ပြည်ပကို ငွေတွေထွက်မသွားအောင် ရိုးမဘဏ် ဥက္ကဋ္ဌကို စစ်ဆေးတာလို့ လေ့လာသူသုံးသပ်
2024.06.19

အခုအချိန်မှာ အာဏာသိမ်း စစ်ကောင်စီဟာ ရိုးမဘဏ် ဥက္ကဋ္ဌနဲ့ စီးပွားရေးလုပ်ငန်းရှင် ဆာ့ဂျ်ပန်း ခေါ် ဦးသိန်းဝေ ကို ခေါ်ယူစစ်ဆေးနေတယ်လို့ သတင်းတွေ ပေါ်ထွက်နေပါတယ်။
အသက် ၇၁ နှစ်အရွယ် တရုတ်နွယ်ဖွား ခရိုနီ လုပ်ငန်းရှင်ကြီး ဦးသိန်းဝေရဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ ရိုးမဘဏ်အပြင်၊ ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ FMI၊ Serge Pun and Associates (SPA) ကုမ္ပဏီ၊ ပန်းလှိုင်ဂေါက်ကွင်းနဲ့အိမ်ယာ၊ ဆူဇကီး ဝက်ဂွန် ကားစက်ရုံ၊ သန်လျှင် စတားစီးတီး အိမ်ရာ၊ KFC ကြက်ကြော်ဆိုင်ခွဲတွေနဲ့ အခြားလုပ်ငန်း အမျိုးမျိုး ပါဝင်ပါတယ်။
အခုတော့ ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိန်းဝေ အပြင် သူပိုင်ဆိုင်တဲ့ အခြားလုပ်ငန်း ရှစ်ခုလောက်က ကုမ္ပဏီ အုပ်ချုပ်သူတွေကိုပါ စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေတယ်ဆိုတဲ့ သတင်းဟာ မြန်မာနိုင်ငံရဲ့ ယိုယွင်းလာတဲ့ စီးပွားရေးအခြေအနေနဲ့ အတူ ငွေကြေးအရင်းအနှီးတွေ နိုင်ငံထဲကနေ စီးထွက်နေတာကို တားဆီးဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေရတဲ့ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ကို ညွှန်ပြနေပါတယ်လို့ ဝါရှင်တန် အမျိုးသား စစ်တက္ကသိုလ်က မြန်မာ့အရေး သုံးသပ်သူ ဆောင်းပါးရှင် ပါမောက္ခ ဇက်ခါရီ အဘူဇာက ဆိုပါတယ်။
ရိုးမဘဏ်ဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး ဘဏ်တစ်ခု ဖြစ်တဲ့အပြင် ပြီးခဲ့တဲ့နှစ် ဇွန်လက စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်တဲ့နောက် ပြည်ပကို ငွေကြေးလွှဲပြောင်းမှုတွေလုပ်ဖို့ အဓိကအသုံးပြုရတဲ့ ဘဏ်ဖြစ်လာတာပါ။ ဒါ့အပြင် ရိုးမဘဏ်ဟာ စစ်တပ်ပိုင် ဆက်သွယ်ရေးလုပ်ငန်း Mytel နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်ပိုင်ဆိုင်တဲ့ Pinnacle Asia ကုမ္ပဏီတို့နဲ့ပါ ဆက်နွယ်မှု ရှိနေပါတယ်။
ဦးသိန်းဝေဟာ စစ်ကောင်စီအတွက် အရေးကြီးတဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့အတွက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကတင်ပဲ စစ်ကောင်စီဟာ သီရိပျံချီ ဘွဲ့တံဆိပ် ပေးအပ်ပါသေးတယ်။
အခုလိုမျိုး စစ်ကောင်စီအတွက် အလွန်အရေးကြီးပြီး အကျိုးစီးပွားချင်း ဆက်စပ်နေတဲ့ ဦးသိန်းဝေလို လူမျိုးကို တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံးကနေ ခေါ်ယူစစ်ဆေးနေရတဲ့ အကြောင်းရင်းကတော့ ပြည်တွင်းကနေ ငွေကြေးအရင်းအနှီးတွေ အလုံးအရင်းနဲ့ စီးထွက်နေတာကို ရိုးမဘဏ်က ပါဝင်ကူညီနေတယ်လို့ ယုံကြည်ချက်ကြောင့်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီး သုံးနှစ်ကြာလာချိန်မှာ ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းပြီး ငွေကြေးဖောင်းပွမှု မြင့်တက်နေတဲ့အတွက် မြန်မာနိုင်ငံက လူလတ်တန်းစားနဲ့ လူချမ်းသာတွေဟာ သူတို့မှာ ကျန်သေးတဲ့ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုအားလုံးကို ပြည်ပကို လွှဲပြောင်းနေကြပါတယ်။
နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကို ကျပ်ငါးထောင်အထက် အထိ စံချိန်တင် မြင့်တက်နေပြီး၊ အာဏာမသိမ်းခင်က ရွှေတစ်ကျပ်သား ၁၃ သိန်းဝန်းကျင်ကနေ အခုအချိန်မှာ ၅၈ သိန်းလောက်အထိ မြင့်တက်လာပါတယ်။ စစ်ကောင်စီဟာ ရွှေဈေးတက်တာကို ထိန်းဖို့ ရွှေလုပ်ငန်းရှင်အချို့ကို ဈေးကစားတယ်ဆိုပြီး ဖမ်းဆီး အရေးယူခဲ့ပါသေးတယ်။ ဒီလို အခြေအနေမှာ ပြည်ပနိုင်ငံတွေမှာ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူတာဟာ ပြည်တွင်းက ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းဖို့ အကောင်းဆုံး နည်းလမ်းဖြစ်လာပါတယ်။
စစ်ကောင်စီဟာ ကွန်ဒိုဝယ်ပြီး နိုင်ငံခြားကို ငွေကြေးလွှဲပြောင်းဖို့ ကြိုးစားနေသူတွေကို ခြောက်လှန့်တဲ့အနေနဲ့ ကွန်ဒိုဝယ်ယူခဲ့သူ သုံးဦးကိုလည်း တရားမဝင် ဝယ်ယူတယ်ဆိုပြီး ဖမ်းဆီးထားပါတယ်။ စစ်ကောင်စီဟာ ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူရာမှာ ဝန်ဆောင်မှုပေးနေတဲ့ The Minn Thu Co ကုမ္ပဏီရဲ့ အကြီးအကဲ ငါးဦးထဲက လေးဦးကို ဖမ်းဆီးခဲ့ပြီး၊ ကျန်တစ်ဦးကတော့ တိမ်းရှောင်နေပါတယ်။ ဒီကုမ္ပဏီဟာ ထိုင်းဘဏ်တွေမှာ ကုမ္ပဏီပိုင် ဘဏ်အကောင့်တွေ ဖွင့်ထားပြီး ကွန်ဒိုဝယ်ယူပြီး ငွေကြေးလွှဲပြောင်းမှုတွေ လုပ်ပေးနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလက ဘန်ကောက်ကွန်ဒို ဝယ်ချင်တဲ့ မြန်မာတွေအတွက် ပြပွဲတစ်ခုကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အခုလို ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူတဲ့နေရာမှာ ဦးသိန်းဝေပိုင်ဆိုင်တဲ့ ရိုးမဘဏ်ဟာ စစ်ကောင်စီက ချမှတ်ထားတဲ့ နိုင်ငံခြားငွေ ထိန်းချုပ်ရေး စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ငွေကြေးလွှဲပြောင်းဖို့ ဝန်ဆောင်မှုပေးနေတယ်လို့ ယုံကြည်ရပါတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။ ရိုးမဘဏ်ဟာ အခုလို ပြည်ပမှာ ကွန်ဒိုဝယ်ယူမှုတွေအတွက် ချေးငွေအချို့ ပေးအပ်နေတာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ငြိစွန်းသလားဆိုတာလည်း စစ်ကောင်စီ အရာရှိတွေက စစ်ဆေးနေပါတယ်။ မကြာခင်က စစ်ကောင်စီ အရာရှိတွေဟာ ပြည်တွင်းက ငွေကြေးလွှဲပြောင်းမှု အခုတစ်သိန်းလောက်အထိ တိုးချဲ့ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
RFA ရဲ့ သတင်းတစ်ပုဒ်အရ ထိုင်းမှာ မြန်မာနိုင်ငံသားတွေရဲ့ အိမ်ခြံမြေ ဝယ်ယူမှု ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၆၉ သန်းနဲ့ ၂၀၂၃ မှာ ဒေါ်လာ သန်း ၁၀၀ အသီးသီး ရှိခဲ့ပါတယ်။ အခု ၂၀၂၄ ခုနှစ်မှာတော့ ပထမလေးလမှာတင် ဒေါ်လာ သန်း ၆၀ တန်ဖိုးရှိတဲ့ အိမ်ခြံမြေနဲ့ တိုက်ခန်း ၃၈၄ ခု ဝယ်ယူခဲ့ကြပြီး၊ ထိုင်းနိုင်ငံသားတွေ နာမည်နဲ့ ဝယ်ယူထားတာတွေပါ ထည့်တွက်ရင် ဒီထက် ပိုများနိုင်တယ်လို့ ဘန်ကောက်ပို့စ်က သတင်းပို့ထားပါတယ်။
အံ့အားသင့်စရာ တစ်ခုကတော့ စစ်ကောင်စီဟာ မြန်မာပြည်သူတွေ ပြည်ပမှာ အိမ်ခြံမြေဝယ်ယူပြီး ငွေကြေးပိုင်ဆိုင်မှုတွေ လွှဲပြောင်းနေတာကို ဖြိုခွင်းဖို့ ကြိုးစားနေပေမဲ့ ဒီလို ဝယ်ယူရွှေ့ပြောင်းတဲ့အထဲမှာ စစ်ခေါင်းဆောင်ရဲ့ သားသမီးတွေပါ ပါဝင်နေတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံဟာ ဘန်ကောက်မှာ ဒေါ်လာတစ်သန်းတန် ကွန်ဒိုအခန်းကို ဝယ်ယူထားပြီး သမီးဖြစ်သူ ခင်သီရိသက်မွန် ကတော့ ပြီးခဲ့တဲ့နှစ် မေလကပဲ ဘန်ကောက်မြို့မှာ ဈေးအကြီးဆုံးစာရင်းထဲမှာပါတဲ့ Scope Langsuan မှာ အခန်းဝယ်ထားတယ်လို့ သိရပါတယ်။ အဲဒီကွန်ဒိုက တိုက်ခန်းတွေက ဒေါ်လာ ၄ သန်းကနေ ၁၅ သန်းအထိ တန်ကြေးရှိပါတယ် လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီး လပိုင်းလောက်ကတည်းက စစ်တပ်ယူနီဖောင်းဝတ် အရာရှိတွေကို နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင်ဘဏ်တွေကို စေလွှတ်ပြီး ငွေကြေးလွှဲပြောင်းမှုတွေကို စောင့်ကြည့်ခိုင်းထားပါတယ်။ အစပိုင်းမှာ အမျိုးသား ညီညွတ်ရေးအစိုးရ NUG၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို ငွေကြေးထောက်ပံ့တာတွေ မလုပ်နိုင်အောင် စောင့်ကြည့်ဖို့ ဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ ပြည်ပကို ငွေကြေးအရင်းအနှီးလွှဲပြောင်းမှုတွေကိုပါ စောင့်ကြည့်လာပါတယ်။
ငွေကြေးပြတ်လတ်နေတဲ့ စစ်ကောင်စီဟာ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက် အိမ်ကို ငွေပြန်လွှဲရာမှာ သုံးကြတဲ့ ဟွန်ဒီ ငွေလွှဲလုပ်ငန်းတွေကိုလည်း တိုက်ဖျက်ဖို့ကြိုးစားလာနေပါတယ်။
အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု ၃၀ ရာခိုင်နှုန်း ရှိနေပြီး ကျပ်ငွေ စက္ကူတွေဟာ ၂၂ ရာခိုင်နှုန်းအထိ တန်ဖိုး ကျသွားတာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန် ဒေါ်လာ ၁၁.၅ ဘီလျံနဲ့ ညီမျှတဲ့ ငွေစက္ကူ ကျပ် ၃၀ ထရီလျံကို ရိုက်ထုတ်ခဲ့ပြီး၊ ဒါဟာ ကျပ်ငွေတန်ဖိုး ကျဆင်းပြီး ငွေကြေးဖောင်းပွမှု အဓိက ဖြစ်စေတဲ့အကြောင်းရင်းအဖြစ် NUG က ခန့်မှန်းထားပါတယ်။
စစ်ကောင်စီဟာ အခုအချိန်မှာ ငွေကြေးပြတ်လပ်နေတဲ့အပြင် စစ်ပွဲတွေ ဆက်တိုက်ပြီး အသက်ဆက်နိုင်ဖို့ ငွေကြေးအရင်းအနှီးတွေ ထပ်ပြီး လိုအပ်နေပါတယ်။ ဒါပေမဲ့ သူတို့အတွက် ဘဏ္ဍာငွေ ရနိုင်စရာ နည်းလမ်းက နည်းလာနေပါတယ်။ အခုအချိန်မှာ ပြည်တွင်းက ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေ ကျဆင်းနေပြီး ငွေကြေးအရင်းအနှီးတွေ ပြည်ပထွက်နေတာကို ရပ်တန့်ဖို့ သွင်းကုန် တင်သွင်းမှုတွေကို ကန့်သတ်ထားတဲ့အတွက် ကုန်သွယ်ရေး လုပ်ငန်းတွေလည်း ကျဆင်းနေပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ် ဂိတ်ပေါက်တွေရှိတဲ့ မြို့နယ် ၅၁ မြို့နယ်ရှိတဲ့အထဲမှာ တစ်မြို့နယ်ပဲ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ ကျန်ပါတော့တယ်။ ဒါကြောင့် နယ်စပ်ကုန်သွယ်ရေးက ရမယ့် အခွန်ဘဏ္ဍာငွေတွေလည်း ဆုံးရှုံးသွားရပါတယ်။
စစ်ပွဲတွေ ဆက်တိုက်နိုင်ဖို့ ဘဏ္ဍာငွေ ပြတ်လပ်နေတဲ့ စစ်ကောင်စီဟာ ပြည်သူတွေဆီက ရနိုင်သမျှ နည်းလမ်းမျိုးစုံနဲ့ ငွေညှစ်ယူဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ အခုလည်း စစ်ကောင်စီဟာ ပြည်တွင်းမှာရှိနေသေးတဲ့ ငွေကြေးအရင်းအနှီးတွေ ပြည်ပကို ထွက်မသွားနိုင်အောင် တားဆီးဖို့ အရေးကြီးတဲ့ ခရိုနီ လုပ်ငန်းရှင်တွေကနေ တဆင့် ကြိုးစားနေတာ ဖြစ်ပါတယ်လို့ ဆောင်းပါးရှင် ဇက်ခါရီ အဘူဇာက သုံးသပ်ထားပါတယ်။
(မှတ်ချက်။ ဇက်ခါရီ အဘူဇာ (Zachary Abuza) သည် ဝါရှင်တန်ဒီစီမြို့တော်ရှိ အမျိုးသားစစ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ပြီး Georgetown University ၏ တွဲဖက်ပါမောက္ခလည်း ဖြစ်သည်။ ဤဆောင်းပါးတွင် ဖော်ပြထားသော အမြင်များသည် ၎င်း၏ကိုယ်ပိုင်အမြင်များဖြစ်ပြီး အမေရိကန်ကာကွယ်ရေးဌာန၊ အမျိုးသားစစ်တက္ကသိုယ်၊ Georgetown တက္ကသိုလ် သို့မဟုတ် Radio Free Asia တို့၏ ရပ်တည်ချက်ကို မထင်ဟပ်ပါ။)