LGBT တွေရဲ့ ထောင်တွင်းအကြမ်းဖက်မှု ရပ်တန့်ရေးလှုပ်ရှားမှု
ဒီနေ့ မေလ ၁၇ ရက်နေ့ဟာ LGBT လို့ခေါ်တဲ့ လိင်တူချစ်သူများ၊ လိင်စိတ်ကွဲပြားသူများအပေါ် ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်တဲ့ နိုင်ငံတကာနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်းပြီးတဲ့နောက် LGBT တွေအပါအဝင် နိုင်ငံရေးလှုပ်ရှားသူ တစ်သောင်းကျော် ဖမ်းဆီးခံထားရတာမို့ “သံတိုင်နောက်က အလင်းတစ်စ” ထောင်တွင်းအကြမ်းဖက်မှု ရပ်တန့်ရေးလှုပ်ရှားမှုကို မြန်မာ LGBT အဖွဲ့က ဦးဆောင်ပြီး လှုပ်ရှားနေပါတယ်။
- 2022-05-17
-
-
-
စစ်တပ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း LGBT ၁၇ ဦး သေဆုံးပြီး၊ ၈၅ ဦးထက် မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီးဌာနက ဒီကနေ့ မေလ ၁၇ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
LGBT အယောက် ၅၀ လောက်ကတော့ စစ်ကောင်စီရဲ့ ဖမ်းဝရမ်းကြောင့် ထွက်ပြေး ပုန်းရှောင်နေရတယ်လို့ ဆိုပါတယ်။
LGBT တွေအပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး ထောင်ထဲမှာ လူ့အခွင့်အရေး ပြင်းပြင်းထန်ထန် ချိုးဖောက်ခံနေရတာကြောင့် လက်မှတ် နှစ်သိန်းကောက်ယူပြီး နိုင်ငံတကာကြက်ခြေနီအသင်း (ICRC) ကို ပေးပို့သွားမယ်လို့ LGBT Alliance Myanmar (မုံရွာ) အဖွဲ့က မြင့်မြတ်က ပြောပါတယ်။
"စစ်ကြောရေးမှာ ရက်စက်စွာ ညှဥ်းပန်းနှိပ်စက်ခံရတဲ့ ကျနော်တို့ရဲ့ ရဲဘော်တွေ၊ LGBT ရဲဘော်တွေအပါအဝင် တခြား ရဲဘော်တွေဟာဆိုရင် ထောင်ထဲမှာ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးကုသခွင့်တွေ မရရှိပါဘူး။ ဒီကိစ္စကို ICRC အနေနဲ့ ငြိမ်နေတာက မဖြစ်သင့်ပါဘူး။ တကယ်ပဲ ထောင်ထဲကို သွားရောက်ပြီးတော့ တကယ်ပဲ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိဖို့၊ ပြီးရင် ဆေးကုသခွင့်တွေရရှိဖို့ ICRC အနေနဲ့ အက်ရှင် တစ်ခုခု ယူနိုင်စေဖို့ ဒါမျိုးလုပ်ဖြစ်တာ ဖြစ်ပါတယ်"
နိုင်ငံရေးအကျဥ်းသားအားလုံး အကျဥ်းသားအခွင့်အရေး၊ လူ့အခွင့်အရေး ဆုံးရှုံးနေတာချင်း တူရင်တောင် LGBT တွေဟာ ထောင်အာဏာပိုင်တွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ခွဲခြားဆက်ဆံမှုတွေကို ပိုခံစားရတယ်လို့ မြင့်မြတ်က ဆိုပါတယ်။
"စစ်ကြောရေးမှာ ရက်စက်စွာ ညှဥ်းပန်းနှိပ်စက်ခံရတဲ့ LGBT ရဲဘော်တွေအပါအဝင် တခြား ရဲဘော်တွေဟာဆိုရင် ထောင်ထဲမှာ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးကုသခွင့်တွေ မရရှိပါဘူး"
LGBT Alliance Myanmar အဖွဲ့ဟာ သူတို့ရဲ့လှုပ်ရှားမှုကို "သံတိုင်နောက်မှ အလင်းတစ်စ" "ထောင်တွင်း အကြမ်းဖက်မှု ရပ်တန့်ဖို့၊ ICRC ကို တွန်းကြစို့" လို့ အမည်ပေးထားပြီး ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က စတင်ခဲ့တာပါ။
ဒီလှုပ်ရှားမှုကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်နေပြီး နိုင်ငံရေးအကျဥ်းသားတွေ အတွက် ထောက်ခံလက်မှတ် နှစ်သိန်းကို အွန်လိုင်းကတစ်ဆင့် ကောက်ယူနေပါတယ်။ အခု တစ်လကျော်အတွင်းမှာတင် ထောက်ခံလက်မှတ် သုံးသောင်းကျော်ရနေပြီလို့ ဆိုပါတယ်။
LGBT တစ်ဦးဖြစ်ပေမယ့် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်မယ်လို့ ဆုံးဖြတ်ထားတဲ့ ဝိုင်းချစ်ကတော့ လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင် LGBT တွေအပေါ် ခွဲခြားဆက်ဆံစိတ် ရှိတာမို့ နိုင်ငံတကာစံနှုန်းတွေကို လေးစားလိုက်နာတဲ့ အစိုးရတစ်ရပ် ရှိမှ ICRC လည်း လွတ်လပ်စွာ အလုပ်လုပ်နိုင်လိမ့်မယ်လို့ မြင်ပါတယ်။
"ICRC ကို ဘယ်လောက်ယုံကြည်မှုရှိသလဲဆိုတာမေးရင် ဒါ ကျနော် တစ်ယောက်တည်း အမြင်ပါ။ နိုင်ငံတကာစည်းမျဉ်းကို လေးစားလိုက်နာနိုင်တဲ့ အစိုးရရှိမှသာ ICRC အပေါ် ကို အပြည့်အဝလက်ခံနိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ အာဏာသိမ်းခေါင်းဆောင် ကိုယ်တိုင်က ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်သူတွေကို သူတို့ကိုယ်တိုင်က မလိုလား သလို ချိုးနှိမ်နေတာကိုလည်း တွေ့မြင်ရတယ်"
အခုလိုအရေးကြီးတဲ့ တော်လှန်ရေးကာလမှာတင်မက အနာဂတ် ဖက်ဒရယ်နိုင်ငံသစ်မှာပါ LGBT တွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာစေချင်တယ်လို့ LGBT Alliance Myanmar (မန္တလေး) အဖွဲ့က Justin က ပြောပါတယ်။
"တော်လှန်ရေးကာလအလွန်မှာတော့ သူတို့ကို နားလည်ပေးစရာမလိုဘူးလို့ မထင်ကြပါနဲ့။ ကျနော်တို့ဟာ ပြည်သူများနဲ့ အတူတူပဲဖြစ်တဲ့အတွက် ကျနော်တို့ကို လည်း နားလည်ပေးဖို့ လိုပါတယ်။ ကျနော်တို့ရဲ့ အခွင့်အရေး၊ လူ့အခွင့်အရေး၊ ကျနော်တို့ရဲ့ ဆုံးရှုံးနေတဲ့ LGBT အခွင့်အရေး အဲဒီအတွက် ကျနော်တို့ တိုက်ယူကြဖို့ လိုပါတယ်။ ကျနော်တို့ အတူတကွ ပေါင်းစည်းကြဖို့ လိုပါတယ်။ နောက်လာမယ့် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံမှာ အတူတကွရှင်သန်ဖို့ တစ်ယောက်ရဲ့ အခွင့်အရေးကို တစ်ယောက် လေးစားရင် ကျနော်တို့ရဲ့ အရေးတော်ပုံကြီး အမြန်မုချအောင်မြင်ရမှာ ဖြစ်ပါတယ်"
ရန်ကုန်မှာရှိတဲ့ နိုင်ငံတကာကြက်ခြေနီအသင်း (ICRC) ဟာ ထောင်သွင်း အကျဉ်းကျ ခံထားရသူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရယူပိုင်ခွင့်၊ ဆေးကုသမှု ရယူပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်တာကြောင့် ထောင်ထဲမှာ နိုင်ငံရေးအကျဥ်းသား တစ်သောင်းကျော်ရှိနေတဲ့ အခုလို အချိန်မျိုးမှာ ICRC အဖွဲ့ ထောင်ထဲ ဝင်ခွင့်ရဖို့က အရေးကြီးတယ်လို့လည်း LGBT Alliance Myanmar အဖွဲ့က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ICRC ရဲ့ သဘောထားသိနိုင်ဖို့ ရန်ကုန်ရှိ ICRC ရုံးကို RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်ထားပေမယ့် အကြောင်းမပြန်သေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ LGBT တွေရဲ့ အခွင့်အရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
"လူသားတွေထဲက လူသားတွေဖြစ်တဲ့ LGBT များနဲ့ ပတ်သက်လို့ ကျနော်တို့ သူတို့ရဲ့ လူ့အခွင့်အရေးရရှိအောင်၊ တန်းတူအခွင့်အရေးရရှိအောင် ဒါကို ကျနော်တို့အနေနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်။ အခုကာလအတွင်းမှာ တခြား ပြည်သူလူထု နဲ့အတူ လက်တွဲပြီး စစ်အာဏာရှင် ချုပ်ငြိမ်းရေးလုပ်ဆောင်နေတဲ့ LGBT သူရဲကောင်း များကိုလည်း လေးစားပါတယ်။ အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုကို ထူထောင်တဲ့ အချိန်မှာ LGBT များကလည်း တခြားနိုင်ငံသားအခွင့်အရေးများနဲ့ တန်းတူအခွင့်အရေး တွေရရှိဖို့ ခွဲခြားဖိနှိပ်မှုတွေကို ကင်းဝေးဖို့အတွက် ဆက်လက်ကြိုးပမ်းသွားဖို့အတွက် ကျနော်တို့ တိုက်ပွဲဝင်သွားကြရအောင်လို့ ပြောချင်ပါတယ်"
လွတ်လပ်ခြင်း၊ လုံခြုံခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတို့အတွက် ခေတ် အဆက်ဆက် အသက်ပေး တိုက်ပွဲဝင်သူ မြန်မာနိုင်ငံက LGBT အားလုံးကို ဦးညွတ် အလေးပြုတယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။
ရန်ကုန်မှာရှိတဲ့ ဗြိတိန်သံရုံးကလည်း မြန်မာနိုင်ငံက လိင်တူချစ်သူများ၊ လိင်စိတ်ကွဲပြားသူ များကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ဒီကနေ့ မေလ ၁၇ ရက်နေ့မှာ သက်တံရောင် အလံကို လွှင့်ထူထားပါတယ်။ LGBT တွေ အပါအဝင် မည်သူတစ်ဦးတစ်ယောက်မှ အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံခံရမှုတွေကို ကြောက်ရွံ့ပြီး အသက်ရှင်သန် နေထိုင်စရာ မလိုအပ်ကြောင်း ဗြိတိန်သံရုံး လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။