ရခိုင်ပြည်နယ်မှာ မိုင်းနဲ့ စစ်ကျန်လက်နက် အန္တရာယ်ကြီးမားနေ
ရခိုင်ပြည်နယ်မှာ မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်ကျန်ပစ္စည်းတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးသလို ထိရောက်တဲ့ ရှင်းလင်းမှုတွေလည်း မလုပ်နိုင်သေးဘူးလို့ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ထောက်ပြနေကြပါတယ်။
-
မင်းသိန်းအောင်
2021-01-06 -
-
-
ရခိုင်ပြည်နယ်မှာ မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်ကျန်ပစ္စည်းတွေရဲ့ အန္တရာယ်နဲ့ပတ်သက်လို့ အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးသလို ထိရောက်တဲ့ ရှင်းလင်းမှုတွေလည်း မလုပ်နိုင်သေးဘူးလို့ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ထောက်ပြနေကြပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်မြို့နယ် အောက်ခပေါ်ကျေးရွာက အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်စံမေဟာ ဇန်နဝါရီလ ၄ ရက်နေ့က ရွာအနောက်ဘက်က တောင်ကို သွားစဉ် မိုင်းနင်းမိလို့ အကြီးအကျယ်ဒဏ်ရာရပြီး မနေ့က စစ်တွေဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရပါတယ်။
ဒဏ်ရာရသူ ဒေါ်ခင်စံမေရဲ့ မောင်ဖြစ်သူ ဦးကျော်လှဌေးက ဝမ်းရေးအတွက် တောင်ကို ထင်းခုတ်ဖို့သွားစဉ် မိုင်းနင်းမိခဲ့တာလို့ ပြောပါတယ်။
“ရွာနားကတောင်မှာ ထင်းရှာဖို့သွားနေတုန်း တောင်အတက်နားမှာ မိုင်းကွဲတာ။ မြေမြှုပ်မိုင်းပေါ့။ ဒီနေရာက သွားနေကျနေရာပါ ရွာနဲ့လည်းမဝေးပါဘူး။ ထင်းရှာဖို့ သွားတာက နှစ်ယောက်ပါ။ ညီအစ်မ နှစ်ယောက်ပါ။ ညီမဖြစ်သူက ဒဏ်ရာရသူကို မနိုင်တနိုင် သယ်လာတယ်”
ဒေါ်ခင်စံမေဟာ မိုင်းကြောင့် ယာဘက်ခြေပြတ်ထွက်သွားသလို မျက်နှာပြင်တစ်ခုလုံးနဲ့ မျက်လုံး နှစ်ဘက်ပါ ထိခိုက်သွားတာပါ။
အဲဒီမိုင်းဟာ မြေမြှုပ်မိုင်းဖြစ်ပြီး ဘယ်သူ့လက်ချက်ဆိုတာကို မသိရဘူးလို့လည်း ဦးကျော်လှဌေးက ပြောပါတယ်။
ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်တို့အကြား အပစ်အခတ်တွေရပ်စဲနေပေမယ့် မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့အန္တရာယ်ဟာ ဒေသခံ အရပ်သားတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှု တစ်ရပ် ဖြစ်နေတယ် ဆိုတာကို ဒီဖြစ်ရပ်က နောက်ဆုံးသက်သေ ပြလိုက်တာပဲ ဖြစ်ပါတယ်။
အောက်ခပေါ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပန်းသာက တောတောင်တွေမှာ မိုင်းရှိနိုင်လို့မသွားဖို့ ရွာသားတွေကို ပြောထားပေမယ့် တောတောင်ကိုမှီပြီး စားဝတ်နေရေး ရပ်တည်နေကြရသူတွေဖြစ်လို့ ဒါဟာကြီးမားတဲ့စိန်ခေါ်မှု တစ်ရပ်ဖြစ်နေတယ်လို့ဆိုပါတယ်။
“ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့တွေက ရွာကလူတွေကို ပြောထားပါတယ်။ တောတောင်တွေကို မသွားပါနဲ့ပေါ့ တားတော့တားပါတယ်။ အဲဒီနေရာတွေမှာ မိုင်းထောင်ထားတာ ရှိသလား၊ မရှိဘူးလားဆိုတာကို ကျွန်တော်တို့က မသိနိုင်ဘူးလေ။ ကျွန်တော်တို့က စားဝတ်နေရေးကလည်း အရေးကြီးတာမို့ သွားတဲ့လူတွေကိုလည်း အပြစ်တော့ပြောလို့မရပါဘူး။ ကျွန်တော်တို့ကို အသိပညာပေးတာတွေ ဘာတွေလာလုပ်ပေးနိုင်ရင်တော့ အကျိုးရှိမယ်လို့ယူဆပါတယ်”
မိုင်းကို ဘယ်နေရာမှာ ထောင်ထားကြတယ်ဆိုတာကို သိဖို့ခက်ခဲတာကြောင့် ဒေသခံတွေကို အသွားအလာ ဆင်ခြင်ကြဖို့ပြောဆိုတာကလွဲလို့ တခြား မတတ်နိုင်ဘူးလို့လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပန်းသာက ပြောပါတယ်။
ရခိုင်မြောက်ပိုင်းမှာ မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်တွေနဲ့ ပတ်သက်လို့ ထိရောက်တဲ့ အသိပညာပေးမှုတွေ၊ ရှင်းလင်းရေးတွေကို ထိထိရောက်ရောက် မလုပ်နိုင်သေးဘူးလို့ ဒေသခံ အရပ်ဘက်အဖွဲ့တွေက ထောက်ပြကြပါတယ်။
ဒုက္ခသည်စခန်းတွေမှာ အသိပညာပေးပိုစတာတွေ၊ စာစောင်တွေ တစ်နိုင်တစ်ပိုင်ဖြန့်ဝေပေးနေတဲ့ ဝံလက် ဖောင်ဒေးရှင်းက ဒါရိုက်တာ ဦးခိုင်ကောင်းစံက ဒေသခံအများစုဟာ မိုင်းနဲ့ စစ်ကျန်လက်နက် ပစ္စည်းတွေရဲ့ အန္တရာယ်တွေနဲ့ပတ်သက်လို့ မသိကြဘူးလို့ပြောပါတယ်။
“အသိပညာရရှိမှု တော်တော်လေးနည်းနေကြတယ်ပေါ့နော်။ နောက်တစ်ခုက ကျွန်တော်တို့က IDP ကိုသာ မဟုတ်ဘဲ အခုဆိုရင် ကိုယ့်ရပ်ရွာမှာနေရင်းနဲ့ တော်တောင်တွေမှာ၊ ဥယျာဉ်တွေမှာ သွားရင်းနဲ့ မိုင်းကွဲတဲ့ ဟာမျိုးတွေကလည်း ခဏခဏကြုံနေရတယ်ပေါ့။ အဲတော့ ကျွန်တော်တို့က IDP တွေလောက်ကိုသာ လုပ်ပေးရုံလောက်နဲ့က မလုံလောက်ဘူးပေါ့။ အဓိကတော့ တိုက်ပွဲဖြစ်ခဲ့တဲ့ ဧရိယာနားကကျေးရွာတွေ၊ တိုက်ပွဲဖြစ်ရာ လမ်းကြောင်းမှာရှိနေတဲ့ ကျေးရွာတွေကအစ ကျေးရွာနေပြည်သူတွေ သိအောင်လုပ်ဆောင်ပေးဖို့ လိုအပ်တာပေါ့လေ”
ဝံလက်ဖောင်ဒေးရှင်းအနေနဲ့ နိုင်ငံတကာလူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ DRC ရဲ့ကူညီထောက်ပံ့မှုနဲ့ ဒုက္ခသည်စခန်းအချို့မှာ အသိပညာပေးစာစောင် ဖြန့်ဝေပေးတာတွေ လုပ်နေပေမယ့်လည်း ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးဘူးလို့ ပြောပါတယ်။
မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်လို့ အသိပညာရေးနဲ့ ရှင်းလင်းရေးကိစ္စတွေဟာ ရေရှည်ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တာကြောင့် အစိုးရနဲ့တပ်မတော်တို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကပါ လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ဦးခိုင်ကောင်းစံက ထောက်ပြပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကတော့ ဒီကိစ္စအတွက် အစိုးရဘက်က လုပ်ဆောင်နေတာမရှိသေးဘူးလို့ ပြောပါတယ်။
“အဲဒါမျိုး မရှိသေးဘူး။ မိုင်းအသိပညာပေးတာတွေက NGO တွေဘက်ကတော့ လုပ်တော့လုပ်နေတာတွေ ရှိတယ်ပေါ့နော်။ မိုင်းအသိပညာပေးတယ် ဆိုတာကလည်း မိုင်းရှိတဲ့နေရာကိုသွားရင် နင်းမိမှာပဲ။ မိုင်းရှိတဲ့နေရာကို မသွားနဲ့ဆိုတာက အဓိကပညာပေးပဲလေ။ ဒါက ဘယ်နေရာမှာ ဘယ်သူတွေက ထောင်ထားမှန်းမသိတဲ့ကိစ္စပဲ”
မိုင်းတွေနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ ရှင်းလင်းရေးကိစ္စကတော့ အစိုးရနဲ့ မသက်ဆိုင်ဘဲ တပ်မတော်နဲ့သာ သက်ဆိုင်တာကြောင့် တပ်မတော်ဘက်ကိုမေးမြန်းဖို့ ဝန်ကြီးဦးဝင်းမြင့်က ပြောပါတယ်။
ဒါပေမဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်ပလက်ဝ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၀ နိုဝင်ဘာလအထိ အချိန် နှစ်နှစ်တာအတွင်း မိုင်းကြောင့် သေဆုံးသူ ၃၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်းဟာ ၇၇ ဦးရှိပါတယ်။
မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကို အိမ်ကိုယူလာပြီး ထုကြည့်ရာကနေ ကလေးတွေနဲ့ လူကြီးတွေ သေဆုံး ဒဏ်ရာရတဲ့ ဖြစ်ရပ်တွေလည်းရှိခဲ့ပါတယ်။
ကုလသမဂ္ဂလကလေးများ ရံပုံငွေအဖွဲ့ UNICEF ကလည်း မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက် ပစ္စည်းတွေဟာ အရပ်သားတွေကို မကြာခဏထိခိုက်စေပြီး ကလေးသူငယ်တွေအတွက် အထိခိုက်လွယ်ဆုံးဖြတ်တာကြောင့် မြေမြှုပ်မိုင်းတွေ အသုံးပြုတာကို ရပ်တန့်ပေးကြဖို့နဲ့ လက်ရှိ ရှိနေတဲ့ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကို ရှင်းလင်းကြဖို့ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလကပင် တိုက်တွန်းထားပါတယ်။