စစ်တပ်ထောက်ပို့လမ်းကြောင်းတွေကို မဟာမိတ်အဖွဲ့တွေ ဖြတ်တောက်

တောင်ပိုင်းတိုင်း စစ်ဒေသတွေမှာ KNLA နဲ့ မဟာမိတ် ပူးပေါင်းစစ်ကြောင်းတွေ စစ်ရေးအရ နယ်မြေစိုးမိုးထားနိုင်ပြီလို့ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ကော်ဘရာစစ်ကြောင်းက တပ်ခွဲတစ်ခုကို ၂၀၂၃ ခုနှစ် ဇူလိုင်လက တွေ့ရစဉ်။ Cobra Column တပ်ခွဲ - ၄/ Facebook

ကရင်ပြည်နယ်ထဲ စစ်ကောင်စီတပ်က ထောက်ပို့လမ်းကြောင်းတွေ မလုပ်နိုင်အောင် အဓိက ဆက်သွယ်ရေးလမ်းမကြီးတွေကို တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တပ်ပေါင်းစုတွေက ထိန်းချုပ်ပိတ်ဆို့ ထားနိုင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။

တောင်ပိုင်းတိုင်း စစ်ဒေသတွေဖြစ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) မဟာမိတ် ပူးပေါင်းစစ်ကြောင်းတွေ စစ်ရေးအရ နယ်မြေစိုးမိုးထားနိုင်ပြီလို့ ဆိုပါတယ်။

"ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကရင်ပြည်နယ်ပြီးတော့ စစ်တောင်းမြစ်ဝှမ်းဒေသ စိုးမိုးရေးပေါ့ အဓိကထားပြီး လုပ်ဆောင်နေတယ်၊ အခုဆိုရင် တိုင်းရင်သား မဟာမိတ်အင်အားစုတွေရယ် ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေရယ်ပူးပေါင်းပြီးတော့ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ အဓိကဆက်သွယ်ရေးလမ်းမကြီးတွေ ထောက်ပို့လမ်းကြောင်းတွေကို ကျနော်တို့က ဖြတ်တောက်စိုးမိုးဟန့်တားနိုင်နေပြီဖြစ်ပါတယ်"

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကနေ ခြောက်လတာအတွင်း ကရင်ပြည်နယ်ထဲက မြို့နယ် ခုနစ်မြို့နယ်အတွင်းမှာရှိနေတဲ့ စစ်ကောင်စီ တပ်စခန်းတွေ၊ မြို့ပြအုပ်ချုပ်ရေးနေရာတွေ၊ စစ်ကောင်စီစစ်ကြောင်းနဲ့ စစ်ယာဉ်တန်းတွေကို တိုက်ခိုက်တာမှာ စစ်ကောင်စီ စစ်သား ၂၃၀၀ ကျော် ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

"ဒီကရင်ပြည်နယ်မှာ ခြောက်လတာတိုက်ပွဲအတွင်းမှာပေါ့နော် မဟာမိတ်တော်လှန်ရေးအင်အားစုတွေရယ် PDF ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေရယ် ပူးပေါင်းထားတဲ့အဖွဲ့က စကစနဲ့ တိုက်ပွဲပေါင်း နှစ်ထောင်ကျော်လောက်ဖြစ်ခဲ့ပါတယ်။ စကစရဲ့စစ်သားတွေ ၂၃၀၀ ကျော်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့တယ်လို့ ကျနော်တို့ရဲ့ အချက်အလက်တွေအရ မှတ်တမ်းတွေအရသိရှိရပါတယ်"

အခု ဇူလိုင်လအတွင်းမှာလဲ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ လေးရက်ကြာတိုက်ပွဲဖြစ်ခဲ့ပြီး ခြေမြန်တပ်ရင်း (ခမရ) ၅၅၈ က တပ်ရင်းမှူး အပါအဝင် စစ်သား ငါးဆယ်ကျော်လောက် သေဆုံးနိုင်တယ်လို့ မြေပြင်သတင်းအချက်အလက်တွေ ပေးပို့ချက်အရ သိရကြောင်းလည်း ဦးမောင်မောင်ဆွေ က ပြောပါတယ်။

တစ်ဆက်ထဲမှာပဲ တနင်္သာရီတိုင်းကနေ ကရင်ပြည်နယ်မြောက်ဘက်ပိုင်းက သံတောင်မြို့နယ်ထဲအထိ KNLA ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို ချေမှုန်း တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

"တောင်ပိုင်းတိုင်းစစ်မျက်နှာမှာဆိုရင် မြို့ပြစစ်ဆင်ရေးအနေနဲ့ဆိုရင် မောင်းမကန်ရဲစခန်းကို တိုက်ခိုက်တဲ့ကိစ္စတွေ ထားဝယ်မှာ ဝန်ကြီးအိမ်ယာပေါ့နော် နယ်စပ်ရေးရာရုံးတွေ စစ်တပ်ကင်းပုန်းတွေကို ကျနော်တို့လက်နက်ကြီးနဲ့ တိုက်ခိုက်တဲ့ကိစ္စတွေကို ကျနော်တို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေက အောင်အောင်မြင်မြင်နဲ့ တိုက်ခိုက်နိုင်ခဲ့တယ်။ ပြီးတော့သံတောင်ကြီးတို့ လိပ်သိုလ်၊ ယာဒို အဲဘက်မှာလဲကျနော်တို့ စကစတပ်တွေစစ်ကြောင်းထိုးလာတဲ့ စကစတပ်တွေကို အောင်အောင်မြင်မြင်နဲ့ကျွန်တော်တို့ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တယ်"

ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ မနက် ၆ နာရီက လက်ခတ်တောင်ဘုရားကုန်းစခန်းမှာ အထိုင်ချနေတဲ့ စစ်စခန်းကုန်း ခမရ ၂ တပ်ရင်းမှူး အာကာအောင်နဲ့ ဒုတပ်ရင်းမှူး ကျော်သူအောင်တို့ စစ်စခန်းစွန့်ခွာထွက်ပြေးတာကို စစ်တပ်ဘက်က ဖမ်းဆီးပြီးတော့အရေးယူထားတယ်လို့လည်း ကြားသိရပါတယ်။

လက်ရှိ ကရင်ပြည်နယ်ဒေသအတွင်းက စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ကို RFA က တယ်လီဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

ကြာအင်းဆိပ်ကြီးဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ Cloud wind ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူ ကိုငြိမ်းက စစ်တပ် ခုတ်ခွားစစ်စခန်းနဲ့ ခလယ်တံခွန်တိုင် ရဲစခန်းကနေ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်စစ်ကြောင်း နှစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေနဲ့ ပါဝင်တိုက်ခိုက်တာမှာ စစ်တပ်ဘက်က ဆယ်ဦးသေဆုံးပြီး နှစ်ဆယ်ဦးခန့် ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။

"အစအဆုံး ကျွန်တော်တို့ စစ်ကြောင်းဖြတ်တာရော မြို့ထဲဝင်တိုက်တာရောဆိုလို့ရှိရင် စစ်ကြောင်းမှာလည်း မျက်မြင် စစ်ကောင်စီအလောင်း ကိုးလောင်း မြှုပ်ထားတာတွေ့ရတယ်၊ ပြီးတော့ကျွန်တော်တို့ ရဲတပ်ကြပ်တစ်ဦးပေါ့နော် ဒရုန်းမစ်ရှင်နဲ့ပေါင်းရင် ရဲတပ်ကြပ်တစ်ဦးနဲ့ဆို ဆယ်ယောက်ပေါ့နော် ကျွန်တော်တို့ စစ်ကြောင်းဖြတ်တုန်းကလည်း ကျွန်တော်တို့ပူးပေါင်းတပ်တွေနဲ့အတူပေါ့နော် Cloud Wings Drone တပ်ဖွဲ့ကလည်း စစ်ကြောင်းဖြတ်တဲ့ထဲမှာလည်းပါတယ်။ စစ်ကြောင်းကပေါ့နော် တံခွန်တိုင်ဘက်ကနေ စထွက်လာတဲ့အချိန်မှာ အယောက် တစ်ရာကျော်ပါတယ်ပေါ့၊ နောက်ဆုံးကျွန်တော်တို့ ဒီကြာအင်းဆိပ်ကြီးကို ပြန်ဝင်သွားတဲ့အချိန်မှာ ကျွန်တော်တို့စုံစမ်းသိရှိရတာတော့ ခြောက်ဆယ်လောက်ဘဲ သူတို့ပြန်ပါသွားတယ်ဆိုတော့ သတင်းကို ကျွန်တော်တို့ အလိုအပိုမရှိ၊ ဒါလျှော့တော့လျှော့ထားတာပေါ့ ဆယ်ဦးခန့်သေဆုံးပြီး နှစ်ဆယ်ဦးခန့်ထိခိုက်ဒဏ်ရာရလို့ ကျွန်တော်တို့ထုတ်ထားပါတယ်"

ကြာအင်းဆိပ်ကြီးမြို့မှာ စစ်တပ်တပ်စွဲထားတဲ့ ဌာနဆိုင်ရာရုံးတွေအနီး ဗုံးပေါက်ကွဲမှုတွေရယ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် အဲဒီက ဝန်ထမ်းတွေ ရုံးဝင်းတွေမှာ မနေထိုင်ကြတော့ဘဲ တည်းခိုခန်းနဲ့ နယ်ခံ ဝန်ထမ်းနေအိမ်တွေမှာ ရှောင်တိမ်းနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

"ထွေအုပ်ရုံးထဲမှာ တစ်လုံး၊ မြေစားရင်းရုံးမှာတစ်လုံး၊ ရဲစခန်းမှာ နှစ်လုံး၊ အားလုံးပေါင်း ငါးလုံး တစ်လုံးကနောက်မှကွဲတယ်၊ အပြင်မှာကျတယ် ရဲတစ်ယောက်သေတယ်၊ ရုံးကဝန်ထမ်းတွေက တခြားမှာရှောင်အိပ်ကြတာပေါ့၊ အသိမိတ်ဆွေတွေအိမ်မှာ တချိူ့တွေကျတော့လည်း တည်းခိုးခန်းတွေမှာ၊ အခုအစစ်ဆေးတွေကတော့ တော်တော်စစ်တာပေါ့ လက်နက်ကြီးက ညည ဆိုပစ်တယ်"

ဇူလိုင်လ ၂၇ ရက်ကနေ ဇူလိုင်လ ၃၁ ရက်နေ့အထိ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ဖာပွန်၊ သံတောင်မြို့ဘက်မှာ နှစ်ဘက်တိုက်ပွဲတွေ ဆက်ဖြစ်နေခဲ့တယ်လို့ KNLA ပူးပေါင်းစစ်ကြောင်းတွေက ပြောပါတယ်။

မြဝတီ လက်ခတ်တောင် စစ်စခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းယူထားပြီးနောက် မြို့တွင်း စစ်ကောင်စီရုံးတွေ၊ စခန်းတွေကို တိုက်ခိုက်မခံရရေးအတွက် စစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့တွေ၊ စစ်တပ်လက်နက်ကြီး တပ်ဖွဲ့တွေက နေ့စဉ် ပစ်ကူပေး တိုက်ခိုက်တာတွေ နေ့တိုင်းလုပ်နေတယ်လို့ KNLA တပ်ရင်း ၂၇ တာဝန်ရှိသူက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org