ကရင်နဲ့ ကယားမှာ တစ်လအတွင်း တိုက်ပွဲပေါင်း ၂၈o ခန့်ဖြစ်
ကရင်ပြည်နယ်နဲ့ ကာယားပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက တိုက်ပွဲ ပေါင်း ၂၇၈ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူ ၂၇၄ ဦးလောက်ရှိခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူတွေက ပြောပါတယ်။
- 2021-10-05
-
-
-
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကောင်စီနဲ့ KNU လက်အောက်ခံတပ်တွေ တိုက်ပွဲပေါင်း ၂၆၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူ ၂၃၄ ဦး KNU ဘက်က သေဆုံးသူ ငါးဦးရှိခဲ့တယ်လို့ KNU ဗဟိုက အောက်တိုဘာလ ၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်က ဒဏ်ရာရရှိသူ ၂၆၅ ဦးရှိပြီး KNU လက်အောက်ခံတပ်တွေဘက်က ၁၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာပါပါတယ်။
အဲဒီအထဲက (KNU) ရဲ့ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၅) ဒေသတစ်ခုတည်းမှာ တိုက်ပွဲပေါင်း ၂၁၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNLA က ပြောပါတယ်။
စစ်ကောင်စီတပ်တွေက နယ်မြေစိုးမိုးရေးနဲ့ အင်အားတိုးချဲ့ဖြည့်တင်းတာတွေ များလာတဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ နေ့တိုင်းလိုလို ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ KNLA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက RFA ကိုပြောပါတယ်။
“စစ်ကောင်စီဘက်မှာကလည်း အင်အားတို့ချဲ့လာတာတွေ ရှိတာပေါ့နော်။ နောက်ပြီးတော့ သူတို့ လှုပ်ရှားမှုက အမြဲတမ်း ရှိနေတဲ့အပေါ်မှာ ဒီဘက်ကလည်းပဲ နယ်မြေပေါ့လေ၊ ထိန်းချုပ်ထားတဲ့ နယ်မြေကို ထိန်းသိမ်းတဲ့အနေနဲ့ ကာကွယ်ထိန်းသိမ်းတဲ့အနေနဲ့ကတော့ ပစ်ခတ်မှုကတော့ ဆက်လက်ပြီးတော့ ဖြစ်နေတာပဲ။ တစ်ရက် တစ်ရက်ပေါ့လေ။ တစ်ရက် တစ်ခါ နှစ်ခါ အဲလိုမျိုး မဖြစ်သည့်တိုင် နှစ်ရက် သုံးရက်တော့ တစ်ခါနှစ်ခါ အဲလိုမျိုးဖြစ်တာပေါ့နော်။ သူတို့ကနေမှ လှုပ်ရှားမှု မပြုဘူးဆိုလို့ရှိရင်တော့ ဒီဘက်မှာလည်း ပစ်ခတ်မှုတွေတော့ ရှိနိုင်မှာမဟုတ်ဘူး”
အခုတိုက်ပွဲတွေ ဖြစ်တဲ့နေရာမှာ KNLA တပ်တွေက နယ်မြေကျွမ်းကျင်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေနဲ့ ပြောက်ကျားတိုက်ခိုက်ရေးစနစ်ကို အဓိကကျင့် သုံးခဲ့တာကြောင့် KNLA ဘက်က ထိခိုက်မှုနည်းခဲ့တာလို့ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။
KNLA တပ်မဟာ (၅) နယ်မြေထဲမှာ စက်တင်ဘာလအတွင်း စစ်တပ်ဘက်က လက်နက်ကြီး ၁၆၁ လုံးထိ ပစ်ခတ်ခဲ့ပြီး အရပ်သား ထိခိုက်ဒဏ်ရာရသူ သုံးဦးရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာတော့ KNLA တပ်မဟာ (၅) ဒေသမှာ တိုက်ပွဲအကြိမ်ရေ (၁၃၀) ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က သေဆုံးသူ ၁၁၈ ဦး၊ ဒဏ်ရာရရှိသူ ၆၈ ဦးရှိခဲ့တယ်လို့ KNLA တပ်မဟာ (၅) က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေ အတွင်းမှာတော့ KNLA တပ်ဘက်က သေဆုံးတာမရှိဘဲ ထိခိုက်ဒဏ်ရာရတဲ့ တပ်သား ငါးဦးပဲရှိခဲ့တယ်လို့ ဆိုပါတယ်။
ကယားပြည်နယ်မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပေါင်း ၁၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၄၀ လောက် သေဆုံးခဲ့ပြီး ကရင်နီပူးပေါင်းတပ်တွေဘက်က သုံးယောက်သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ KNDF တာဝန်ရှိသူတွေက ပြောပါတယ်။
ကယားပြည်နယ်ထဲမှာ ပြီးခဲ့တဲ့တစ်ပတ်လောက်က စစ်အား လူငါးရာလောက် ဖြည့်တင်းတာတွေလည်း ရှိတာကြောင့် နောက်ပိုင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ အမည်မဖော်လိုတဲ့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“KNDF အနေနဲ့ ပြောနိုင်တာ တစ်ခုပဲရှိပါတယ်ခင်ဗျ။ ဘယ်လောက်ထိ စစ်ပွဲအရှိန်အဟုန် မြင့်လာမလဲ ဆိုရင်တော့ စစ်ကောင်စီတွေရဲ့ လှုပ်ရှားမှုတွေအပေါ် မူတည်တယ်။ ကျနော်ထင်တာက ဒီတစ်လ အတွင်းမှာ အကြီးအကျယ်ဆုံး တိုက်ပွဲမျိုးတွေလည်း ဖြစ်လာနိုင်သလို ပုံမှန်တိုက်နေတဲ့ ပုံစံမျိုးတွေ ဖြစ်သွားမယ့် အလားအလာတွေရှိတယ်။ ကျနော်ထင်တာကတော့ အရင်ကထက်ပိုပြီးတော့ ပြင်းထန်တဲ့ တိုက်ပွဲမျိုးတွေပဲ ဆက်ပြီးတော့ လာဖို့ရှိတယ်လို့ပဲ ကျနော် သုံးသပ်ပြီးပြောချင်တယ်ခင်ဗျ”
ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဒေသခံတွေရဲ့ နေအိမ်တွေ ၅၅ လုံးလောက်ကို မီးရှို့ဖျက်ဆီးတာတွေလည်း လုပ်ခဲ့တယ်လို့ သူကဆိုပါတယ်။ တိုက်ပွဲတွေ အတွင်း အရပ်သားထိခိုက်မှုအနေနဲ့ နှစ်ယောက်သေဆုံးပြီး နှစ်ယောက်ဒဏ်ရာရတာရှိတယ်လို့ KNDF ကပြောပါတယ်။
ကရင်ပြည်နယ်နဲ့ ကာယားပြည်နယ်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက် သေဆုံးမှု အရေအတွက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အဲဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ အခု ပြည်နယ်တွေဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်တပ်တွေ ပူးပေါင်းပြီး ခုခံစစ် ဆင်နွှဲနေတာတွေရှိသလို တိုင်းဒေသကြီးမှာလည်း ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေက တိုက်ပွဲတွေဖော်ဆောင်လာတာကြောင့် နောက်ထပ်တိုက်ပွဲ အရှိန်အဟုန်တွေ ဆက်လက်မြင့်တက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“တိုက်ပွဲအရှိန်အဟုန်တွေက မြင့်တက်မှုရဲ့ အစပိုင်းပဲရှိသေးတယ်။ အထွေထွေ ပြည်တွင်းစစ်ကြီးအနေနဲ့ တစ်ပြည်လုံးမှာ ဖြစ်နေတဲ့ အနေအထားတစ်ရပ်ထိ ရောက်ဖို့အတွက်တော့ ဆက်ပြီးတော့ တက်လှမ်း ဦးမယ်လို့ ကျနော်ယူဆပါတယ်။ ဒါကြောင့် အခုလက်ရှိဖြစ်နေတဲ့ စစ်ရေးအခြေအနေတွေဟာ အဆုံးဖြတ်ပေးမယ့် တိုက်ပွဲအဆင့် မရောက်သေးပါဘူး။ အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲအဆင့်ကို ဆက်ပြီးတော့ တက်လှမ်းသွားလိမ့်မယ်လို့ ကျနော်ကယူဆပါတယ်”
စစ်ကောင်စီကို မြန်မာနိုင်ငံလုံးအတိုင်းအတာနဲ့ လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် ခုခံတော်လှန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်နေ့က ကြေညာလိုက်တဲ့နောက်ပိုင်းမှာ တစ်တိုင်းပြည်လုံးမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။
"အရင်ကထက်ပိုပြီးတော့ ပြင်းထန်တဲ့ တိုက်ပွဲမျိုးတွေပဲ ဆက်ပြီးတော့ လာဖို့ရှိတယ်"
အမျိုးသားညီညွတ်ရေး အစိုးရ NUG က စစ်ကောင်စီကို စစ်ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရကတော့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အကြမ်းဖက်တိုက်ခိုက်ပြီး ဖြေရှင်းမှာကို လက်မခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သလို၊ ဗြိတိန်နိုင်ငံကလည်း မြန်မာနိုင်ငံမှာ နောက်ထပ် ပဋိပက္ခတွေကို ထပ်မဖြစ်စေချင် တော့ဘူးလို့ ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကတော့ မြန်မာနိုင်ငံတစ်ဝန်းမှာ အောက်တိုဘာ ၁ ရက်ကနေ လာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ အချိန် ငါးလကြာ အပစ်အခတ်ရပ်စဲသွားမယ်လို့ ကြေညာထားပေမယ့် ကရင်နဲ့ ကယားပြည်နယ်တွေ အပါအဝင် နိုင်ငံတစ်ဝန်းမှာ တိုက်ခိုက်မှုတွေက ဒီနေ့အချိန်အထိဆက်ပြီး ပြင်းထန်နေပါတယ်။