၈၈၈၈ အပြီး မြန်မာနိုင်ငံ ပထမဆုံးရောက်ခဲ့တဲ့ အမေရိကန် အမျိုးသမီးဝန်ကြီး

2022.03.27
၈၈၈၈ အပြီး မြန်မာနိုင်ငံ ပထမဆုံးရောက်ခဲ့တဲ့ အမေရိကန် အမျိုးသမီးဝန်ကြီး Madeleine Albright ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: REUTERS

အမျိုးသမီး အချင်းချင်း မကူညီတဲ့ အမျိုးသမီးတွေအတွက် ငရဲပြည်မှာ သီးသန့်နေရာ ရှိတယ်လို့ ပြောခဲ့တဲ့ အမေရိကန်ပြည်ထောင်စုက ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီး Madeleine Albright ဟာ အသက် ၈၄ နှစ်ရွယ်မှာ ကင်ဆာရောဂါနဲ့ ဒီနှစ် မတ် ၂၃ ရက်မှာ ကွယ်လွန်သွားပါပြီ။

၂၀၀၃ ခုနှစ်မှာ သူရေးသား ထုတ်ဝေတဲ့ Madam Secretary ဆိုတဲ့ ကိုယ်ရေး မှတ်တမ်း စာအုပ်မှာ ၁၉၈၈ ရှစ်လေးလုံး လူထုအရေးတော်ပုံဖြစ်ပွားချိန်ကစလို့ သူဟာ မြန်မာနိုင်ငံကို အမေရိကန်အစိုးရအဖွဲ့က ပထမဆုံးသွားရောက်တဲ့ တာဝန်ရှိပုဂ္ဂိုလ်ဖြစ်တယ်လို့ ရေးထားပါတယ်။ ၁၉၉၅ မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက် လာပြီး ပထမဆုံးတွေ့ရတဲ့ ပြည်ပနိုင်ငံက ပုဂ္ဂိုလ်ဖြစ်တယ်လို့လည်း ရေးထားပါတယ်။

အမေရိကန်ဆိုင်ရာ ကုလသမဂ္ဂ သံအမတ် တာဝန်ထမ်းဆောင်ချိန် တရုတ်နိုင်ငံ ပေဂျင်းက အမေရိကား မပြန်ခင် ရန်ကုန်ကို ဝင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အကြောင်း ရေးတဲ့ အခန်းကို လူတိုင်းမှာ သူရဲကောင်းတွေရှိတယ်လို့ နိဒါန်းပျိုးထားပါတယ်။ ၃၂ ကြိမ်မြောက် အမေရိကန် သမ္မတ Roosevelt ရဲ့ဇနီး Eleanor Roosevelt လို၊ အိန္ဒိယခေါင်းဆောင် မဟတ္တမဂန္ဒီလို ပုဂ္ဂိုလ်တွေကို သက်ရှိထင်ရှား မတွေ့လိုက်ရသူတွေ၊ နောက် … သူ့ဖခင် ချက် သံတမန်ဟောင်းလို တွေ့လိုက်ရပေမယ့် ကွယ်လွန်သွားသူတွေရှိတယ်လို့ ရေးပါတယ်။ မတွေ့လိုက်ရတဲ့ သူ့သူရဲကောင်းတွေနဲ့ ကွယ်လွန်သွားတဲ့ သူရဲကောင်းတွေရှိပေမယ့် တစ်ယောက်ကတော့ သက်ရှိထင်ရှားရှိနေပြီး အဲဒီသူကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲလို့ ရေးထားပါတယ်။

မြန်မာနိုင်ငံရောက်ချိန်မှာ SLORC န-ဝ-တ ခေါင်းဆောင်တွေနဲ့ စတွေ့ရတဲ့အခါ ဗိုလ်ချုပ် ခင်ညွန့်နဲ့ တွေ့ပါတယ်။ အဲဒီကာလက အလွန်တန်ခိုးထွားနေတဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့်က တိုင်းပြည်ကို စစ်တပ်က ကယ်တင်နေတဲ့အကြောင်း၊ သူတို့အစိုးရကို လူထုက လေးစားရုံမက ချစ်လည်းချစ်တဲ့အကြောင်း ပြောပါတယ်။ ကုန်ကုန်ပြောရရင် ကျွန်တော်တို့ ပြည်သူတွေမျက်နှာတွေက ပျော်ရွှင်နေတာလို့ ဗိုလ်ချုပ် ခင်ညွန့် က ပြောတာကို Madam Secretary စာအုပ်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

မိဘတွေရော သူကိုယ်တိုင် နာဇီလက်ထက်မှာ အမေရိကားကို ထွက်ပြေးလာရတဲ့အပြင် Madeleine Albright ကိုယ်တိုင် ဖိနှိပ်တဲ့ အုပ်ချုပ်သူတွေအကြောင်း ဘဝတစ်လျှောက်လုံး လေ့လာထားသူမို့ တစ်ခါတစ်ရံ လူတွေဟာ ပျော်ရွှင်လို့ ပြုံးနေတာမဟုတ်ဘဲ ကြောက်ရွံ့လို့ ပြုံးရပါတယ်လို့ ဗိုလ်ချုပ် ခင်ညွန့် ကို တုံ့ပြန်ခဲ့တယ်လို့ ရေးထားပါတယ်။

madeleine-albright-dassk.jpg
ဒေါ်အောင်ဆန်းစုကြည်ကို Madeleine Albright က ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့မှာ National Endowment for Democracy ဆု ပေးအပ်ခဲ့စဉ် (Photo: REUTERS)

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း ပြန်လျှောက်လှမ်းနိုင်အောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ စစ်ဗိုလ်ချုပ်ကို တိုက်တွန်းခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီနောက် ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်း နေအိမ် ဆင်ဝင်အောက်မှာ သူ့ကိုကြိုဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခန်းကို ရေးပါတယ်။

ခရမ်းရောင် မြန်မာဝတ်စုံ ဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ အဲဒီတုန်းက အသက် ၅၀ ရှိနေပါပြီ။ ကိုယ်တိုင်လည်း အမျိုးသမီးဝါဒီဖြစ်တဲ့ Madeleine Albright ဟာ အမျိုးသမီးလှုပ်ရှားမှု သင်္ကေတ ခရမ်းရောင်ကို သတိမူတဲ့ သဘောလည်း သက်ရောက်ပါတယ်။

Madeleine Albright ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီးညီလာခံ ပိုစတာအတူ ကိုင်ဆောင်ခဲ့တာကိုလည်း အမှတ်တရ ရေးပါတယ်။ အဲဒီတုန်းက အမေရိကန် သမ္မတ ကတော် Hillary Clinton က Madeleine Albright က တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည် ဆီ ပါးလိုက်တဲ့ အမျိုးသမီးညီလာခံ ပိုစတာကိုလည်း ပေးအပ်ပါတယ်။ ပိုစတာမှာ Hillary Clinton က လက်မှတ်ရေးထိုးထားပါတယ်။

ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းဖို့ စစ်ဗိုလ်ချုပ်တွေကို တိုက်တွန်းခဲ့တဲ့ Madeleine Albright ဟာ နံမည်ပျက်စာရင်း အသွင်းခံရပြီး မြန်မာနိုင်ငံ ဝင်ရောက်ခွင့် ဗီဇာ လျှောက်ထားပေမယ့် နှစ်ကြိမ်တိုင်တိုင် ပယ်ချခံရပါတယ်။

၂၀၁၁ သမ္မတ ဦးသိန်းစိန်လက်ထက် ကမ္ဘာနဲ့ စတင်လမ်းဖွင့်တဲ့အခါ နောက်တစ်ကြိမ် နေအိမ် အကျယ်ချုပ်က လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ ဖုန်းဆက်ခွင့်ရပြီး နံမည်ပျက်စာရင်းက ပယ်ဖျက်လိုက်တဲ့အခါ မြန်မာနိုင်ငံကို ၂၀၁၃ ဇွန်မှာ ဒုတိယအကြိမ် အဖြစ် ငါးရက်ကြာ လာရောက်ခဲ့ပါတယ်။

အမေရိကန်က ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး Madeleine Albright ဟာ ရင်ထိုးတွေကို သင်္ကေတ လုပ်တတ်သူလည်း ဖြစ်ပါတယ်။ အီရတ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ မြွေရုပ်ရင်ထိုး ထိုးပြီး ရုရှား သံတမန်တွေနဲ့ တွေ့ဆုံချိန်မှာ ပိုးကောင် ရင်ထိုး ထိုးပါတယ်။ လျှို့ဝှက်အသံဖမ်း ကိရိယာက ပိုးကောင်သဏ္ဍာန်ရှိတာမို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို ရုရှားက အသံခိုးဖမ်းနေတာ မနှစ်သက်တဲ့ သဘောပြသတာပါ။

ရင်ထိုးတွေနဲ့ စပ်လျဉ်းလို့ ပြောရရင် အမေရိကန် သမ္မတ အိုဘားမား ဖိတ်ကြားလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်ဒီစီမြို့တော်ကို ၂၀၁၆ က လာရောက်တဲ့အခါ Madeleine Albright ဟာ ခွပ်ဒေါင်းပုံ ရင်ထိုးနဲ့ တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။