မန္တလေးမြို့အလယ်က လူနေဆိုင်ခန်း တစ်ရာကျော် လျော်ကြေးမပေးဘဲ ဖယ်ရှားခံရ
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားကွင်းအနီးက ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် မြေနေရာမှာ နေထိုင်တဲ့ ဆိုင်ခန်းတစ်ရာကျော်ကို အာဏာပိုင်တွေက ဖယ်ရှားခဲ့ပါတယ်။
-
RFA Burmese
2024-06-10 -
-
-
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားကွင်းအနီးက ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် မြေနေရာမှာ နေထိုင်တဲ့ ဆိုင်ခန်းတစ်ရာကျော်ကို အာဏာပိုင်တွေက ဇွန်လ ၇ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားခဲ့တာကြောင့် အဲဒီနေရာမှာနေထိုင်တဲ့ လူဦးရေ ငါးရာကျော် ဒုက္ခရောက်နေတယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။
လမ်းဦးစီးဌာန တာဝန်ရှိသူတွေက ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ ပုဒ်မ (၃) အရ ခွင့်ပြုချက်မရှိဘဲ နေထိုင်တာကြောင့် ဖယ်ပေးဖို့ မေလ ၂၄ ရက်နေ့မှာ အသိပေးစာပေးပို့ခဲ့ပြီး ၁၅ ရက်အတွင်း ထွက်ခွာခိုင်းခဲ့တာပါ။
"ဘာမှလုပ်မပေးဘဲနဲ့ အဲလိုမျိုး မောင်းထုတ်တာဆိုတော့ တော်တော်ကို နစ်နာပါတယ်"
သတ်မှတ်ရက်နေ့အထိ မဖယ်ရှားရင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဖယ်ရှားမှာစိုးတာကြောင့် ဇွန်လ ၇ ရက်နေ့မတိုင်ခင် နေထိုင်သူအားလုံး ဖယ်ရှားခဲ့ရတယ်လို့ ဆိုပါတယ်။
လျော်ကြေးလည်းမပေး နေရာအစားထိုးလည်းမပေးဘဲ ဖယ်ပေးခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆိုင်ခန်းပိုင်ရှင်တစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ကို ဇွတ်တွေမောင်းထုတ် လျော်ကြေးလည်း မပေးဘူး၊ အစားလည်း မပေးဘူး။ ဘာမှလုပ်မပေးဘဲနဲ့ အဲလိုမျိုး မောင်းထုတ်တာဆိုတော့ တော်တော်ကို နစ်နာပါတယ်။ အဲတုန်းက ဝယ်ထားတဲ့ငွေပမာဏက သိန်းနှစ်ရာတို့၊ တစ်ရာ့ငါးဆယ်တို့ အဲလိုမျိုးနဲ့ ဝယ်ထားတာဆိုတော့ ခုခေတ်ပေါက်စျေးနဲ့ဆို တော်တော်ကို တန်နေတယ်"
အဲဒီနေရာမှာ သက်ကြီးရွယ်အိုတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေ အပါအဝင် လူဦးရေ ငါးရာကျော်နေထိုင်ပြီး ဈေးဆိုင်၊ ဆေးခန်းနဲ့ ရုံးခန်းတွေဖွင့်လှစ်ထားတာလို့ ဆိုပါတယ်။
ဆိုင်ခန်းတွေကို ၂၀၀၃ ခုနှစ်က လမ်းဦးစီးဌာနနဲ့ ပုဂ္ဂလိကကန်ထရိုက်တွေ ပူးပေါင်းပြီး ၁၅ ပေ၊ ပေ ၃၀ အာစီ ထပ်ခိုးပါ ဆိုင်ခန်းတစ်ခန်းကို အဲဒီကာလပေါက်စျေး ငွေကျပ် သိန်း ၁၆၀ ကျော်နဲ့ ရောင်းချခဲ့တာပါ။
လက်ရှိတော့ ငွေကြေးတတ်နိုင်သူတွေ အိမ်ငှားနေကြပေမဲ့ တချို့ကတော့ ဘုန်းကြီးကျောင်းတွေမှာ မှီခိုနေရရပြီး ကလေးတွေရဲ့ ပညာရေးကအစ ခက်ခဲသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆိုင်ခန်းပိုင်ရှင်တစ်ဦးက RFA ကို ပြောပါတယ်။
"ကိုယ်အပိုင်ဘဝကနေပြီးတော့ အခုကျတော့ အငှားဘဝရောက်သွားတယ်ဗျာ။ ဒီလိုမှမငှားလည်း ကျွန်တော်တို့က လမ်းဘေးနေရုံရှိတော့တာ။ မတက်နိုင်တဲ့သူတွေကတော့ ဘုန်းကြီးကျောင်းပေါ့ဗျာ။ ဝန်ထမ်းတွေပါတယ်၊ အငြိမ်းစားတွေပါတယ်၊ သက်ကြီးရွယ်အိုတွေရော၊ မသန်စွမ်းတွေပါတယ်ဗျာ။ ကျောင်းတွေလည်း အပ်ပြီးပြီဗျာ။ အခုလိုလုပ်တော့ ကလေးတွေလည်း ပညာရေးတော်တော်ခက်ခဲသွားတယ်"
ဆိုင်ခန်းဝယ်ယူခဲ့သူတွေဟာ လမ်းဦးစီးဌာနကို မြေငှားရမ်းခဆိုပြီး တစ်လငါးသောင်းကျော်အပြင် အပို တစ်ဆယ်ရာခိုင်နှုန်းပါ ပေးဆောင်ပြီးနေထိုင်ကြရတာလို့ ဆိုပါတယ်။
လက်ရှိ ပေါက်ဈေးအရ အဲဒီနေရာဟာ မန္တလေးမြို့အလယ်ဖြစ်တာကြောင့် လူနေဆိုင်ခန်းတစ်ခန်းကို ငွေကျပ် သိန်းသုံးထောင်ခန့်ရှိပြီး ငှားခကတော့ တစ်လကိုငါးသိန်းကျပ်အထက် ရှိပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆိုင်ခန်းပိုင်ရှင်တစ်ဦးက သူဆိုင်ခန်းဝယ်ချိန်မှာ အထောက်အထား ခိုင်မာတာကြောင့် ဝယ်ယူခဲ့ပေမဲ့ အရောင်းအဝယ်စာချုပ်မှာတော့ နေထိုင်ခွင့်မပါခဲ့ဘူးလို့ RFA ကို ပြောပါတယ်။
"ဆောက်လုပ်ရေး လမ်းဦးစီးဌာနကကျတော့ နေထိုင်ပိုင်ခွင့် ဘယ်လောက်ပြုပါသည်ဆိုတဲ့စာကြောင်း လုံးဝမပါဘဲနဲ့ ရှင်းရှင်းပြောရရင်ဗျာ နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး ရောင်းထည့်လိုက်တာပဲ။ အခု ကျွန်တော်တို့ကို ၁၉၅၅ နဲ့ နှင်တဲ့အခါမှာ ကျွန်တော်တို့က အယူခံရုံးကို တက်တဲ့အခါမှာ (evidence ) သက်သေခံကိုတောင်းတယ်။ ခင်ဗျားတို့ ဘယ်နှစ်နှစ်နေထိုင်ပိုင်ခွင့်ပြုတယ် ဆိုတဲ့စာကြောင်းပါရင် ခင်ဗျားတို့ပြန်လို့ရပြီ၊ ခင်ဗျားတို့နိုင်ပြီလို့ ပြောတာ။ ကျွန်တော်တို့ စာချုပ်ထဲမှာ လုံးဝမပါဘူးဗျာ။ ရှင်းရှင်းပြောရရင် ကန်ထရိုက်နဲ့ဌာနနဲ့က ပေါင်းပြီးတော့ ညှစ်ပြီးရောင်းလိုက်တာပဲ"
၂၀၁၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်ကလည်း အဲဒီလူနေဆိုင်ခန်းတွေကို ဖယ်ရှားဖို့ အမိန့်စာထုတ်ခဲ့ပေမဲ့ ဆိုင်းငံ့နဲ့ ပြန်လည်နေထိုင်ခွင့်ရခဲ့တာလို့ ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဆိုင်ခန်းတွေဖယ်ရှားဖို့ သတိပေးစာ သုံးကြိမ်အပို့ခံခဲ့ရပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနကို အယူခံတင်သွင်းခဲ့ပေမဲ့လည်း ပယ်ချခံရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေအပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။
စစ်ကောင်စီအနေနဲ့ ကျူးကျော်ဆိုပြီး ဖယ်ရှားခံရသူတွေကို အစားထိုးနေစရာပြန်ချမပေးဘဲ လူနေအိမ်တွေကို အင်အားသုံးဖယ်ရှားတာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။