ်ရောက်ပြီးသူ လူငယ် ၈ ရာခိုင်နှုန်းလောက် အလုပ်လက်မဲ့ဖြစ်နေပါတယ်။ ၂၀၂၁ ခုနှစ် မတိုင်မီကထက် သိသိသာသာ တိုးလာတာပါ။
တရားဝင်အလုပ်အကိုင် ရှိသူဦးရေ သိသိသာသာ ကျဆင်းသွားပါတယ်။ အလုပ်အကိုင် အလားအလာ မကောင်း၊ ကုန်ဈေးနှုန်းလည်း ကြီးလာတဲ့အတွက် မိသားစု လယ်ယာလုပ်ငန်းတွေ ပြန်လုပ်ဖို့ ကျေးလက်ဒေသတွေကို ပြန်သွားကြသူတွေလည်း အများအပြားပါ။
ဖေဖော်ဝါရီလမှာ စစ်အစိုးရက စစ်မှုမထမ်းမနေရဥပဒေကို ကြေညာလိုက်တဲ့အတွက် ပြည်တွင်းရွှေ့ပြောင်းသူတွေ၊ ပြည်ပထွက်ခွာသူတွေ အများအပြား ရှိလာပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အခုနှစ်ဇွန်လထုတ် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားချက်အရ စီးပွားရေးလုပ်ငန်းတွေမှာ ဝန်ထမ်းအင်အား ဆုံးရှုံးမှုဟာ ၂၀၂၃ ခုနှစ် ဧပြီလက ၁၁ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၈ ရာခိုင်နှုန်းအထိ တိုးလာပါတယ်။
"အလုပ်ထွက်သွားသည့် ဝန်ထမ်းထက်ဝက်နီးပါးသည် ပြည်ပသို့ ထွက်ခွာသွားပြီး သုံးပုံတစ်ပုံခန့်က နိုင်ငံတွင်းရှိ အခြားနေရာများသို့ ပြောင်းရွှေ့သွားကြသည်” ဆိုပြီး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကျွမ်းကျင်လုပ်သားများ ထိန်းထားရန်ခက်လာခြင်း
မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင်ကတည်းက နှစ်ရှည်လများ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေထဲက တစ်ခုကတော့ ကျွမ်းကျင်လုပ်သားတွေကို မြဲအောင် ထိန်းထားရေးပဲ ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုအရေအတွက် အလျင်အမြန် တိုးပွားလာနေတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံဟာ သန်းနဲ့ချီသော ရွှေ့ပြောင်းနေထိုင်သူတွေ၊ အထူးသဖြင့် ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံက လူတွေကိုသာ မဆွဲဆောင်နိုင်ခဲ့ရင် ၂၀၅၀ ပြည့်နှစ်အရောက်မှာ သူ့ရဲ့လုပ်သားအင်အား သုံးပုံတစ်ပုံအထိ လျော့ကျသွားနိုင်ပါတယ်။
အာဏာသိမ်းမှု မဖြစ်ခဲ့ရင်တောင် မြန်မာနိုင်ငံဟာ ထိပ်တန်း လုပ်သားအင်အားစုကို ဆက်ထိန်းထားဖို့ အတော်လေး ကြိုးစားနေရမှာပါ။ အခုတော့ ပြည်တွင်းစစ် ရှည်ကြာနေသမျှ ဆက်ထိန်းထားနိုင်ဖို့ အခွင့်အလမ်း မရှိနိုင်တော့ပါဘူး။ မကြာသေးခင်က ကမ္ဘာ့ဘဏ်စစ်တမ်းတစ်ခုအရ အသက် ၂၀ ကနေ ၄၀ အတွင်း ထူးချွန်ထက်မြက်တဲ့ ဘွဲ့ရပညာတတ်တွေရဲ့ ၅၂ ရာခိုင်နှုန်းက ပြည်ပ ထွက်ခွာချင်ကြတယ်ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။
အာဏာသိမ်းပြီးချိန်ကစလို့ တက္ကသိုလ်ကျောင်းသားဦးရေဟာလည်း ၉၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။ အသက် ၆ နှစ်နဲ့ ၂၂ နှစ်အကြား ကျောင်းအပ်သူအရေအတွက်ဟာ ၂၀၁၇ ခုနှစ်မှာ ၆၉ ရာခိုင်နှုန်း ရှိခဲ့ရာက ၂၀၂၃ ခုနှစ်မှာ ၅၆ ရာခိုင်နှုန်းကို ကျဆင်းသွားပါတယ်။ ကလေးတစ်သန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့သဘော ရှိပါတယ်။
ပုံမှန်အတိုင်းဆိုရင် မြန်မာနိုင်ငံရဲ့ လူဦးရေအခွင့်အလမ်းဟာ သက်ကြီးရွယ်အို လုပ်သားအင်အားစု တိုးပွားနေသလို လူငယ်လုပ်သား အင်အားစုဟာလည်း ဖြည်းဖြည်းမှန်မှန် တိုးလာနေတာပါ။
ဒီချိန်ခွင်လျှာညီမျှမှုဟာ ကျွမ်းကျင်မှု သိပ်မလိုတဲ့ အထည်ချုပ်လုပ်ငန်းလို တန်ဖိုးနည်းလုပ်ငန်းတွေ ဆက်ထိန်းထားဖို့၊ အတွေ့အကြုံပိုရှိတဲ့ လုပ်သားအင်အားစုကို အသုံးချပြီး တန်ဖိုးမြင့် ကုန်ပစ္စည်းထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အင်မတန် အရေးပါပါတယ်။
အခုတော့ စစ်အာဏာသိမ်းမှုကြောင့် ဒီအခြေအနေတစ်ရပ်လုံး နိဋ္ဌိတံသွားပါပြီ။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ မကြာခင်မှာ ပြီးဆုံးသွားမဲ့ အရိပ်လက္ခဏာ မရှိသေးပါဘူး။ ဆယ်စုနှစ်နဲ့ချီပြီး ကြာတဲ့ ပဋိပက္ခတစ်ခုမှာ ဆုံးရှုံးနစ်နာမှု မရှိဘဲ မနေပါဘူး။ ပြည်တွင်းစစ် ကြာရှည်သွားမယ်ဆိုရင် ၂၀၃၀ နဲ့ ၂၀၄၀ ပြည့်လွန်နှစ်တွေမှာ ခံစားရနိုင်တဲ့ လူဦးရေပထဝီဆိုင်ရာ အခွင့်အလမ်း၊ အကျိုးကျေးဇူးမှန်သမျှ လက်လွှတ်ဆုံးရှုံးရပါလိမ့်မယ်။
(ဆောင်းပါးရှင် David Hutt သည် Central European Institute of Asian Studies (CEIAS) မှ သုတေသီတစ်ဦးဖြစ်ပြီး Diplomat မဂ္ဂဇင်း၏ အရှေ့တောင်အာရှ ဆောင်းပါးရှင် ဖြစ်ပါသည်။ Watching Europe In Southeast Asia သတင်းလွှာ ရေးသားသူလည်း ဖြစ်ပါသည်။ ယခုဆောင်းပါးပါ အကြောင်းအရာများသည် သူ၏ ပုဂ္ဂလိက အမြင်သဘောထားများဖြစ်ပြီး RFA ၏အာဘော်ကို ထင်ဟပ်ခြင်း မရှိပါ။)