မြန်မာနိုင်ငံ ပြိုလဲသွားနိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး
2022.03.22

မြန်မာနိုင်ငံဟာ ပြိုလဲသွားနိုင်တဲ့ အန္တရာယ်နဲ့ ကြုံတွေ့ရင်ဆိုင်ရဖွယ်ရှိကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအကြီးအကဲက သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားဟာ၊ နိုင်ငံ့စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးစနစ်တွေ ယိုယွင်း ယိုင်နဲ့ ပြိုကျသွားနိုင်တဲ့ အနေအထားမှာ ရှိနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Michelle Bachelet က ၄၉ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ တနင်္လာနေ့က ပြောဆိုလိုက်တာပါ။
မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ပြီး ၁၃ လ ကြာတဲ့အထိ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးအခြေအနေဟာ အဖက်ဖက်က အကျပ်အတည်းနဲ့ ရင်ဆိုင်နေရဆဲဖြစ်ကြောင်းလည်း ပြောပါတယ်။
နိုင်ငံ့ကျန်းမာရေးစနစ် ပြိုလဲနေပြီး၊ ကိုဗစ်-၁၉ ကူးစက်မှုထိန်းချုပ်ရေး အခြေအနေတွေလည်း အားနည်းနေသလို နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်တွေဟာလည်း ပြည်တွင်းပဋိပက္ခတွေနဲ့ စစ်တပ်ရဲ့ အာဏာအလွဲသုံးမှုတွေကြောင့် အညွန့်မတက်နိုင်ဘဲ ရှိနေကြောင်းလည်း ကော်မရှင်နာမင်းကြီး Michelle Bachelet က ပြောဆိုပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံတစ်ဝန်း အရင်က တည်ငြိမ်နေခဲ့တဲ့ဒေသတွေမှာလည်း ရာနဲ့ချီတဲ့ လက်နက်ကိုင်အဖွဲ့တွေ ပေါ်ပေါက်လာခဲ့ပြီး ရလဒ်အနေနဲ့ နိုင်ငံတွင်း လူသားချင်းစာနာကူညီရေး အခက်အခဲ အကျပ်အတည်တွေ ဆက်လက် ကျယ်ပြန့်လာနေတာပါ။ စီးပွားရေး အခြေအနေကလည်း ပြိုလဲလုလု အနေအထားမှာ ရှိနေခဲ့တာပါ။ အခုအခါ လူဦးရေ ၁၄.၄ သန်းကျော်အတွက် လူသားချင်းစာနာရေး အကူအညီတွေ ထောက်ပံ့နိုင်ခဲ့ကြောင်း ကော်မရှင်နာမင်းကြီး Michelle Bachelet က ပြောပါတယ်။
လာမယ့်လတွေအတွင်း ရိက္ခာမလုံလောက်မှု မြန်မြန်ဆန်ဆန် ထိုးတက်သွားနိုင်ခြေ ရှိနေပြီး စစ်တပ်အာဏာသိမ်းမှုနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာလူဦးရေ တစ်ဝက်နီးပါး ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်ရဖွယ်ရှိကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က သတိပေးပါတယ်။
ဒီအတွင်းယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေအရ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြရာမှာ ပါဝင်ခဲ့ကြသူ ၁၆ဝဝ ကျော် သေဆုံးခဲ့ကြရပြီး စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း သေဆုံးခဲ့ရသူ အနည်းဆုံး ၃၅၀ ရှိခဲ့လို့၊ စုစုပေါင်းသေဆုံးသူတွေရဲ့ ၂၁ ရာနှုန်းကျော် ဖြစ်ကြောင်း Michelle Bachelet က ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စပြီး လူဦးရေငါးသိန်းကျော် အဓမ္မ အိုးအိမ်စွန့်နေရာရွှေ့ပြောင်းခံခဲ့ကြရပြီး အနည်းဆုံး ပြည်သူတစ်သောင်းခွဲ နိုင်ငံကနေ စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမတိုင်ခင် ပြည်တွင်း နေရာရွှေ့ပြောင်းခဲ့ကြရသူ သုံးသိန်းလေးသောင်းနီးပါးနဲ့ ရိုဟင်ဂျာတစ်သန်းကျော်ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်းမှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေ လွတ်လပ်စွာသွားလာခွင့်နဲ့ ဝန်ဆောင်မှုရရှိခွင့်တွေ ငြင်းပယ်ခံထားရကြောင်းလည်း ပြောပါတယ်။
ဒါ့ပြင် လူနေထူထပ်တဲ့ နေရာတွေမှာ စစ်တပ်က အကြိမ်လေးရာကျော် တိုက်ခိုက်ခဲ့ပြီး၊ ဘုရားကျောင်းတွေနဲ့ ဈေးဆိုင်တွေ အပါအဝင် တခြားအဆောက်အဦးတွေ၊ နေအိမ်တွေ ထောင်နဲ့ချီ ဖျက်ဆီးခံခဲ့ရကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စပြီး၊ ကျန်းမာရေး စောင့်ရှောက်မှုဌာနတွေနဲ့ ဝန်ထမ်းတွေအပေါ် တိုက်ခိုက်မှုအနည်းဆုံး ၂၈၆ ကြိမ် ရှိခဲ့ပြီး၊ အတိုက်အခံ အားလုံးနဲ့ အရပ်ဘက် ပြည်သူတွေအပေါ် စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေဟာလည်း အရှိန်မြင့်လာခဲ့ကြောင်း Bachelet က ပြောပါတယ်။
နိုင်ငံတကာ သတင်းဝေဖန်ချက် တချို့ကလည်း မြန်မာနိုင်ငံရဲ့ တစ်ခါက တောက်ပခဲ့တဲ့ အနာဂတ် မျှော်လင့်ချက်ဟာ မှုန်မှိုင်းမှိန်ဖျော့လာနေပြီး Failed State လို့ ခေါ်ကြတဲ့ ကျရှုံးနိုင်ငံအဖြစ်ဆီ ဦးတည်နေပြီလို့ ပြောဆိုလာကြပါပြီ။
ဒါ့ပြင် ကမ္ဘာ့အဓိက အင်အားကြီး နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေအနေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းနဲ့အတူ မြန်မာစစ်တပ်ကို ဖိအားပေးကြဖို၊ နိုင်ငံနဲ့ ပြည်သူတွေ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိနိုင်အောင် တွန်းအားပေးကြဖို့လည်း နိုင်ငံတချို့က တိုက်တွန်းလာနေကြပြီဖြစ်ပါတယ်။
လူ့အခွင့်အရေးကောင်စီ ညီလာခံကို ဧပြီလ ၁ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။