မြန်မာအတွက် အထူးကိုယ်စားလှယ်အမြန်ခန့်အပ်ဖို့ ဂျာကာတာပို့စ် တိုက်တွန်း

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းခဲ့ပြီးချိန်ကစပြီး၊ စစ်အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေအတွင်း သေဆုံးသူ အခုထိ ၈၀၅ ဦး ရှိသွားခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Photo: AFP

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းခဲ့ပြီးချိန်ကစပြီး၊ စစ်အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေအတွင်း သေဆုံးသူ အခုထိ ၈၀၅ ဦးရှိသွားခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့မှာ တနင်္လာနေ့ ညနေပိုင်းက စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် အရပ်သားတဦး သေဆုံးခဲ့ပါတယ်။ နိုင်ငံပိုင်၊ ပြည်သူပိုင်၊ ပုဂ္ဂလိကပိုင်ပစ္စည်းတွေကိုလည်း နေ့ ညမရှောင် ဖျက်ဆီးနေတဲ့အတွက်၊ ဒေသခံတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။

နိုင်ငံတဝှမ်း စစ်အစိုးရရဲ့ထိန်းသိမ်းခံထားရသူ ၄၁၄၆ ဦး ရှိပြီး၊ အဲဒီထဲက ၉၂ ဦးကို တရားစွဲဆိုထားပါတယ်။ အခုလို အခြေအနေတွေနဲ့ ပတ်သက်ပြီး၊ အာဆီယံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ့အရေး ကူညီတုံ့ပြန်ဆောင်ရွက်ဖို့ အလွန်တရာေ နှေးကွေးနေတဲ့ အပေါ် AAPP က ပြစ်တင် ဝေဖန်လိုက်ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှာ မေလ ၁၈ ရက်နေ့ ဆွေးနွေးဖို့ စီစဉ်ထားခဲ့ပေမယ့်အစီအစဉ်ကို ဆိုင်းငံ့လိုက်ပါတယ်။

ချင်းပြည်နယ်မှာတော့ အာဏာသိမ်း စစ်တပ်နဲ့ ဒေသခံတွေ ဖွဲ့စည်းလိုက်တဲ့ Chinland Defence Force ( CDF ) ခေါ် ချင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့ ကြား တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနေတာ နဲ့ အမျှ၊ နေရပ် စွန့်ခွာ ထွက်ပြေးနေကြရသူတွေအတွက် စားနပ် ရိက္ခာ နဲ့ အမိုးအကာတွေ လိုအပ်နေပါတယ်။

တိုက်ပွဲအတွင်း စစ်တပ် ထရပ်ကားတွေ ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး၊ စစ်ကူတွေကိုလည်း ခြုံခိုတိုက်ခိုက် နိုင်ခဲ့ကြောင်း CDF ပြောခွင့်ရသူက ပြောဆိုပါတယ်။ တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေနဲ့ စစ်ထရပ်ကားတွေရဲ့ ဓာတ်ပုံတွေကိုလည်း ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သေဆုံးသူ အနည်းဆုံး ၁၀ ဦးရှိခဲ့လို့၊ စစ်တပ် အာဏာ သိမ်းခဲ့ချိန်ကစပြီး အခုထိ စုစုပေါင်း သေဆုံးသူ ၈၀၅ ဦး ရှိသွားပြီ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဖော်ပြပါတယ်။

ဒီအတွင်း နိုင်ငံတဝှမ်း မိုဘိုင်းဖုန်း ဆက်သွယ်မှု တင်းကြပ်ထားတဲ့အတွက် တိုက်ပွဲအခြေအနေ၊ မြေပြင် အခြေ အနေ ဆိုင်ရာ သတင်း အသေးစိတ်တွေ သိရှိဖို့ နှေးကွေးခက်ခဲနေပါတယ်။ ဒေသခံတွေကလည်း ချင်းပြည်နယ်အတွက် ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြု လုံခြုံရေးဇုန်တရပ် လိုအပ် ကြောင်း ပြောပါတယ်။ စစ်အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူ တချို့ကတော့ ကိုယ့်မြို့ကိုယ်ရွာကို ကာကွယ်ဖို့ ဒေသဆိုင်ရာဌာနေ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းထူထောင်ခဲ့ကြပါတယ်။

ချင်းပြည်နယ်၊ မင်းတပ် မြို့မှာ မေလ ၁၂ ရက်နေ့ စ‌ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ အခုအခါ သောက်သုံးရေလည်း ပြတ်လပ်နေကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။ ကချင်ပြည်နယ်မှာလည်း မတ်လလယ်ပိုင်းက စတင်ခဲ့တဲ တိုက်ပွဲတွေကြောင့် ဒေသခံ တသောင်းကျော် နေရာရွှေ့ပြောင်းခဲ့ရပါတယ်။

ဒီအတွင်း အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်တဦး အမြန်ခန့်အပ်သင့်ကြောင်း ဂျာကာတာပို့စ် သတင်းစာက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ သန်းနဲ့ချီတဲ့ပြည်သူတွေဟာ ငတ်မွတ်ခေါင်းပါးမှု၊ ကိုရိုနာ ကိုဗစ် ကပ်ရောဂါ ဘေး တွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး၊ အရေးပေါ် အနေအထားကိုရောက်ရှိသွားနိုင်တဲ့အတွက်၊ အာဆီယံအဖွဲ့ခေါင်းဆောင်တွေအနေနဲ့ ဂျာကာတာမှာ ဆွေးနွေးအပြီး၊ အချိန်ကာလ တလကြာနီးပါးကြာတဲ့အထိ အထူးကိုယ်စားလှယ်တဦး မခန့်အပ်နိုင်သေးတာ ရယ်ဖွယ်ရာ သက်သက် ဖြစ်နေကြောင်းလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က ဂျာကာတာမြို့ အာဆီယံ အတွင်းဝန်များရုံးမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို အပါအဝင် အာဆီယံ ခေါင်းဆောင်တွေနဲ့ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံခဲ့ရာမှာ အချက် ငါးချက် သဘောတူညီခဲ့ကြပါတယ်။ မြန်မာပြည်မှာ အကြမ်းဖက်မှုတွေ အမြန်ရပ်တန့်ရေး၊ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကြား အပြုသဘောဆောင် ဆွေးနွေးရေး၊ ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ တွေ့ဆုံဖြေရှင်းရေး စတာတွေ သဘောတူညီခဲ့ကြ ပါတယ်။

အာဆီယံအဖွဲ့ကလည်း လိုအပ်တာတွေ ဖြည့်ဆည်းကူညီဖို့ သဘောတူခဲ့တာပါ။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပိုမိုဆိုးရွားလာခဲ့ကြောင်း ဂျာကာတာပို့စ် သတင်းစာက ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org