ရွှေ့ပြောင်းလုပ်သား ဝင်ရောက်မှု ကယားဒေသခံတွေ မလိုလား

ကပ်ရောဂါကာလအတွင်း ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေ အကောင်အထည်ဖော် နေတဲ့အတွက် ကယားပြည်နယ်ထဲ ရွှေ့ပြောင်းလုပ်သားတွေ ဝင်ရောက်ရာမှာ ကိုရိုနာ ဗိုင်းရပ်စ် ပိုးတွေ့သူတွေ ရှိလာလို့ ပိုးကူးစက်နှုန်း များလာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ကယားပြည်နယ်ကို ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို တွေ့ရစဉ် Photo: Soe Soe Htet/RFA

အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းတွေကနေ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူအများစုက ကယား ပြည်နယ် ပြင်ပ တခြားတိုင်းနဲ့ ပြည်နယ်တွေကနေဝင်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်နေတာကြောင့် ဒေသခံတွေနဲ့ ကန့်သတ်စောင့်ကြည့်ရေးစခန်းတွေအနီး နေထိုင်သူတွေက ကပ်ရောဂါကူးစက်ခံရမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းရဲ့ ကန့်သတ်စောင့်ကြည့်ရေးစခန်းအနီး နေထိုင်သူ အသက် ၆၀ အရွယ် ဒေါ်ယာစင်းက ကပ်ရောဂါကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားတွေ လာရောက်တာကို မလိုလားကြောင်း ပြောပါတယ်။

“တအားလည်းစိတ်တိုတယ် တအားလည်းစိတ်ကုန်တယ်၊ သူတို့ကိုပေါ့နော်။ မလာသင့်ဘူး ဒီအချိန်မှာ ပိတ်ထားတဲ့ ကိုဗစ်ရောဂါတွေ ဒီဒေသအချင်းချင်းတောင်မှ လုံခြုံအောင် တားထားရတဲ့ကြားထဲမှ သူတို့က တစ်ခါတည်းကြားက သူတို့ပိုက်ဆံ၊ မိသားစုအတွက်ပဲ ကြည့်တာက မတရားဘူး။ အဒေါ်တို့ကိုပါ သေအောင်လုပ်တာနဲ့ တူတူပဲ အဒေါ် ဒီလိုပဲဆိုလိုချင်တယ်”

ပြည်နယ်အတွင်း လမ်း၊ တံတား ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ဖို့ တင်ဒါအောင်သွားတဲ့ ကုမ္ပဏီတွေက ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းက လုပ်သားတွေကို ခေါ်ယူလုပ်ကိုင်တာတွေ ရှိနေပါတယ်။

ကယားပြည်နယ်ရဲ့ မြို့နယ် ၇ မြို့နယ်ခုလုံးမှာ လမ်း၊ တံတားနဲ့ စာသင်ကျောင်း ပြင်ဆင်တည်ဆောက်ဖို့ ရွှေ့ပြောင်းလုပ်သား ၃၀၀ လောက် ကပ်ရောဂါကာလအတွင်း ရောက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၈ ရက်နေ့က ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးကျောင်းက ကန့်သတ်စောင့်ကြည့်ရေးစခန်းမှာ ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို စစ်ဆေးခဲ့ရာ ပိုးတွေ့သူ ၁၇ ဦးတွေ့ရှိခဲ့ပြီး ဒီဇင်ဘာလ ၁၁ နေ့မှာ ထပ်မံစစ်ဆေးရာမှာ ရွှေ့ပြောင်းအလုပ်သမားထဲက ရှစ်ဦးမှာ ပိုးထပ်မံ တွေ့ ရှိခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၉ ရက်နေ့မှာလည်း မန္တလေးတိုင်း မြင်းခြံမြို့ကနေ ဝင်ရောက်လာတဲ့ ပန်းရံလုပ်သား အဖွဲ့ ၁၀ ဦး မှာ နှစ်ဦး ပိုးတွေ့ခဲ့တာပါ။

ရွှေ့ပြောင်းလုပ်သားတွေထဲ ပိုးတွေ့သူတွေရှိလာလို့ ဒေသခံတွေက ပြည်နယ်အတွင်းအဝင်မခံဘဲ ကန့်ကွက် ကြတဲ့ဖြစ်ရပ်တွေလည်း ဒီဇင်ဘာလအတွင်းရှိခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့က သာစည်မြို့နယ်က ရွှေ့ပြောင်းလုပ်သား ၁၅၀ ကျော်ကို ဒေသခံတွေက မြို့တွင်း အဝင်မခံလို့ လွိုင်ကော်မြို့နယ်အဝင် ဝါရီကေားခူစစ်ဆေးရေးဂိတ်မှာ ရွှေ့ပြောင်းလုပ်သားတွေ သောင်တင် ခဲ့ဖူးပါတယ်။

အဲဒီနောက် ရွှေ့ပြောင်းအလုပ်သမားတွေကို စောင့်ကြည့်ရေးစခန်းမှာ နေရာချထားပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

တခြားပြည်နယ်နဲ့ တိုင်းတွေကလာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ပြည်နယ်ထဲက စောင့်ကြည့်ရေးစခန်းမှာ ၈ ရက်ထားပြီး ပိုးကင်းစင်ကြောင်း ဆေးစစ်ချက်ရပြီးနောက်မှ လုပ်ငန်းတွေကို ဆက်လုပ်တာဖြစ်တယ်လို့ ရှားတောမြို့နယ်မှာ လမ်းခင်းခွင့် တင်ဒါရထားတဲ့ ခန့်ညားနိုင် ကုမ္ပဏီ ဒါရိုက်တာ ဦးကျော်ဇင်ဟိန်း က ပြောပါတယ်။

“ကျနော်က အခုဘယ်သူတွေနဲ့ လုပ်နေလဲဆိုရင် မိတ္ထီလာကနေပြီး ၂၁ ယောက်လာတယ်။ စောင့်ကြည့်ရေး စခန်းကို ကျနော်တို့ ရှစ်ရက် ဝင်တာပေါ့နော်။ သူတို့သတ်မှတ်ထားတဲ့အတိုင်း ဆေးစစ်ချက်တွေယူပြီး ပညာရေးကောလိပ်မှာ Quarantine ဝင်တယ်ပေါ့။ ဆေးစစ်ချက်တွေ ထောက်ခံချက်တွေရပြီဆိုတာနဲ့ ပါလောင်းမှာလုပ်နေတာဗျ။”

ရွှေ့ပြောင်းအလုပ်သမားတွေကို သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံစာ၊ ဆေးထောက်ခံစာတွေပါ မပါ စစ်ဆေး ပြီးမှ ဝင်ခွင့်ပြုတာဖြစ်လို့ မစိုးရိမ်ကြဖို့ လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေမှူး ဦးရန်နိုင်ဝင်း က ပြောပါတယ်။

ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ် က ကုမ္ပဏီတွေက ရွှေ့ပြောင်းလုပ်သားတွေကို စည်းမျဉ်းစည်းကမ်းအတိုင်းမဟုတ်ဘဲ တရားမဝင် ခေါ်ဆောင်နေတာတွေ ရှိတယ်လို့ ကြားနေရကြောင်း ပြောပါတယ်။

“အဲဒါကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဖြစ်တော့ ပြည်ထောင်စုကလည်း အဲလိုမျိုးတွေ လုံးဝကိုပိတ် ရမယ်၊ အဲလိုတော့မရှိဘူး ပိတ်ထားပါလို့တော့ လုပ်လို့မရဘူးပေါ့။ အားလုံးကတစ်သားတည်းပဲ ကိုယ့်ပြည် နယ်တစ်ခုတည်းတင် ဘယ်သူဘယ်ဝါမလာနဲ့လို့ သွားပြောလို့မရဘူးပေါ့နော်။ အဲလိုလေးတော့ ကျနော်တို့ ဘက်မှာတော့ အဲဒီအခက်အခဲတော့ရှိတယ်။ ဆိုလိုတာကတော့ ကုမ္ပဏီတွေက တာဝန်ယူတာဝန်ခံပြီး တော့ stay home မြို့နယ်တွေဆို ကျနော်တို့လုံးဝလက်မခံဘူး ကျန်တဲ့မြို့နယ်တွေကျမှ စိစစ်ပြီးတော့ ဒီလိုမျိုးလက်ခံတာ။ နောက်ပြီးရင် ကျန်းမာရေးထောက်ခံစာတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံ စာတွေပါရမယ် ကုမ္ပဏီကတာဝန်ယူရမယ်။”

ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ် က ကုမ္ပဏီတွေက ရွှေ့ပြောင်းလုပ်သားတွေကို စည်းမျဉ်းစည်းကမ်းအတိုင်းမဟုတ်ဘဲ တရားမဝင် ခေါ်ဆောင်နေတာတွေ ရှိတယ်လို့ ကြားနေရကြောင်း ပြောပါတယ်။

“နောက်ပြီးတော့မှ ကုမ္ပဏီတွေကနေပြီးတော့မှ ခိုးသွင်းတဲ့အလုပ်သမားတွေလည်း အများကြီးရှိနေပြီ ဆိုပြီးတော့မှ ဒေသခံတွေ သတင်းပေးတဲ့ဟာတွေလည်း ကျနော်တို့ကြားသိရတယ်။ ဆိုတော့ တကယ်လို့ ဒီလိုဟာမျိုးတွေဖြစ်လာပြီး ဒီလိုလုပ်လာပြီဆိုရင် ကူးစက်မှုတွေက အဆမတန်ဖြစ်လာခဲ့ရင် အဲဒါကို ဘယ်သူက တာဝန်ယူဖြေရှင်းပေးမလဲပေါ့။ အစိုးရကော တကယ်တာဝန်ယူနိုင်မလားပေါ့နော် တကယ်လို့ အစိုးရတာဝန်ယူနိုင်မယ်ဆိုရင် အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေကိုလည်း လုပ်နိုင်ရမှာပေါနော်။ ဖြစ်လာမှရှင်းမယ်ဆိုတဲ့ဟာမျိုးဆိုရင်တော့ အဲဒါအရမ်းနောက်ကျသွားပြီ။ ဆိုတော့အစိုးရမှာလည်း သူရဲ့ဆောင်ရွက်ချက်တွေ နောက်ပြီးတော့မှ သူရဲ့စီမံခန့်ခွဲမှုတွေကလည်း သူရဲ့အရည်အချင်းအပေါ်မှာ အများကြီးမှုတည်ပါတယ်”

ကန့်သတ်စောင့်ကြည့်ရေးစခန်းအတွင်း နေထိုင်စဉ်မှာလည်း အပြင်ခိုးထွက်သူတွေရှိတာကြောင့် ရောဂါပိုး ပျံ့ပွားမှာကို ဒေသခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

စောင့်ကြည့်ရေးစခန်းက ချမှတ်ထားတဲ့စည်းကမ်းတွေကို ချိုးဖောက်သူတွေရှိနေတယ်လို့ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာ ရာအိမ်မှူး ဦးဆန်းမြင့်ထွန်း ကပြောပါတယ်။

“ကောင်းကောင်းမွန်မွန်နေရင်တော့ ကောင်းတာပေါ့၊ အခုကကောင်းကောင်းမွန်မွန်မှမနေတာ အပြင် လည်း ခိုးထွက်တယ်။ ကျနော်တို့ဆိုရင် ခဏခဏသွားပြောတယ် လေးခါ ငါးခါ။ နောက်ဆုံးအဆင့် ဘယ်လောက်ထိလဲဆိုရင် တွေ့ရင်ရိုက်မယ်လို့ပြောထားပြီးသား။ ကျနော်တို့သွားလည်း သူတို့ကအထဲ ပြန်ဝင်သွားတယ် တချို့ဆိုယောကျာ်ားလေးတွေကော မိန်းကလေးတွေကောပါတယ် ခိုးထွက်တာ။”

ဒီလိုစည်းကမ်းချိုးဖောက်သူတွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေထဲက တချို့ပါဝင်သလို တခြားပြည်နယ် တွေကနေ ကယားပြည်နယ်ထဲ ခရီးသွားသူတွေလည်း ပါဝင်ပါတယ်။

ရဲ၊ စေတနာ့ဝန်ထမ်းနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက စောင့်ကြည့်ပေမယ့် လုံခြုံရေးကို ပိုတင်းကျပ်ဖို့ လိုအပ်နေတယ်လို့ ဒီမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန မြို့နယ်ဒုတိယအတွင်းရေးမှူး ဒေါ်သန္တာဆွေဆွေကျော် က ပြောပါတယ်။

“ကွာရတင်းစင်တာတွေမှာ ကျမတို့ရှေ့ဆက်ပြီးတော့ လုံခြုံရေးအပိုင်းတွေမှာ အထူးဂရုထားပြီးတော့ ဆောင်ရွက်နေတယ်။ ရဲတပ်ဖွဲ့ကော၊ ကျမတို့ထွေအုပ်ကော သက်ဆိုင်ရာအဖွဲ့အစည်းတွေကော လုံခြုံရေးကို ဒီထက်ပိုပြီးတော့ ညဖက်တွေကော နေ့ဖက်တွေပါ ၂ နာရီခြားတစ်ခါ ၃ နာရီခြားတစ်ခါ round လှည့်ဖို့ အစီအစဉ်တွေ လုပ်ထားပြီးသားပါ”

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က ကယားပြည်နယ်လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ကိုဗစ်ကာလအတွင်း ရွှေ့ပြောင်းအလုပ်သမား ဝင်ရောက်လာမှုအပေါ် ရောဂါပိုးကူးစက်မှု ထိန်းချုပ်နိုင်ဖို့ မေးခွန်းမေးမြန်းခဲ့ပါတယ်။

ဒါကို ကယားပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက စည်းကမ်းချက်တွေနဲ့ အညီ ခေါ်ယူဖို့ ညွန့်ကြားထားတယ်လို့ ဖြေကြားခဲ့ပါတယ်။

“ပြည်နယ်တိုင်းဒေသကြီး ပြည်နယ်များမှ မြို့နယ်များမှ အလုပ်သမားတွေခေါ်ယူရာမှာ ခေါ်ယူမည့် အလုပ်သမားခေါင်းဆောင်တွေနဲ့ အလုပ်သမားအရေအတွက်စာရင်းကို ကယားပြည်နယ်အစိုးရအဖွဲ့ကို စီစဉ်တင်ပြခွင့်ပြုချက်ရယူခြင်း။ ခွင့်ပြုချက်ရမှသာ ဖော်ဆောင်သွားရာ ကယားပြည်နယ်အတွင်းရှိ အလုပ်သမားရောက်ရှိလာပါက သက်ဆိုင်ရာ ကွာရတင်းထားရှိရာ မြို့နယ်အလိုက် ကွာရတင်းဝင်ပြီး ရောက်ရှိသည့်တစ်ကြိမ် သတ်မှတ်ရက်မှာတစ်ကြိမ် swab နှစ်ကြိမ်စစ်ဆေးချက်ရယူပြီး ကောင်းမွန်တဲ့ အလုပ်သမားဖြစ်အောင် စစ်ဆေးပြီးဖြစ်ကာ အလုပ်သမားများရဲ့ နေထိုင်စားသောက်ရေးကိစ္စကို ကုမ္ပဏီ မှကျခံသွားရာ တင်ဒါအောင် ကုမ္ပဏီများ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်တဲ့အခါမှာ လုပ်ငန်းခွင် အတွင်းကို ဆောင်ရွက်လျက်ရှိတဲ့ အလုပ်သမားတွေရဲ့စာရင်းကိုရေး အချက်အလက် အပြည့်အစုံကို သက်ဆိုင်ရာမြို့နယ်ဦးစီးရုံး၊ ပြည်သူ့ကျန်းမာရေးစီးဌာန တင်ဒါအောင်မြင်တဲ့ဌာနနဲ့ မြို့နယ်အလုပ်သမား ဆက်ဆံရေးဦးစီးဌာနကို အသိပေးရန်ဆိုပြီး ညွန်ကြားချက်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။”

ကယားပြည်နယ်အတွင်း ၂၀၂၀ ခုနှစ် စက်တင်ဘာလကနေစပြီး ၂၀၂၁ ဇန်နဝါရီလ ၈ ရက်နေ့အထိ စောင့်ကြည့်ရေးစခန်းတွေမှာ စောင့်ကြည့်လူနာ နေ့စဉ် ၃၀၀ နဲ့အထက်ရှိနေပါတယ်။

ကယားပြည်နယ်မှာ ဇန်နဝါရီလ ၈ ရက်နေ့အထိ ပိုးတွေ့လူနာ ၉၃ ဦး၊ ဆေးရုံဆင်းသူ ၇၀ ဦး သေဆုံး တစ်ဦးရှိနေပါတယ်။

ကယားပြည်နယ်ဟာ ကူးစက်မှု မရှိတဲ့ဒေသအဖြစ် ကာလကြာရှည်ရပ်တည်ခဲ့ပြီး အောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ ပထမဆုံးကူးစက်မှုကို စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org