ဗဟိုဘဏ် အတိုးနှုန်းတိုးမြှင့်မှု တိုင်းပြည်စီးပွားရေး ထိခိုက်နိုင်ကြောင်း သုံးသပ်

စစ်ကောင်စီ ဗဟိုဘဏ်က ဘဏ်အတိုးနှုန်းတွေ တိုးမြှင့်သတ်မှတ်လိုက်တာဟာ မြန်မာကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းနေတဲ့ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘဲ တိုင်းပြည်စီးပွားရေးကို ထိခိုက်စေနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေက ဝေဖန်ကြပါတယ်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အား တွေ့ရစဉ်။

စစ်ကောင်စီ ဗဟိုဘဏ်က ဘဏ်အတိုးနှုန်းတွေ တိုးမြှင့်သတ်မှတ်လိုက်တာဟာ မြန်မာကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းနေတဲ့ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘဲ တိုင်းပြည်စီးပွားရေးကို ထိခိုက်စေနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေက ဝေဖန်ကြပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က အတိုးနှုန်းကို ခုနစ်ရာခိုင်နှုန်းကနေ ကိုးရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ သြဂုတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။

ဘဏ်တွေအနေနဲ့လည်း ကိုယ့်ရဲ့ အရှုံးအမြတ် စီမံခန့်ခွဲချက်အရ အပ်ငွေ၊ ချေးငွေ အတိုးနှုန်းတွေကို ခုနစ်ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအတွင်းသာ သတ်မှတ်ရမယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။

ဒီပြင်ဆင်ချက်ဟာ လာမဲ့ စက်တင်ဘာလ ၁ ရက်နေ့မှာ စတင်အကျုံးဝင်မှာပါ။

“ဘဏ်အတိုးနှုန်း မြှင့်လိုက်တဲ့မူဝါဒဟာ တကယ်အလုပ်လုပ်နေတဲ့ ကုန်ထုတ်လုပ်သူတွေကို အခက်တွေ့စေပါတယ်”

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုဂ္ဂလိက ဘဏ်အရာရှိတစ်ဦးကတော့ ဒီလိုပြင်ဆင်လိုက်တာဟာ စစ်ကောင်စီ ရိုက်ထုတ်ထားတဲ့ ငွေစက္ကူတွေ ဘဏ်တွေကို ပြန်ရောက်လာအောင် ဗဟိုဘဏ်က မူဝါဒပြောင်းပေးတဲ့သဘောဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ငွေတွေ ရိုက်ထုတ်ထားတဲ့ လည်ပတ်စီးဆင်းမှုပေါ့နော်။ အဲဒီ လှည့်ပတ်စီးဆင်းမှု အပြင်မှာ ငွေရိုက်နှိပ်ထားတဲ့ငွေတွေ လူတွေလက်ထဲမှာ များနေမှာ စိုးတဲ့အတွက်မို့လို့ ပြန်ပြီးတော့ ဘဏ်တွေကို ပြန်ရောက်အောင်လို့ အတိုးများများ၊ အတိုးနှုန်းများများနဲ့ ပြန်ကမ်းလှမ်းလို့ ရအောင်လို့ အကျိုးသက်ရောက်မှုရှိအောင် ဗဟိုဘဏ်ကိုယ်တိုင်က မူဝါဒပြောင်းပေးလိုက်တဲ့သဘောပဲ”

ဗဟိုဘဏ်ရဲ့ သြဂုတ် ၁၄ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ငွေကြေးဖောင်းပွမှုနှုန်းကို အထိုက်အလျောက်လျှော့ချနိုင်ဖို့၊ ပြည်သူတွေ ဘဏ်အပ်ငွေကနေ အတိုးဝင်ငွေပိုရဖို့နဲ့ ဘဏ်တွေက ချေးငွေ ပိုထုတ်ပေးနိုင်ပြီး စီးပွားရေးတိုးတက်အောင် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။


ဆက်နွှယ်သောသတင်းများ

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာ

လုပ်ခတိုးပေမဲ့ မြင့်တက်နေတဲ့ ကုန်စျေးနှုန်းကြောင့် အလုပ်သမားတွေ ကျပ်တည်းနေဆဲ

သမဝါယမ စနစ်ဟောင်းကို ပြန်အသက်သွင်းဖို့ စစ်ခေါင်းဆောင် စီစဉ်

ကျပ်ငွေတန်ဖိုးကျဆင်းမှု ဗဟိုဘဏ် ထိန်းချုပ်ဖို့ ခက်ခဲ


လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စက်ရုံလုပ်ငန်းရှင်တစ်ဦးကတော့ ဘဏ်အတိုးနှုန်း မြှင့်လိုက်တဲ့မူဝါဒဟာ တကယ်အလုပ်လုပ်နေတဲ့ ကုန်ထုတ်လုပ်သူတွေကို အခက်တွေ့စေတယ်လို့ ပြောပါတယ်။

“တကယ် အလုပ်လုပ်နေတဲ့လူတွေအပေါ်မှာတော့ ဒီဟာက ဘယ်လိုမှ မကောင်းနိုင်ဘူးပေါ့။ ဟို ကုန်ထုတ်လုပ်တဲ့သူပေါ့နော်။ ဥပမာ ထားလိုက်ပါတော့ အင်္ကျီချုပ်တဲ့သူ၊ ဖိနပ်ရောင်းတဲ့သူမျိုးပေါ့နော်။ ဖိနပ်ထုတ်ပြီး ရောင်းတဲ့သူမျိုးတွေ စက်ရုံ၊ အလုပ်ရုံတွေအတွက်က ဘယ်လိုမှ အကျိုးမရှိနိုင်ဘူး။ ဘဏ်အတိုးနှုန်းဆိုရင် လောလောဆယ် တိုးသွားတဲ့အတိုးနှုန်းဆိုလို့ရှိရင်လည်း လောလောဆယ်တော့ မပေးနိုင်သေးတာပေါ့နော်။ မြန်မာငွေနဲ့ဆိုလို့ရှိရင်။ ဒါပေမဲ့ အပြင်မှာလိုလို့ ပိုက်ဆံယူရတဲ့ အတိုးနှုန်းတွေကပါ စပြီး တက်သွားတာပေါ့”

ငွေကြေး ဖောင်းပွတာကို ထိန်းချုပ်ဖို့ ဘဏ်အတိုးနှုန်းတွေကို တိုးမြှင့်လိုက်ပေမဲ့လည်း ငွေထုတ်ယူခွင့် ကန့်သတ်လိုက်တဲ့ကိစ္စအပါအဝင် ဘဏ်မူဝါဒ အပြောင်းအလဲတွေကြောင့် ပြည်တွင်းဘဏ်တွေအပေါ်မှာ မြန်မာပြည်သူတွေရဲ့ ယုံကြည်မှု ကျဆင်းနေတာကို မတားဆီးနိုင်ပါဘူး။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးက လက်ရှိ အခြေအနေတွေအရ ဘဏ်တွေအပေါ် ယုံကြည်မှု မရှိသေးဘူးလို့ RFA ကို ပြောပါတယ်။

“လက်ရှိအခြေအနေဆိုရင်တော့ ကျွန်တော့်တစ်ယောက်တည်း အမြင်ဆိုရင်တော့ ကျွန်တော့်ယုံကြည်မှု အဲဒီလောက် မရှိသေးဘူး။ ပြီးရင် ဘဏ်မှာစုမဲ့အစား ကျွန်တော်ဆိုရင် ကိုယ့်ဟာကို ဒီပြင်ပပေါ့နော်။ တခြားရင်းနှီးမြုပ်နှံမှုပဲလုပ်မယ်။ ကိုယ့်ရဲ့ပိုင်ဆိုင်မှု တစ်ခုခုပေါ့။ မြေကွက်ဝယ်တာဖြစ်ဖြစ်။ ကားဖြစ်ဖြစ်တစ်ခုခုပေါ့။ အဲဒီလိုမျိုး ပိုင်ဆိုင်မှုတစ်ခုခုကိုသာ ကျွန်တော်ဆိုရင် ရင်းနှီးထားမှာ။ ဘာကြောင့်လဲဆိုတော့ တစ်လနဲ့တစ်လတောင်မှ ရက်ပေါင်း သုံးဆယ်အတွင်းမှာတောင်မှ မြန်မာငွေက ကျဆင်းပြီး ဒေါ်လာစျေးက တက်နေတာ”

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင်က အခေါက်ရွှေ တစ်ကျပ်သားကို ၁၃ သိန်းကျော်နဲ့ အမေရိကန် ဒေါ်လာစျေးကလည်း တစ်ဒေါ်လာကို ၁၄၀၀ ကျပ်သာရှိခဲ့ပေမဲ့ လက်ရှိမှာ အမေရိကန် တစ်ဒေါ်လာ ၆၃၀၀ ဝန်းကျင်နဲ့ အခေါက်ရွှေ တစ်ကျပ်သားကို ၇၇ သိန်းဝန်းကျင်အထိ ငါးဆနီးပါးအထိ မြင့်တက်လာတာပါ။

ပြီးခဲ့တဲ့မေလကလည်း စစ်ကောင်စီ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်နိုင်ဖို့ ဘဏ်တွေမှာ ကျပ်ငွေနဲ့ထားရမဲ့ အနည်းဆုံး သီးသန့်ငွေ လိုအပ်ချက်အချိုးကို ၃ ဒသမ ၅ ရာခိုင်နှုန်းကနေ ၃ ဒသမ ၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပါတယ်။ အခု နောက်တစ်ဆင့်အနေနဲ့ အတိုးနှုန်းတွေ တိုးမြှင့်သတ်မှတ်လိုက်တာပါ။

စီးပွားရေးပညာရှင် ဦးစိန်ဌေးက ဘဏ်အတိုးနှုန်း တိုးမြှင့်လိုက်တာဟာ တိုင်းပြည်စီးပွားရေးကို ထိခိုက်စေလိမ့်မယ်လို့ သုံးသပ်ပါတယ်။

“တစ်အချက်က ခုနက ငွေဖောင်းပွမှုဆိုတဲ့အချက်လေးတစ်ခုကို ကြည့်ပြီးမှ ဘဏ်အတိုးနှုန်းကို မြှင့်တယ်လို့စဥ်းစားပေမဲ့ တစ်ဖက်က ချေးငွေအတိုးနှုန်းကို မြှင့်လိုက်တဲ့အတွက်ကြောင့်မို့လို့ လုပ်ငန်းရှင်တွေမှာ အခွင့်မသာတဲ့အတွက်ကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ဘာဖြစ်မလဲ ကျလာတော့မယ်။ အဲဒီအတွက်လည်း တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရာမရောက်ဘဲ ပိုပြီး ဒုက္ခရောက်လိမ့်မယ်။ လောလောဆယ် ပြဿနာတော့ဖြင့် အနည်းနဲ့အကျဥ်း သက်သာလိမ့်မယ်။ ဒါတောင်မှ ခုန ကျွန်တော်ပြောပြီးပြီ။ သူ (စစ်ကောင်စီ) ရည်ရွယ်ချက်ကိုရောက်ဖို့ တော်တော်ခက်ခဲတယ်။ ဘာကြောင့်လဲ၊ ငွေတန်ဖိုးက ကျကျလာတာ ဒါကို မထိန်းနိုင်ဘူး”

နိုင်ငံတကာမှာ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ကြိုးပမ်းရာမှာ ငွေကြေးမူဝါဒနဲ့ လုပ်ထုံးလုပ်နည်းကို ယှဥ်တွဲဆောင်ရွက်လေ့ရှိပြီး တစ်ဖက်မှာ ဘဏ်အတိုးနှုန်းကိုမြှင့်ရင် တစ်ဖက်မှာ ဘက်ဂျက်အသုံးစရိတ်ကို ပြန်လည်ဆန်းစစ်လေ့ရှိတယ်လို့ ဦးစိန်ဌေးက ဆိုပါတယ်။

မြန်မာငွေစက္ကူများ ရေတွက်နေသည့် မြင်ကွင်းအား ၂​ဝ၂၄ ခုနှစ် မေလအတွင်းက တွေ့ရစဉ်။ (Photo: AFP)

ဒါပေမဲ့ စစ်ကောင်စီဟာ စစ်အသုံးစရိတ်ကို မလျှော့ချနိုင်တာကြောင့် ငွေကြေးဖောင်းပွမှုကို ဘဏ်အတိုးနှုန်း မြှင့်တင်ရုံနဲ့ ထိန်းချုပ်နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့လည်း ဦးစိန်ဌေးက ထောက်ပြပါတယ်။

ဘဏ်အတိုးနှုန်းတွေ တိုးမြှင့်သတ်မှတ်တဲ့ ဗဟိုဘဏ် မူဝါဒနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်၊ ငွေကြေးစီမံဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ နိုင်ငံတည်ငြိမ်ရေးနဲ့ အေးချမ်းရေးကို မလိုလားသူတွေက အကျိုးစီးပွားအတွက် လုပ်နေတာကြောင့် ဒေါ်လာနဲ့ ရွှေဈေး မြင့်တက်နေတာလို့ သြဂုတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဘဏ်အတိုးနှုန်းတွေကို စစ်ကောင်စီက တိုးမြှင့်သတ်မှတ်လိုက်ပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်တာ၊ ကျပ်ငွေတန်ဖိုး ကျဆင်းတာ၊ ဘဏ်တွေကို ယုံကြည်မှု ကျဆင်းလာတာတွေကြောင့် ၂၀၂၁ ခုနှစ် မတ်လမှာ တစ်ကြိမ်၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလထဲမှာ တစ်ကြိမ်၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ တစ်ကြိမ် ဘဏ်တွေကနေ ငွေထုတ်တာ များခဲ့ပြီး ပုဂ္ဂလိကဘဏ်တချို့မှာ အကန့်အသတ်နဲ့သာ ငွေထုတ်ယူနိုင်တဲ့အထိ ဂယက်ရိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org