အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ LGBT တွေ နည်းမျိုးစုံနဲ့ ဖိနှိပ်ခံနေရဆဲ

ဇွန်လကို လိင်စိတ်ခံယူမှုကွဲပြားသူ (LGBT) တွေရဲ့ အခွင့်အရေးတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုတဲ့လ (Pride month) အဖြစ် နိုင်ငံတကာက သတ်မှတ်ထားပြီး အနောက်နိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ တစ်လတာ လှုပ်ရှားမှုတွေ အကျယ်တဝင့် ကျင်းပနေကြပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာတော့ သုံးနှစ်ကျော်ကာလအတွင်း ဒီလှုပ်ရှားမှုတွေ ပျောက်ကွယ်သွားပါပြီ။
LGBT အရေးတက်ကြွလှုပ်ရှားသူ မရှင်းသန့် က "အရင်တုန်းကလို LGBT Community စည်းစည်းလုံးလုံး သိုက်သိုက်ဝန်းဝန်း ပြန်ဖြစ်ဖို့ဆိုတာ မလွယ်တော့ပါဘူး။ ပြောရမယ်ဆိုရင်တော့ အရာရာ နောက်ကျကျန်ခဲ့တာပေါ့" လို့ ပြောပါတယ်။
LGBT အရေးတက်ကြွလှုပ်ရှားသူ မစောဟန်နွေဦးကတော့ လက်ရှိ မြန်မာပြည်အခြေအနေဟာ LGBT တွေတင်မကဘဲ လူနည်းစုတွေရဲ့ အခွင့်အရေးအားလုံးနီးပါး ဆုံးရှုံးနေတယ်လို့ ပြောပါတယ်။
"ကျွန်မတို့ ဒီကာလကတော့ လွတ်လပ်ပြီးတော့မှ ဒီမိုကရေစီ စံချိန်စံနှုန်းနဲ့အညီ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနဲ့အညီ တန်ဖိုးထားကြတဲ့ နိုင်ငံတွေမှာတော့ Pride month ကို အကြီးအကျယ် ပျော်ပွဲရွှင်ပွဲတွေ၊ ကိုယ့်ရဲ့ဖြစ်တည်မှုကို ရဲရဲရင့်ရင့် ပြသနေကြတယ်။ ကျွန်မတို့ နိုင်ငံမှာတော့ တော်လှန်နေရဆဲ ဖြစ်တယ်"
မစောဟန်နွေဦးဟာ Transgender (လိင်ပြောင်းထားသူ) LGBT တစ်ဦးဖြစ်ပြီး လက်ရှိ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးမှာ ထောက်ပို့အဖြစ် ပါဝင်နေသူတစ်ဦး ဖြစ်ပါတယ်။
LGBT တွေအနေနဲ့လည်း ဖိနှိပ်ချိုးနှိမ်မှုတွေကို ဖယ်ရှားဖို့ဆိုရင် အရင်ဆုံး စစ်အာဏာရှင်အမြစ်ဖြတ်ရေးကို တတ်နိုင်တဲ့နေရာက ပါဝင်ကြဖို့ သူက တိုက်တွန်းပါတယ်။
အာဏာသိမ်းမှုကိုဆန့်ကျင်ကြတဲ့ LGBT တွေဟာ ပုံစံမျိုးစုံနဲ့ ဖိနှိပ်ခံနေရသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သိသိသာသာ ပိုဆိုးလာတယ်လို့ LGBT အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူတွေက ပြောကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်း က "နိုင်ငံရေးအကျဉ်းသားချင်းအတူတူ LGBT များကို ပိုမိုနှိပ်စက်မှုတွေ၊ နှိပ်စက်တဲ့နေရာမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆက်ရှိနေတုန်းပဲ။ ဖမ်းဆီးထားတဲ့သူတွေကို အဲဒီလိုနှိပ်စက်တာက ထောင်တွင်းဥပဒေကို ချိုးဖောက်တာပဲ။ အဲဒီလိုချိုးဖောက်မှုက LGBT ဖြစ်လို့ နိုင်ငံရေးအကျဉ်းသားဖြစ်လို့ ရည်ရွယ်ပြီး လုပ်ဆောင်တဲ့ ရာဇဝတ်မှုဖြစ်ပါတယ်။ ထောင်ပိုင်တွေရဲ့ ခွင့်ပြုချက်၊ မသိချင်ယောင်ဆောင်မှုကြောင့် ကျူးလွန်မှုက စနစ်တကျကို ပုံစံဖြစ်နေတာ။ အဲဒါက Crime Against Humanity လို့ခေါ်တဲ့ လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ရာဇဝတ်မှုလို့တောင် ပြောလို့ရပါတယ်" လို့ ပြောပါတယ်။
"နိုင်ငံရေးအကျဉ်းသားချင်းအတူတူ LGBT များကို ပိုမိုနှိပ်စက်မှုတွေ၊ နှိပ်စက်တဲ့နေရာမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆက်ရှိနေတုန်းပဲ"
ဒီလိုလိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို NUG က အချက်အလက်တွေ စုဆောင်းပြီး အဓိက တာဝန်ရှိတဲ့ ထောင်ပိုင်တွေအပြင် ဒါတွေကို အရေးယူဖို့ ပျက်ကွက်တဲ့ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ စစ်တပ်ဟာ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ စွဲချက်နဲ့ အပြစ်ပေးအရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ဆက်ပြောပါတယ်။
လက်ရှိ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ LGBT တွေ များစွာရှိနေပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန စာရင်းအရ ထောင်တွေထဲမှာ LGBT ဦးရေ သုံးဆယ်ကျော် ရှိနေပါတယ်။ မတရားအသင်းဆက်သွယ်မှုအပြင် တခြားသော နိုင်ငံရေးပြစ်မှုတွေနဲ့ ဖမ်းဆီးခံထားရသူတွေ ဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
သူတို့ဟာ ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုခံကြရတဲ့အပြင် တခြားရာဇဝတ်မှုနဲ့ ထောင်ထဲရောက်နေတဲ့ နှစ်ကြီးအကျဉ်းသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကား အမြတ်ထုတ်တာတွေနဲ့ပါ ရင်ဆိုင်နေကြရတယ်လို့ ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်ထုတ်ပြန်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အသိပေးထားပါတယ်။
ထောင်ဒဏ် ၉၆ နှစ်ထိ အမိန့်ချခံရတဲ့ အသက် ၂၄ နှစ်အရွယ် LGBT နိုင်ငံရေး အကျဉ်းသားဖြစ်သူ ရဲရင့်ကို ခေါ် ရဲရဲ ဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို ကြုံခဲ့ရသူတစ်ဦးပါ။
သူဟာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ ဖမ်းဆီးခံခဲ့ရပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)၊ ပုဒ်မ ၅၁(ဂ)၊ ပုဒ်မ ၅၄၊ ပုဒ်မ ၁၇(၁)အပြင် တခြားလက်နက်ပုဒ်မတွေနဲ့ပါ ထောင်ဒဏ် ၉၆ နှစ်ထိ အမိန့်ချခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ပဲခူးတိုင်း၊ သာယာဝတီထောင်ထဲ ရောက်တဲ့အချိန် သူနဲ့ တစ်တိုက်တည်းထားတဲ့ သေဒဏ်ကျအကျဉ်းသား ပြူးကြီးဆိုသူက အတင်းအဓမ္မ ပြုကျင့်ခဲ့ပြီး ခေါင်းပါ ရိုက်နှက်ခံရလို့ အကျဉ်းထောင်ဆေးရုံမှာ ဆေးကုသခဲ့ရပါတယ်။
ဒါနဲ့ပတ်သက်ပြီး အကျဉ်းထောင်အာဏာပိုင်တွေက သေဒဏ်ကျအကျဉ်းသား ပြူးကြီးဟာ စိတ်ကျန်းမာရေး ချို့တဲ့သူဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုခဲ့တယ်လို့ PPNM က ပြောပါတယ်။
ထောင်အာဏာပိုင်တွေက ပြစ်မှုကျူးလွန်သူတွေကို ကာကွယ်ပေးနေတဲ့အပြင် သူတို့ကိုယ်တိုင်လည်း ကျူးလွန်နေတာရှိတယ်လို့ PPNM က ဆိုပါတယ်။
LGBT တွေဟာ အကျဉ်းထောင်တွေမှာတင်မကဘဲ စစ်ကြောရေးစခန်းတွေမှာကတည်းက လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ကြုံနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
"အာဏာသိမ်းပြီးနောက်မှာ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား၊ အကျဉ်းသူများနည်းတူပေါ့ LGBT တွေဟာလည်း ဖမ်းဆီးခံရချိန်မှာ စစ်ကြောရေးစခန်းတွေမှာဆိုရင်လည်း လူမဆန်တဲ့ စစ်ဆေးမှုတွေကို ခံရတယ်ပေါ့နော်။ တချို့ LGBT မဟုတ်သည့်တိုင်အောင် သူတို့ရဲ့ စိတ်ထဲမှာ LGBT နည်းနည်းနွဲ့တယ်လို့ ထင်တဲ့သူတွေကို လိင်ပိုင်းဆိုင်ရာအရ ပါးစပ်က ပြောဆိုတာတွေ၊ သူ့တို့ရဲ့ စအိုတွေကို တုတ်တွေနဲ့ ထိုးတာတွေ၊ အမျိုးသားအင်္ဂါတွေကို ကိုင်ခိုင်းတာမျိုးတွေပေါ့နော်။ ဒီထက်ဆိုးဝါးတဲ့ စစ်ဆေးမှုတွေလည်း ရှိတယ်"
ထောင်တွင်း အကျဉ်းကျနေတဲ့ LGBT အရေအတွက်ကိုတော့ PPNM က သီးသန့် စာရင်းပြုစုထားတာ မရှိပါဘူး။
NUG ဝန်ကြီး ဦးအောင်မျိုးမင်းက အကျဉ်းထောင်တွေတိုင်းမှာ လိင်ပြောင်းထားတဲ့ Transgender တွေအတွက် သီးသန့်အခန်း မစီစဉ်ပေးနိုင်ဘဲ အကျဉ်းသားတွေနဲ့ အတူတွဲထားတာတွေကြောင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ အကြမ်းဖက်မှုတွေကို ပိုကြုံတွေ့ရစေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ထောင်ထဲကို ဆေးဝါး ပို့ဆောင်တာတွေ ပိတ်ပင်ခံရတာဟာ HIV ရောဂါရှိတဲ့ LGBT တွေအတွက် ကျန်းမာရေးပိုင်းဆိုင်ရာ ခက်ခဲစေတယ်လို့လည်း သူက ဆိုပါတယ်။
စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ LGBT တွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စော်ကားခံနေရတာနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ နေပြည်တော် အကျဉ်းဦးစီးဌာနကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
အခုတော့ LGBT အရေးထက် မြန်မာပြည် အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ ပါဝင်တွန်းလှန်နေကြဆဲ ဖြစ်တယ်လို့ LGBT အရေးတက်ကြွလှုပ်ရှားသူ မရှင်းသန့် က ပြောပါတယ်။
"မြန်မာပြည်မှာ နေတဲ့သူတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံအတွင်းမှာ ဖြစ်နေတဲ့အခြေအနေနဲ့ အချိန်အခါအရ ကိုယ့်ရဲ့ LGBT အကြောင်းကိုတော့ ရှေးတန်းကနေတင်ဖို့အတွက် ဒီအခြေအနေမှာ သင့်တော် သေးပါဘူး။ ကိုယ့်တိုင်းပြည်ငြိမ်းချမ်းဖို့ပဲ အမြန်ဆုံး လုံလုံခြုံခြုံဖြစ်ဖို့ပဲလေ၊ အဲဒါပဲ အဓိကထား ပြောချင်တယ်"
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးချိန်ကစပြီး အခုအချိန်အထိ သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ (၅,၂၇၆) ဦးအထိ ရှိနေပြီး လူပေါင်း (၂၀,၅၉၂) ဦးကတော့ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။