လားရှိုးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး မြို့ခံ သုံးသောင်းခန့် ပိတ်မိနေ

လားရှိုးမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး လားရှိုးမြို့ခံ ရှစ်သောင်းဝန်းကျင်ထဲက ငါးသောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရသလို သုံးသောင်းခန့် မြို့ထဲမှာပဲ ပိတ်မိနေပါတယ်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည့် လားရှိုးဒေသခံများကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လားရှိုးမြို့ခံ ရှစ်သောင်းဝန်းကျင်ထဲက ငါးသောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရသလို သုံးသောင်းခန့် မြို့ထဲမှာပဲ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့က စစ်ကောင်စီတပ်စခန်းတွေကို ဇူလိုင်လ ၃ ရက်နေ့ကစလို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ ပူးပေါင်း အဖွဲ့တွေတိုက်ခိုက်နေပြီး မြို့ပေါ်ကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံတွေပါ သေဆုံးမှုရှိနေတယ်လို့ ဆိုပါတယ်။

“အဆင်မပြေဘူး ကလေးနဲ့ကတစ်ဖက် ပြီးရင် ရှောင်ဖို့ဆိုရင်တော့ ကိုယ့်ဆီမှာလည်း ပိုက်ဆံက လုံလုံလောက်လောက် ရှိမှလေနော်"

လားရှိုးမြို့ခံတစ်ဦးကတော့ ကလေးတစ်ဖက်နဲ့ ငွေကြေးလည်း ခက်ခဲနေတာကြောင့် ထွက်မပြေးနိုင်ဘဲ မြို့မှာပဲ ဆက်နေ နေရတယ်လို့ RFA ကို ပြောပါတယ်။

“အဆင်မပြေဘူး ကလေးနဲ့ကတစ်ဖက် ပြီးရင် ရှောင်ဖို့ဆိုရင်တော့ ကိုယ့်ဆီမှာလည်း ပိုက်ဆံက လုံလုံလောက်လောက် ရှိမှလေနော်။ အခြေခံလူတန်းစား လက်လုပ်လက်စားတွေ အဆင်မပြေတဲ့သူတွေကတော့ ပေကပ်ပြီးတော့ နေရတာပေါ့ ဒီမှာ။ ပြီးရင် ကားငှားဖို့ကလည်း မလွယ်ဘူး။ ကားခတွေလည်းစျေးကြီးတယ်”

ပိတ်ထားတဲ့ဆိုင်တွေ များလာတာကြောင့် စားသောက်ကုန်တွေ စျေးအဆမတန်ကြီးနေသလို ဝယ်လို့လည်း မရတော့ဘူးလို့ ဆိုပါတယ်။

အသက်တစ်ရာကျော်ရှိတဲ့လာရှိုးမြို့ခံ အဘိုးအိုတစ်ဦးဟာလည်း ခေါင်းနဲ့ခြေထောက်မှာ လက်နက်ကြီး ထိမှန်ထားတာကြောင့် မြို့ကထွက်ဖို့ခက်ခဲနေပြီး လူမှုကူညီရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ စားသောက်နေရတယ်လို့ RFA ကို ပြောပါတယ်။

“စားဖို့သောက်ဖို့ကတော့ လားရှိုးမှာက ဆိုင်တွေအားလုံးပိတ်သွားလို့လေ လူမှုကယ်ဆယ်ရေးမှာ တချို့တွေ ပေးကြတာကို ကျွန်မတို့ကလိုက်ယူပြီးတော့ နေတာပေါ့နော်။ လေယာဉ်နဲ့တော့ မနေ့ကဆို တော်တော်လာချခဲ့ တယ်။ အဲဒီ ၅၀၇ နားမှာရှိတဲ့ အိမ်တွေအားလုံးကတော့ အကုန်လုံးပြာကျသွားတယ်။ တချို့ ဗုံးကျတဲ့အိမ်တွေဆို တော့ ရစရာတောင် မရှိတော့ဘူး”

လက်နက်ကြီးကြောင့် အိမ်နီးနားချင်းသုံးဦး သေဆုံးခဲ့ရပြီး ကတုတ်ကျင်းထဲမှာပဲ မြေမြုပ်သင်္ဂြိုဟ်လိုက်ရတယ် လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည့် လားရှိုးဒေသခံများကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လားရှိုးဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေရဲ့ ပြောပြချက်အရ တိုက်ပွဲစဖြစ်တဲ့ ဇူလိုင်လ ၃ ရက်နေ့ကနေ ဇူလိုင်လ ၁၇ ရက်နေ့အထိ လက်နက်ကြီးကြောင့် ဒေသခံ သုံးဆယ်ခန့် သေဆုံးပြီး သုံးဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။

လားရှိုးမြို့မှာ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတစ်ဦးက ပိုက်ဆံမရှိလို့ မြို့ထဲမှာပဲပိတ်မိနေသူတွေရှိသလို အခြားမြို့တွေကို ထွက်ပြေးသွားသူတွေလည်း အခက်အခဲမျိုးစုံကြုံနေရတယ်လို့ RFA ကို ပြောပါတယ်။

“တချို့သွားချင်တယ် ဒီမှာကို ပိုက်ဆံပြတ်လို့ ဒီမှာသောင်တင်နေတဲ့သူတွေ အများကြီးပဲ။ တချို့က မန္တလေးဘက် သွားချင်တယ်၊ တချို့က တောင်ကြီးဘက်သွားချင်တယ်။ ပိုက်ဆံမရှိဘူး။ ရှိတဲ့ သူတို့စီးလာတဲ့ ဆိုင်ကယ်တွေ ရောင်းပြီးတော့ အဲလိုမျိုးပြန်ဖို့ ကူးဖို့လုပ်နေကြတယ်”

ကူညီကယ်ဆယ်ရေးလုပ်နေသူအများစု လားရှိုးမြို့ကထွက်သွားကြပြီဖြစ်ပြီး သူတို့အသင်းလည်း သီပေါမြို့နယ် နမ့်လန်မြို့ကနေ လားရှိုးမြို့ထဲပြန်ဝင်ဖို့ ကြိုးစားနေပေမဲ့ မရသေးဘူးလို့ ဆိုပါတယ်။

လားရှိုးမြို့ခံ ငါးသောင်းကျော်ဟာ ကွတ်ခိုင်၊ နမ့်လန်၊ တောင်ကြီး၊ မန္တလေးနဲ့ ရန်ကုန်ဘက် ထွက်ပြေးခဲ့ကြသလို အဲဒီဒေသခံတွေထဲကတချို့လည်း လမ်းမှာပဲ ပိတ်မိနေပါတယ်။

တိုက်ပွဲကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကနေ ထွက်ပြေးလာကြသူများအား စဉ့်အင်ရွာ ဖောင်ဆိပ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

တောင်ကြီးမြို့ကို ထွက်ပြေးလာရတဲ့ လားရှိုးမြို့ခံ စစ်ဘေးဒုက္ခသည်တစ်ဦးက ငွေကြေးမလုံလောက်တဲ့အတွက် ရေရှည်မှာ အခက်အခဲဖြစ်လာနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“ပိုက်ဆံမပြည့်စုံတော့ ရတဲ့နည်းနဲ့ ထွက်လာကြတဲ့သူတွေဆိုတော့လေနော်။ ပါလာတဲ့ပိုက်ဆံတွေ သုံးပြီး ကုန်ရင်တော့ ရေရှည်ဆိုရင်တော့ ကျွန်တော်တို့အတွက်တော့ မလွယ်ဘူးပေါ့။ ဘာလို့လဲဆိုတော့ တခြားမြို့နယ်မှာလာတယ်ဆိုတော့ အလုပ်အကိုင်လည်းမရှိ ရေရှည်တော့ အဆင်မပြေပါဘူး”

စစ်ကောင်စီဂိတ်အဆင့်ဆင့်မှာ အစစ်အဆေးခံပြီး တောင်ကြီးကို လေးရက်ကြာသွားခဲ့ရသလို တောင်ကြီးမှာ လည်း စစ်ဘေးဒုက္ခသည်တွေများနေတာကြောင့် အိမ်ငှားခတွေကအစ စျေးကြီးတယ်လို့ ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

လားရှိုးမြို့ ခမရ (၅၀၇) တပ်အနီး တိုက်ပွဲပြင်းထန်နေ

၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲ တိုက်ပွဲတွေအတွင်း အရပ်သားခြောက်ဆယ်ကျော် သေဆုံး

မန္တလေးကို ဦးတည်လာတဲ့ မဟာဗျူဟာထိုးစစ်


စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတစ်ဦးကလည်း လွတ်မြောက်နယ်မြေဘက် ထွက်ပြေးသူတွေကလည်း လေကြောင်းရန်ကို စိုးရိမ်နေရဆဲဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“ဟိုနေ့ကပဲ သိန္နီမြို့မှာ နှစ်လုံးထပ်ကျတယ်။ အခု တခြားအန္တရာယ်တော့မရှိဘူး ဒီလေယာဉ်အန္တရာယ်တော့ ဘယ်ဘက်ပဲသွားသွားတော့ စိုးရိမ်မှုရှိတာပေါ့ သတိထားရမဲ့ အနေအထားမှာရှိတယ်။ ဒီဘက်မှာတော့ အထက်ဘက် ဆက်တက်ရင်တော့ ဒီဟာ လေယာဉ်အန္တရာယ်တော့ စိုးရိမ်ရတာပေါ့”

တောင်းကြီးနဲ့ နမ့်လန်မြို့အပါအဝင် အခြားဒေသတွေကို ထွက်ပြေးသွားပြီး အဆင်မပြေတဲ့သူတချို့ကတော့ လားရှိုးကို ပြန်လာချင်ကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအခြေအနေသိရဖို့ MNDAA ပြောခွင့်ရသူ လီကျားဝင်း (ခေါ်) ဦးကျော်နိုင်နဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

လားရှိုးမြို့အနီးက တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ ဒုတိယတပ်ခွဲမှူးတစ်ဦးအပါအဝင် စစ်သုံ့ပန်း ၃၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က ဇူလိုင်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိ လားရှိုးမြို့ထဲမှာ စစ်ကောင်စီတပ်ကပဲ လုံခြုံရေးယူထားသလို MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေကတော့ ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲဆိုပြီး မြို့ပတ်ပတ်လည်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org