လက်နက်ကိုင်တိုက်ပွဲများနဲ့ မြန်မာ့နိုင်ငံရေးအလားအလာ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ "၁၀၂၇ စစ်ဆင်ရေး" ဟာ စစ်ကောင်စီ တပ်စခန်းတွေနဲ့ မြို့တွေကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့အထိ ပြင်းထန်နေပါတယ်။
ဒီစစ်ဆင်ရေးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းက မြို့ပေါင်း ၂၀ ကျော်ကို စစ်ကောင်စီက လက်လွတ်လိုက်ရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ သိန္နီနဲ့ ချင်းရွှေဟော် အပါအဝင် မုန်းကိုး၊ ကွမ်လုံ၊ ပန်ဆိုင်း (ကြူကုတ်)၊ ကုန်းကြမ်း စတဲ့မြို့တွေနဲ့ ဖောင်းဆိုင်၊ နမ့်စလပ်ဒေသတွေကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် လို့ခေါ်တဲ့ ကိုးကန့်အဖွဲ့ (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပူးပေါင်းထားတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းယူခဲ့ပါတယ်။
ချင်းပြည်နယ်က ရိခေါ်ဒါရ်၊ ဝေဘူလ၊ဆူရ်ခွား၊ နှာရိန်၊ ရေဇွာ၊ လိုင်လင်းပီ၊ ပကွီအိမ်နူးမြို့တွေကို ချင်းဒေသကာကွယ်ရေး တပ်တွေက သိမ်းယူထားပြီး စစ်ကိုင်းတိုင်းက ခါမ်းပါတ်၊ ကောလင်းနဲ့ ရွှေပြည်အေးမြို့တွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဒေသကာကွယ်ရေးတပ်တွေက သိမ်းယူထားပါတယ်။ ဒါ့အပြင် ကယားပြည်နယ် နမ်းမယ်ခုံမြို့နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွေကို ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားသလို ပဲခူးတိုင်း မုန်းမြို့ကိုလည်း KNU နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းယူထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က… ဒီမြို့သိမ်းတိုက်ပွဲတွေကနေ လာမယ့်လတွေအတွင်း နိုင်ငံရေးအပြောင်းအလဲတစ်ခု ပေါ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
"တစ်ပြည်လုံးအနှံ့ ဝိုင်းဝန်းတိုက်ခိုက်နေတဲ့အောက်မှာ စစ်ကောင်စီရဲ့တပ်ဟာ အင်အားမလုံလောက်မှု၊ စိတ်ဓာတ်ရေးရာအရ ကျဆင်းနေကြပါတယ်။ ဒီခေါင်းဆောင်တွေ နေပြည်တော်ကိုလည်း ကာကွယ်ချင်တဲ့ စိတ်ဆန္ဒလည်း မရှိတော့ စတိတိုက်ပြီးရင် လက်နက်ချကြတာ များပါတယ်။ လပိုင်းအတွင်းမှာတင် အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ကျွန်တော်က အကဲဖြတ်ပါတယ်။ သေချာတာကတော့ စစ်ကောင်စီရဲ့ နောက်ဆုံးအခြေခံစခန်း ဖြစ်တဲ့ နေပြည်တော်လည်း နွေဦးတော်လှန်ရေးအောက်မှာ ဆုံးရှုံးရလိမ့်မယ်လို့ ယူဆကြောင်း သုံးသပ်ပါတယ်"
စစ်ကောင်စီတပ်တွေဟာ ဒေသအသီးသီးက လက်လွတ်ခဲ့ရတဲ့ မြို့တွေကို ပြန်ထိန်းချုပ်နိုင်ဖို့ လေကြောင်း၊ ကြည်းကြောင်းကနေ အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။
သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ ဒီဇင်ဘာလ ၈ ရက်နေ့ထုတ် အစီရင်ခံစာအရ နိုင်ငံရဲ့နယ်မြေ ၆၇ ရာခိုင်နှုန်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ နောက်ဆုံးရသတင်းတွေအရ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် ၂၆၁ မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေတွေလည်း ဒီထက်ပိုပြီး ကျုံ့သွားဖို့ရှိနေတယ်လို့ ISP-Myanmar က သုံးသပ်ထားပါတယ်။
“မြန်မာစစ်တပ်ဟာ တဖြည်းဖြည်း ပြိုလဲနိုင်တယ်။ ဒါမှမဟုတ် စစ်တပ်ထဲက အလယ်အလတ်ခေါင်းဆောင်တွေက အာဏာပြန်သိမ်းနိုင်တဲ့ အလားအလာတွေ တွေ့ရတယ်"
လက်နက်ကိုင်ပဋိပက္ခတွေ ကျယ်ပြန့်လာတာကြောင့် စစ်ကောင်စီဟာ တဖြည်းဖြည်း ပြိုလဲလာနိုင်တယ်လို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်ပါတယ်။
"တော်လှန်ရေးအင်အားစုတွေဘက်က နယ်မြေတွေ၊ စခန်းတွေ မြို့တွေ သိမ်းဆည်းတာတွေ ရှိနေပါတယ်။ စစ်ကောင်စီဘက်က ထိုးစစ်ကို လုပ်နိုင်ဖို့နေနေသာသာ ခံစစ်ကိုတောင် မလုပ်နိုင်တော့ဘူး။ စစ်ကောင်စီ တပ်သားတွေဘက်ကလည်း စခန်းတွေကျတာ၊ အလံဖြူ ထောင်တာတွေနဲ့ စစ်တပ်ပေါ်မှာ သစ္စာခံတဲ့စိတ် အဲဒါတွေကျရှုံးတာပဲ။ မြန်မာစစ်တပ်ဟာ တဖြည်းဖြည်း ပြိုလဲနိုင်တယ်။ ဒါမှမဟုတ် စစ်တပ်ထဲက အလယ်အလတ်ခေါင်းဆောင်တွေက အာဏာပြန်သိမ်းနိုင်တဲ့ အလားအလာတွေ တွေ့နေရပါတယ်"
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ ဒီတိုက်ပွဲတွေကနေ အတိုက်အခံအင်အားစုတွေ လိုချင်တဲ့ ရလဒ်မျိုး ရနိုင်သလို၊ နားလည်မှုမရှိရင် အတိုက်အခံအချင်းချင်းကြား ပြိုကွဲသွားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
"ထွက်လာနိုင်တဲ့ ရလဒ်နှစ်ခုကို ကြည့်မယ်ဆိုရင် ပထမတစ်ခုက စစ်ရေးဒီလိုမျိုးဖြစ်နေချိန်မှာ နိုင်ငံရေးအရ သူတို့အချင်းချင်းကြားထဲမှာ ချိတ်ဆက်မှု၊ နားလည်မှု၊ ယုံကြည်မှု အဲ့ဒါတွေကို တစ်ချိန်တည်းမှာ တည်ဆောက်ဖို့လိုတယ်။ တကယ်လို့ အဲ့ဒီဟာကို တည်ဆောက်လာနိုင်တယ်ဆိုရင် တစ်ချိန်ရောက်လာလို့ တွေ့ကြတယ်၊ ညှိကြတယ်ဆိုရင် အားလုံးအဆင်ပြေနိုင်တဲ့ ရလဒ်တစ်ခုကို ကိုယ့်ရဲ့အထက်စီး စစ်ရေးအရ အားသာမှုပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ ညှိနှိုင်းတာမျိုးဖြစ်လာနိုင်တယ်။ နောက်ဖြစ်နိုင်တဲ့ဟာကကျတော့ အဲ့ဒီလိုမျိုး နိုင်ငံရေးအရ အချင်းချင်းကြားထဲမှာ နားလည်မှု၊ သဘောတူညီမှုနဲ့ ယုံကြည်မှုတွေ မတည်ဆောက်နိုင်ဘူးဆိုရင် ညှိနှိုင်းမယ်ဆိုတဲ့ ခေါင်းစဉ် ထွက်လာတဲ့အချိန်မှာ တစ်ဖက်နဲ့တစ်ဖက် အချင်းချင်းကြားထဲမှာ သံသယတွေ ပြန်ပွားပြီး ဘုံရန်သူကို အတူတူတိုက်နေကြရင်း တိုက်နေကြတဲ့သူ အချင်းချင်းကြားမှာ သူဘာလဲ၊ ငါဘာလဲဆိုတဲ့ သံသယတွေ ပွားလာပြီး အချင်းချင်းကြားမှာ ကွဲကြပြဲကြတာမျိုးလည်း ဖြစ်လာနိုင်တယ်"
ဒါပေမယ့် စိန်ခေါ်မှုတစ်ခုကတော့… စစ်ရေးပဋိပက္ခ ရှည်ကြာလာတာနဲ့အမျှ အရပ်သားတွေ ပိုပြီး ဒုက္ခရောက်လာသလို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေအတွက် လက်နက်ခဲယမ်းမီးကျောက် လိုအပ်ချက် ကြီးမားလာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
စစ်တပ်အရာရှိဟောင်းတစ်ဦး ဖြစ်တဲ့ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးကတော့ လက်နက်ခဲယမ်းပြဿနာကြောင့် ဒီစစ်ဆင်ရေးအဆုံးသတ်မှာ အရှုံးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ပြောပါတယ်။
"ရေရှည်အလားအလာကတော့ စစ်ပွဲတစ်ခုက အဲဒီလောက်ကြီး တိုက်ခိုက်လိုက်တယ်ဆိုရင် ကုန်ကျလာမယ့် ခဲယမ်းနဲ့ ရိက္ခာကျည်ဆန်၊ လက်နက်ပေါ့၊ အားလုံးက ဖြည့်ဆည်းရတဲ့ဒုက္ခက မလွယ်ဘူး။ အားလုံးက အရှိန်ကျသွားပြီပေါ့။ နိုင်ငံတစ်နိုင်ငံအဆင့် ဆိုရင်တောင် တော်တော်လေး မလွယ်တဲ့ကိစ္စမို့လို့ ဒီအဆင့်က သူတို့အနေနဲ့ မဖြည့်ဆည်းနိုင်တာ ကျွန်တော်တို့ သွားပြီးတွေ့တယ်"
ထိုင်းအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေးဗစ် မက်သီဆင် (David Scott Mathieson) ကတော့ ဘယ်အဖွဲ့က ဘယ်မြို့တွေ သိမ်းယူထားတယ်ဆိုတဲ့ ကိန်းဂဏန်းနောက် လိုက်နေတာထက် ဘယ်အဖွဲ့တွေက ဘယ်ဒေသတွေမှာ တိုက်ခိုက်နေသလဲ၊ အမှန်တကယ် ထိန်းချုပ်နိုင်ပြီလား၊ ရှေ့ဆက် ဘယ်လိုသွားကြမလဲ ဆိုတာတွေကို သတိထား ဆန်းစစ်ဖို့ လိုပြီလို့ သုံးသပ်ပါတယ်။
“တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ သူတို့ကို အားပေးထောက်ခံတဲ့ ဒေသခံပြည်သူတွေ ရှိတဲ့ဒေသတွေကို ထိန်းချုပ်နယ်မြေတွေအဖြစ် သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်တဲ့ ပုံစံနဲ့ ရှိနေခဲ့တာ၊ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာမသိမ်းခင် နှစ်ပေါင်းများစွာကတည်းက ဖြစ်ပါတယ်။ KNU ကနေ နောက်ပိုင်း ရခိုင့်တပ်တော် (AA) နဲ့ ကရင်နီတပ်ပေါင်းစုတွေ အထိ အားလုံး ဒီပုံစံအတိုင်းပါပဲ။ အခု ၁၀၂၇ စစ်ဆင်ရေးမှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေနဲ့ ပြောခွင့်ရသူတွေ ပြောထားတာကို နားထောင်ရသလောက်ဆိုရင် သူတို့ရဲ့ သက်ဆိုင်ရာနယ်မြေတွေမှာ စစ်ကောင်စီကို တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ပြီး၊ မြန်မာနိုင်ငံအနှံ့မှာလည်း အလားတူ ထိုးစစ်တိုက်ခိုက်မှုတွေ ဖြစ်လာအောင် လှုံ့ဆော်ဖို့နဲ့ အားပေးထောက်ခံသွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်း အထိ ဝင်ရောက်သိမ်းယူဖို့ ကြိုးစားမယ်လို့ မထင်ပါဘူး။ ကျွန်တော့်အမြင်ကတော့ AA ပဲ ဖြစ်ဖြစ်၊ MNDAA ပဲ ဖြစ်ဖြစ် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အထိ ဝင်သိမ်းယူဖို့ဆိုတာ ဖြစ်နိုင်ခြေ နည်းပါတယ်။ စစ်ကောင်စီ လုံးဝ ပြိုလဲသွားဖို့ဆိုရင် NUG ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက နေပြည်တော်ကို ချီတက်သိမ်းယူမှ ဖြစ်လိမ့်မယ်။ ဒါက အခုအချိန်မှာ လက်တွေ့ကျတဲ့ အခြေအနေမျိုး မဟုတ်ဘူးလို့ ထင်ပါတယ်”
ပြီးခဲ့တဲ့ နှစ်လအတွင်း ထိန်းချုပ်နယ်မြေနဲ့ စစ်စခန်းအများအပြား ဆုံးရှုံးခဲ့တာကို စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် ဝန်ခံထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးအတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေမှာ နည်းပညာနဲ့လူအင်အား သာလွန်မှုတွေ ရှိနေတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုထားပါတယ်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ မတိုင်ခင်အထိ စစ်ကောင်စီတပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက တပ်စခန်း နှစ်ရာဝန်းကျင်၊ ရခိုင်ပြည်နယ်မှာ တပ်စခန်း ၄၆ ခု၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း မှာ တပ်စခန်း ၄၀ နီးပါးနဲ့ ကယားပြည်နယ်မှာ တပ်စခန်း ၁၅ ခုထက်မနည်း စွန့်လွတ်ခဲ့ရတယ်လို့ ISP က ထုတ်ပြန်ပါတယ်။
နှစ်ပေါင်းများစွာ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်ကောင်စီတပ်ဟာ ချက်ချင်းပြိုလဲသွားဖို့ မဖြစ်နိုင်ပေမယ့် အဆုံးသတ်မှာတော့ လူထုက ဒီမိုကရေစီကို ရရှိလိမ့်မယ်လို့ တရုတ်နိုင်ငံအခြေစိုက် စစ်ရေးအကဲခတ် ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။
"စစ်အာဏာရှင်စနစ်က မုချကျဆုံးလိမ့်မယ်။ ဒါပေမဲ့ ဒါက မြန်မလား၊ နှေးမလားဆိုတာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေရော ပြည်သူလူထုအပေါ်မှာရော မူတည်ပါတယ်။ ကျွန်မတို့ ဘယ်လောက် ဇွဲနဲ့တောင့်ခံနိုင်မလဲ ဆိုတာ မူတည်တယ်။ အဲဒီတော့ ကျွန်မတို့ နည်းနာပေါင်းစုံနဲ့ ဆက်ပြီး တိုးရမှာတော့ တိုးရမှာပဲ။ စစ်တပ်က အရင်လို မာမာတင်းတင်းတောင် မပြောနိုင်တော့ဘူး။ စစ်တပ်ဘက်က တော်တော်ကို အားအင်ယုတ်နေတာပါ"
တစ်ဖက်မှာလည်း အခုလို လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်လာတာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ သိန်းနဲ့ချီပြီး တိုးလာပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သီန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင် အပါအဝင် မြို့နယ် ၁၂ ခုကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ တစ်သိန်းနီးပါးရှိနေပြီလို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့အထဲမှာ လားရှိုး-သိန္နီလမ်းပိုင်း နမ့်ဟူးရွာမှာ နေထိုင်တဲ့ ဒေါ်လုံမ်မီတို့ မိသားစုလည်း ပါဝင်ပါတယ်။ လက်နက်ကြီးတွေ ရွာအနီးမှာ ကျရောက်ပေါက်ကွဲနေတာကြောင့် မိသားစုလိုက် လားရှိုးမြို့ပေါ်က ခရစ်ယာန်မိဘမဲ့ကျောင်းကို နိုဝင်ဘာလ ၇ ရက်မှာရောက်ရှိခဲ့တာပါ။
လားရှိုး-သိန္နီလမ်းပိုင်း နမ့်ဟူးရွာဒေသံခံ ဒေါ်လုံမ်မီက ဘယ်သူကိုမှ အခုလို စစ်ပွဲနဲ့မကြုံစေချင်ဘူးလို့ ပြောပါတယ်။
"အခုလို ဒီလိုတိုက်ပွဲဖြစ်တာ ကြုံရတော့ ကျွန်မတို့လည်း ကြောက်ရတယ်ပေါ့နော်။ အသက်ကြီးတဲ့ လူတွေအတွက်ရော ကလေးငယ်တွေအတွက်ရော အရမ်းစိုးရိမ်ရတယ်။ အဲဒါကြောင့်မို့လို့ ဒီကိုပြေးလာတာပါ။ ကျွန်မတို့ တွေ့မြင်ရသလောက်ကတော့ အရပ်သားတွေ ထိခိုက်တယ်ပေါ့နော်။ စိုက်ပျိုးရေးအပိုင်းမှာရော မွေးမြူရေးအပိုင်းမှာရောပဲ။ တော်တော်လေး အဆင်မပြေဘူးပေါ့နော်။ တော်တော်လေးထိခိုက် နစ်နာမှုရှိတယ်။ တချို့ရွာတွေဆို စိုက်ထားပြီးတဲ့သီးနှံတွေ ဘာမှမရိတ်သိမ်းရဘဲနဲ့ ဝက်တွေဆိုလည်း ဒီအတိုင်းပဲ လွှတ်ခဲ့ရတယ်။ အဲဒီကျတော့ မိသားစုအခြေအနေ စီးပွားရေးအတွက်တော့ တော်တော်လေး ခက်ခဲတယ်။ လူတိုင်းက စစ်ပွဲနဲ့ မကြုံချင်ဘူးလေ၊ မဖြစ်ခိုင်းစေချင်ဘူး။ ကျွန်မတို့ အနည်းနဲ့အများ တစ်လနှစ်လနဲ့ ပြီးသွားမယ်ထင်တယ်။ ဒါပေမဲ့လည်း ဘယ်လိုရှေ့ဆက်လာမလဲဆိုတာ ကျွန်မတို့မသိဘူး"
စစ်ပွဲတွေကြာရှည်ဖြစ်နေရင် မိသားစုရပ်တည်ရေးအတွက် အခက်အခဲ ရှိတယ်လို့ သူက ပြောပါတယ်။
ကျယ်ပြန့်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ နိုဝင်ဘာလ ၁၃ ရက်မှာ ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့ပြီး စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားလာတာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ ရှိလာပါတယ်။
ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ညောင်ချောင်းကျေးရွာက ဒေသခံတွေလည်း ရွာအနီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။
ညောင်ချောင်းရွာက အသက် ၅၃ နှစ်အရွယ် ဒေါ်မြသန်းဝင်းက သူတို့ အခုလို ထွက်ပြေးတိမ်းရှောင်ရတာဟာ စစ်ကောင်စီတပ်ကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ကနေ စစ်ကောင်စီတပ် ထွက်ခွာသွားတာကို မြင်ချင်တယ်လို့ ပြောပါတယ်။
ဘူးသီးတောင်မြို့နယ် ညောင်ချောင်းရွာက စစ်ဘေးဒုက္ခသည် ဒေါ်မြသန်းဝင်းက…
“ဘာပြောချင်မလဲ သူတို့ (စစ်ကောင်စီ) ကို မကြိုက်ဘူး၊ သူတို့ကို ဒီပြည်ကနေ အရင်ဆုံး ထွက်စေချင်တယ်။ ကျမတို့ဘဝက တုံးအောက်ကဖား ဖြစ်လာတာ ကြာခဲ့ပါပြီ အဲဒါကြောင့် သူတို့ကြောင့် သူတို့လုပ်နေလို့ ကျမတို့ ဒီဘဝကိုရောက်နေတာပါ၊ ကျွန်ဘဝကိုရောက်နေတာပါ။ ကျမတို့ အသက်ကို ပေးဆပ်လိုက်ရတဲ့ ရခိုင်သားတွေရဲ့ ဘဝတွေအတွက်နဲ့လည်း ကျမတို့ ဝမ်းနည်းကြေကွဲရတာလည်း သိပ်များသွားပြီ။ အဲဒါကြောင့် သူတို့ကို ဒီနေရာက အမြန် ထွက်သွားတာကို လိုချင်ပါတယ်”
အလားတူ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အပါအဝင် တခြား တိုင်းနဲ့ပြည်နယ်တွေမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေ တိုးလာနေပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကနေ လက်ရှိအချိန်အထိ အရပ်သား ခြောက်သိန်းခွဲကျော် (၆၆၆,ဝဝဝ) အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဒီဇင်ဘာလ ၁၅ ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
လက်ရှိ မြန်မာနိုင်ငံက တိုက်ပွဲတွေအတွင်း ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၃၆၃ ဦး သေဆုံးပြီး ၄၆၁ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ UNOCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။