မြောက်ပိုင်းသုံးဖွဲ့ စစ်ကောင်စီကို စစ်ဆင်ရေးကြေညာပြီး စတိုက်
2023.10.27

မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က စစ်ဆင်ရေးအမှတ် (၁၀၂၇) ကိုကြေညာပြီး ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက စစ်ကောင်စီ တပ်စခန်းတွေကို အောက်တိုဘာ ၂၇ ရက် ဒီနေ့မှာ စတင်တိုက်ခိုက်လိုက်ပါတယ်။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့ အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်း၊ ကွတ်ခိုင် စတဲ့ အရေးပါတဲ့ မြို့ကြီးတွေရှိ စစ်ကောင်စီ တပ်စခန်းတွေကို မြောက်ပိုင်း သုံးဖွဲ့က ဒီနေ့ မနက် ၄ နာရီကစလို့ နယ်မြေခွဲပြီး တစ်ပြိုင်တည်း ဝင်တိုက်ခဲ့တာပါ။
သုံးဖွဲ့ပေါင်းပြီး ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့၊ မိမိကိုယ်ကိုကာကွယ်ဖို့၊ ကိုယ်ပိုင်ဒေသတွေကို ပိုထိန်းချုပ်နိုင်ဖို့၊ စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့ ည မပြတ် တိုက်ခိုက်နေမှုကို ဟန့်တားဖို့၊ ပြည်သူတစ်ရပ်လုံး လိုလားနေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့နဲ့ တရုတ်-မြန်မာ နယ်စပ် အပါအဝင် နိုင်ငံအတွင်းမှာ ကြီးထွားလာနေတဲ့ အွန်လိုင်း လောင်းကစားနဲ့ ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ဒီစစ်ဆင်ရေးကို ဆင်နွှဲလိုက်တာလို့ ဖော်ပြထားပါတယ်။
တစ်ချိန်တည်းမှာပဲ ကိုးကန့်ဒေသ လောက်ကိုင်မြို့က အွန်လိုင်း ငွေလိမ်ကုမ္ပဏီတွေကို နှိမ်နင်းဖို့နဲ့ စစ်ကောင်စီဘက်က စစ်အင်အား ထပ်မဖြည့်နိုင်ဖို့အတွက် လားရှိုး-ချင်းရွှေဟော်နဲ့ လားရှိုး-မူဆယ် ကားလမ်းတွေကို ဒီနေ့ မနက် ၆ နာရီကစပြီး ပိတ်ထားလိုက်ပြီလို့လည်း မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNTJP/MNDAA) က ထုတ်ပြန်ပါတယ်။ လမ်းပိတ်ထားတဲ့ကာလမှာ ဘယ်လိုယာဉ်မျိုးကိုမှ သွားလာခွင့်ပြုမှာမဟုတ်ဘဲ သွားလာရင် စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်အဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာ တိုက်ခိုက်ချေမှုန်းမယ်လို့ MNDAA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီနေ့ အခြေအနေတွေ ရှုပ်ထွေးနေပြီး တိုက်ပွဲတွေကြောင့် အရေးကြီး တံတားတွေ ကျိုးကုန်သလို စစ်ကောင်စီရဲ့ စစ်ဘက်၊ အရပ်ဘက်ဝန်ထမ်းတွေ အသေအပျောက် များတယ်လို့ ကိုးကန့်ဒေသ ချင်းရွှေဟော်မြို့အနီး ဟိုပန်မြို့မှာနေထိုင်တဲ့ ကိုဖိုးဝက RFA ကို ပြောပါတယ်။
“ချင်းရွှေဟော် တံတားနဲ့အတူ ဟိုပန်တံတား (ဖောင်ဆိပ်တံတား) လို့လည်း ခေါ်တာပေါ့၊ ကျွန်တော်တို့က ဟိုပန်ကိုလည်း ဝင်လို့ရတယ်၊ ချင်းရွှေဟော်နဲ့ဆိုရင် သုံးမိုင်ခွဲ၊ လေးမိုင်လောက်ပဲ ဝေးတယ်၊ ချင်းရွှေဟော် တံတားကျိုးတယ်၊ ဟိုပန်အဝင် ဖောင်ဆိပ် တံတားလည်း ကျိုးသွားတယ်။ ဖောင်ဆိပ်မှာရှိတဲ့ ဂိတ်တွေအားလုံးလည်း ဝင်စီးခံရတဲ့အတွက် ဂိတ်မှာတာဝန်ကျနေတဲ့ အကောက်ခွန်ဘက်က ဝန်ထမ်းတွေ၊ ရဲဘက်က ဝန်ထမ်းတွေ၊ စစ်ဘက်က ဝန်ထမ်းတွေ အသေအပျောက်များပါတယ်။ ချင်းရွှေဟော် ဒေသခံတွေက နမ့်တစ်ဆိုတဲ့ “ဝ”တပ်ဖွဲ့ ပိုင် (နယ်မြေ) ဘက်ကိုပြေးကုန်ပြီ။ တချို့လည်း ချင်းရွှေဟော်မြို့ထဲမှာပဲ ပိတ်မိနေကြတယ်”
ဟိုပန် ဖောင်ဆိပ်တံတား ကျိုးသွားတာကြောင့် ဟိုပန်မြို့ကို ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်း ပြတ်တောက်သွားပြီလို့ သူကဆိုပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းက ချင်းရွှေဟော်မြို့ အတွင်းပိုင်းထိ MNDAA တပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချင်းရွေဟော်အပြင် ကိုးကန့်ဒေသ လောက်ကိုင်မြို့ကိုလည်း MNDAA တပ်ဖွဲ့က ဝင်ရောက်စီးနင်းနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ခံလူထု စိုးရိမ်ပြီး အရေးပေါ် နေရာပြောင်းရွှေ့ဖို့ ပြင်နေကြတယ်လို့ ဆိုပါတယ်။
ကွတ်ခိုင်မြို့နယ်မှာတော့ နမ့်ဖတ်ကာ - မူဆယ် လမ်းဟောင်းမှာရှိတဲ့ ပန်ဆေး ပြည်သူ့စစ်စခန်းကို တအာင်း (TNLA) တပ်ဖွဲ့ က ဒီနေ့မနက် လေးနာရီမှာ ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ နမ့်ဖတ်ကာ အခြေစိုက် တပ်စခန်းကနေလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်တာကြောင့် နမ့်ဖတ်ကာရွာဟာ တိုက်ပွဲဇုန်ထဲ ရောက်သွားပြီး ဒီနေ့ နှစ်ဦးသေ၊ ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲက ပတ်ပတ်လည် ဖြစ်နေတာ။ ဒီနမ့်ဖတ်ကာ - နမ့်ခမ်း သွားတဲ့လမ်း ၁၂ မိုင်၊ ၁၃ မိုင်ဘက်တွေမှာရော တိုက်ပွဲတွေဖြစ်နေတာ။ တစ်မနက်လုံး လက်နက်ကြီးတွေ ထုသွားတာ အလုံး သုံးဆယ်ကျော်လောက် ရှိမယ်ထင်တယ်။ TNLA က အဲဒီတပ်စခန်းတွေကို ဝင်တိုက်တော့ တိုက်ပွဲတွေတော့ ဖြစ်တယ်။ ငါးနေရာလောက်ဖြစ်တယ် အထက်ဘက်မှာလေ။ အဲဒီလိုဖြစ်လို့ နမ့်ဖတ်ကာကနေ လက်နက်ကြီးတွေ လှမ်းပစ်တာ၊ အဲဒီလိုပစ်တော့ နမ့်ဖတ်ကာထဲကို ပြန်ကျတဲ့သဘောမျိုး ဖြစ်နေတာ။ သေတာက နှစ်ယောက်သေတာ။ လူကြီးတစ်ယောက်ရယ်၊ ကလေးတစ်ယောက်ရယ် သေတာ။ ငါးယောက် ဒဏ်ရာရတယ်။ အိမ်နှစ်အိမ်ပေါ့ မိသားစု အဲဒီလိုထိသွားတာ”
ကွတ်ခိုင်- နမ့်ဖတ်ကာ ကားလမ်းဘေးက နောင်ဆွေနဲ့ နမ့်ကွတ်ရွာအနီးမှာတော့ မနေ့ ညနေပိုင်းကတည်းက တိုက်ပွဲတွေဖြစ်နေပြီး လက်နက်ကြီးကြောင့် နောင်ခွန်ရွာက အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောပါတယ်။
မြန်မာစံတော်ချိန် ညနေ ၄ နာရီအထိ ထပ်မံရရှိတဲ့ သတင်းတွေအရ နမ့်ခမ်းမြို့အနီးက တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ကျည်ထိမှန်ပြီး ကလေးနှစ်ဦး သေဆုံးသွားတယ်လို့ ထပ်မံသတင်းရတာကြောင့် ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်မှာ မနေ့ညနဲ့ ဒီနေ့အထိ သေဆုံးသူအရေအတွက်ဟာ ကလေး သုံးဦး အပါအဝင် စုစုပေါင်း ငါးဦး ရှိသွားပါပြီ။
မုံးကိုးမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ MNDAA တပ်ဖွဲ့ကြား ဒီနေ့ မနက်ကစလို့ တိုက်ပွဲပြင်းထန်နေပြီး နေ့လယ်ပိုင်းအထိ စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရုံးစိုက်ရာ လားရှိုးမြို့နယ်က တာပုံ၊ နားဖ၊ မက်ချီနု စတဲ့ ကျေးရွာတွေအနီးက စစ်ကောင်စီ တပ်စခန်းတချို့ ဒီမနက်ပိုင်းမှာ တိုက်ခိုက်ခံခဲ့ရသလို ဟိုပိတ်ကျေးရွာက လမ်းခွန် ကောက်ခံရေးစခန်းလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီနေ့မနက် ၇ နာရီလောက်အထိ လက်နက်ကြီးသံတွေ ကြားနေရတယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။
လားရှိုးမြို့အနီးတစ်ဝိုက် ကျေးရွာတွေမှာ အခြေအနေ ရှုပ်ထွေးနေတာကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရ အခြေအနေကို အတိအကျ မသိရသေးဘဲ လောလောဆယ် ဒဏ်ရာရသူ နှစ်ယောက်ကို ဆေးရုံပို့ပေးထားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။
“အခုလောလောဆယ် ဆေးရုံကို နှစ်ယောက်ပို့ထားတယ်၊ အဲဒါပဲ ကျန်တာတော့ မသိသေးဘူး။ နှစ်ဦးပဲ ခေါ်ထုတ်လို့ ရသေးတယ်၊ ကျန်တာခေါ်ထုတ်လို့ မရသေးဘူး။ (ထွက်ပြေး တိမ်းရှောင်သူ) အကုန်လုံးကို မန်ဆူရှမ်းကျောင်းကို ပို့နေတာ။ (သေဆုံးဒဏ်ရာရ) ခန့်မှန်းလို့ကို မရသေးဘူး ဖြစ်နေတာ”
ဒီနေ့ နေ့လယ်ပိုင်းအထိ အဲဒီနေရာတွေမှာ စစ်ရေး အခြေအနေ တင်းမာနေဆဲလို့ သူကဆိုပါတယ်။
ဒီနေ့ စတင်လိုက်တဲ့ စစ်ဆင်ရေးနဲ့ပတ်သက်လို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ ကိုးကန့် MNDAA နဲ့ ရက္ခိုင့်တပ်တော် AA တို့ကို ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီနေ့ မွန်းလွဲပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။ ဒီမနက်မှာ ချင်းရွှေဟော်၊ လောက်ကိုင်၊ သိန္နီ၊ ကွမ်းလုံနဲ့ လားရှိုးမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ချင်းရွှေဟော် ဖောင်ဆိပ်နဲ့ တာပါးတံတား ကင်းစခန်းက ရဲနဲ့ တပ်မတော် တပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးခဲ့တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြည်တွင်း မီဒီယာတချို့ကို ဖြေဆိုထားပါတယ်။
ဒေသခံတွေကတော့ စစ်ကောင်စီဘက်ကလည်း လားရှိုး - မူဆယ်နဲ့ လားရှိုး - လောက်ကိုင် ကားလမ်းပေါ်က တံတားတွေကို ပိတ်ထားလိုက်ပြီလို့ ပြောပါတယ်။
မြောက်ပိုင်းသုံးဖွဲ့ ဒီနေ့ စတင်လိုက်တဲ့ စစ်ဆင်ရေးဟာ သူတို့ရဲ့ မဟာမိတ် ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာကို စစ်ကောင်စီဘက်က ဖိတိုက်နေတဲ့အပေါ် လက်တုံ့ပြန်တာလို့ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“ဒါကတော့ ရှမ်းပြည်ကိုဗဟိုပြုတဲ့ မြောက်ပိုင်းဒေသတစ်ခုလုံးရဲ့ ဒေသဆိုင်ရာ မဟာဗျူဟာ လှုပ်ရှားမှုလို့ ကျွန်တော်က သုံးသပ်ပါတယ်ခင်ဗျ။ ဒီမဟာဗျူဟာရဲ့ ရည်မှန်းချက်ကတော့ သူတို့ပြောထားသလို သူတို့ဒေသမှာ အွန်လိုင်းဂိမ်းတွေ ဖမ်းဆီးတဲ့ကိစ္စ သူတို့ဒေသထဲမှာ တိုက်ခိုက်မယ်၊ ဘာညာ ပြောသွားတာပေါ့ဗျာ၊ ဒါပေမဲ့ ဒီဒေသဆိုင်ရာ မဟာဗျူဟာရဲ့ ရည်မှန်းချက်က လိုင်ဇာကိုသိမ်းမယ့် စစ်ကောင်စီရဲ့ ကြိုးပမ်းမှုကို တန်ပြန်ထိုးစစ်ဆင်ဖို့အတွက် ညီနောင်သုံးဖော်ကနေပြီးတော့ တိုက်ခိုက်တာလို့ ကျွန်တော်က မြင်ပါတယ်ခင်ဗျ”
ရှမ်းပြည်အခြေစိုက် နိုင်ငံရေးလေ့လာသူ တစ်ဦးကတော့ လက်ရှိ စစ်ဆင်ရေးကို ကိုးကန့်တပ်ဖွဲ့က ဦးဆောင်နေပြီး ကိုးကန့်ဒေသ လောက်ကိုင်နဲ့ ချင်းရွှေဟော်မြို့တွေကို ဦးတည်တိုက်ခိုက်နေတာ တွေ့ရတယ်လို့ ပြောပါတယ်။
လက်ရှိစစ်ဆင်ရေးမှာ မြောက်ပိုင်း ညီနောင်သုံးဖွဲ့နဲ့အတူ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း တောင်သမန် စစ်ဆင်ရေးအနေနဲ့ ပါဝင်သွားမယ်လို့ MDY-PDF ပြောခွင့်ရ အော်စမွန်က RFA ကိုပြောပါတယ်။ အလားတူ ဗမာ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA) ကလည်း ပါဝင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ဟာ ၂၀၁၉ ဩဂုတ်လတုန်းကလည်း ပြင်ဦးလွင် နည်းပညာတက္ကသိုလ်နဲ့ နောင်ချို ဂုတ်တွင်းတံတား အပါအဝင် ရှမ်းပြည်မြောက်ပိုင်းက နောင်ချို၊ ကွတ်ခိုင်၊ မူဆယ်နဲ့ လားရှိုးမြို့နယ်မှာ အခုလိုပဲ ပြင်းထန်တဲ့စစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့ဖူးပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဒီနေ့စတင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ “စစ်ဆင်ရေး ၁၀၂၇” ကိုကြိုဆိုကြောင်း အောက်တိုဘာ ၂၇ ရက် ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
အခုနောက်ဆုံး ရရှိတဲ့သတင်းတွေအရ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က လားရှိုးလေဆိပ်ကို ဒီနေ့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ ရှော့တိုက်ဒုံးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် ဒီနေ့ ညနေပိုင်းကစလို့ လားရှိုးလေဆိပ်ကို ပိတ်လိုက်ပြီး ခရီးစဉ်အားလုံး ရပ်ဆိုင်းလိုက်တယ်လို့လည်း လားရှိုးမြို့ဒေသခံတွေက RFA ကို ပြောပါတယ်။