ကယားမှာ အရပ်သားသေဆုံးသူ ၄၅၀ နီးပါး ရှိလာ
ကယားပြည်နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၅ လတာ ကာလအတွင်း အရပ်သား ၄၅၀ နီးပါး သေဆုံးခဲ့ရပါတယ်။
-
RFA Burmese
2023-04-03 -
-
-
စစ်ကောင်စီနဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေတဲ့ ကယားပြည်နယ်အတွင်းမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ မတ်လ ၃၁ ရက်နေ့အထိ အာဏာသိမ်း ၂၅ လအတွင်း အရပ်သား ၄၄၇ ဦး သေဆုံး ခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF တာဝန်ရှိသူက ပြောပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရလို့ သေဆုံးခဲ့ရသူက ၃၁၃ ဦးရှိပြီး၊ စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးခဲ့ရသူက ၁၃၄ ဦး အထိ ရှိခဲ့တယ်လို့ PKPF တာဝန်ရှိသူကပြောပါတယ်။
“ဒီမတ်လအတွင်းမှာဆိုရင် လေကြောင်းပစ်ချခံရလို့ သေဆုံးရတဲ့ ပြည်သူက သုံးယောက်ပေါ့နော်။ ဒီနောက်ပိုင်းက အဓိကကတော့ လက်နက်ကြီးထိမှန်လို့ သေဆုံးရတာက တစ်အချက်ပေါ့နော်။ နောက်တစ်ချက်က စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးရတဲ့ ပြည်သူရယ်၊ စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ သူတွေရယ် နောက်ပြီးတော့ ဆေးဝါးမလုံလောက်မှုကြောင့် ဆေးမကုနိုင်ဘဲသေဆုံးရတဲ့ ပြည်သူရယ်ဆိုပြီး အဲအကြောင်းအရင်း သုံးချက်ကိုတွေ့ရပါတယ်”
အာဏာသိမ်း ၂၅ လတာ ကာလအတွင်းမှာ စစ်ကောင်စီနဲ့ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ အကြိမ်အရေ ၆၅၀ အထိဖြစ်ခဲ့ပြီး လေကြောင်းနဲ့ တိုက်ခိုက်ခံရတဲ့ အကြိမ်အရေအတွက် ၃၁၀ အထိရှိခဲ့တယ်လို့ ဆိုပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားကတော့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က စစ်စည်းကမ်းဥပေဒတွေကို လိုက်နာတာမရှိဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် အရပ်သားတွေ သေဆုံးရမှု ပိုများလာတာလို့ ပြောပါတယ်။
“မည်သည့် အစိုးရဖြစ်စေပေါ့နော် မည်သည့်လက်နက်ကိုင် အဖွဲ့ဖြစ်စေ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု လုံးဝမကျူးလွန်ရဘူး။ စစ်ကောင်စီ ဘက်မှာဆိုလည်း သူတို့ရဲ့ တပ်ပိုင်းဆိုင်ရာ လိုက်နာရမယ့် အချက် ၈၀ ကျော် ရှိတယ်ပေါ့နော်။ အဲအချက်တွေကို ကြည့်မယ်ဆိုရင် နိုင်ငံတကာကနေ သတ်မှတ်ထားတဲ့ တပ်ပိုင်းဆိုင်ရာ စစ်ရာဇဝတ်မှုတွေ မဖြစ်ရလေအောင် လိုက်နာရမယ့် ကျင့်ထုံးတွေနဲ့တူနေတာ အများကြီးရှိပါတယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာ လက်တွေ့ ဖြစ်တဲ့အခါကျတော့ စစ်ကောင်စီဘက်က အထူးသဖြင့် ကျနော်တို့ ခေါ်တာက စစ်ရာဇဝတ်မှုသော်လည်းကောင်း လူသားမျိုးနွယ်စု အပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်တာ တွေ့ရတယ်ပေါ့နော်။ အကာအကွယ်ပေးရမယ့်အစား သူတို့ကိုယ်တိုင်က ကျူးလွန်တဲ့အတွက် အရပ်သား သေဆုံးမှုနှုန်းက ပိုတိုးလာတာပေါ့နော်”
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း တချို့အရပ်သားတွေကို ဒလန်လို့ စွပ်စွဲပြီး ဖမ်းဆီးတာ၊ စစ်ဆေး မေးမြန်းချိန်မှာ သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့ ကိုဗညားကပြောပါတယ်။
တိုက်ပွဲအတွင်းမှာ တော်လှန်ရေး အင်အားစုတွေဘက်က ၂၅၂ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဘက်က ၁၈၈၃ ဦးအထိ သေဆုံးခဲ့တယ်လို့ PKPF က ထုတ်ပြန်ထားပေမယ့် ဒီအပေါ်မှာ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
စစ်ကောင်စီဟာ အာဏာသိမ်း နှစ်နှစ်ကျော်ကာလမှာ လေကြောင်းနဲ့ လက်နက်ကြီးတွေကို အဓိကထားသုံးတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သေဆုံးမှုတွေရှိခဲ့တယ်လို့ ပအိုဝ်း အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ PNDF-KK ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ ဒီဘက်မှာကတော့ လေကြောင်းနဲ့လည်း တိုက်ခိုက်မှုရှိတယ်ပေါ့နော်။ ဒီနောက်ပိုင်း စစ်ကောင်စီကတော့ တိုက်ပွဲလည်းနှစ်နှစ်ကျော် ကာလရှိတဲ့အခါမှာ သူတို့လည်း ပါးနပ်လာတဲ့ အနေအထားတွေရှိတယ်ပေါ့ဗျာ နည်းလမ်းအမျိုးမျိုးနဲ့ပေါ့။ အဓိကတော့ သူတို့သွားနေတဲ့ အနေအထားကတော့ လေကြောင်းအားနဲ့ကော တစ်ဖက်က လက်နက်ကြီး ပစ်ကူမှုတွေကောပေါ့နော်။ ဒီလိုလေယာဉ်နဲ့ တိုက်ခိုက်မှုတွေ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရတာတွေ ကျဆုံးတာတွေလည်း ရှိခဲ့တယ်ပေါ့နော်”
ဧပြီလ ၂ ရက်နေ့ မနေ့က အထိ ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲနဲ့ ကယားပြည်နယ်အတွင်းက ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်နေတယ်လို့ဆိုပါတယ်။
PKPF ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA ကဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ ပြုလုပ်တဲ့ တပ်မတော်နေ့မှာ PDF နဲ့ NUG ကို ကူညီနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ချေမှုန်းမယ်လို့ ပြောဆိုထားပါတယ်။
"အရှေ့ဘက်အခြမ်းမှာ အဆင်မပြေတော့လို့ဆိုပြီး အနောက်ဘက်အခြမ်းကို ထပ်ပြေးလာတဲ့ နှစ်ထပ်စစ်ရှောင်တွေလည်း အများကြီးရှိတယ်။"
ကယားပြည်နယ်အတွင်းမှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် နှစ်သိန်းဝန်းကျင်အထိ ရှိနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ဖော် ပြောဆိုထားပါတယ်။ ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲမြို့နယ် အတွင်းမှာတော့ ထွက်ပြေးနေရတဲ့ ဒုက္ခသည်အရေအတွက် တစ်သောင်း ဝန်းကျင်အထိ ရှိတယ်လို့ ရှမ်းပြည်တောင်ပိုင်းက စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ခန့်မှန်းထားပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းမှာတော့ အခုနှစ် ဇန်နဝါရီလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်က အင်အားဖြည့်တင်းတာ၊ လေကြောင်းနဲ့ တိုက်ခိုက်မှုတွေ ပိုလုပ်လာတာကြောင့် မူလစစ်ရှောင်နေရတဲ့ ဒီးမော့ဆို အရှေ့ဘက်အခြမ်းက ဒုက္ခသည်တွေဟာ ဘေးလွတ်ရာ ဒီးမော့ဆို အနောက်ဘက်အခြမ်း တောတွင်းနေရာတွေ အထိ ထပ်မံထွက်ပြေးနေကြရတယ်လို့ ဒုက္ခသည်တွေအတွက် ကျန်းမာရေး စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးနေတဲ့ မဖူးမော်က ပြောပါတယ်။
“ဒီးမော့ဆိုမှာ မလုံခြုံတော့လို့ဆိုပြီး ဒီးမော့ဆိုအရှေ့ဘက်အခြမ်းကို ပြေးထားတဲ့ စစ်ရှောင်တွေ ရှိတယ်လေ။ အဲဒီစစ်ရှောင်တွေကလည်း အရှေ့ဘက်အခြမ်းမှာ အဆင်မပြေတော့လို့ဆိုပြီး အနောက်ဘက်အခြမ်းကို ထပ်ပြေးလာတဲ့ နှစ်ထပ်စစ်ရှောင်တွေလည်း အများကြီးရှိတယ်။ သူတို့ရှိတဲ့နေရာ သူတို့ပြေးတဲ့ နေရာကိုတော့ မိုဘိုင်းအဖွဲ့တွေက သွားပြီးတော့ ကြည့်ပေးတာလည်း ရှိတာပေါ့နော်။ အခြေအနေက ပြောရမယ်လို့ရင် သူတို့က စိတ်ကြောင့်လည်း ဆိုင်တာပေါ့နော် အများကြီး စိတ်ဓါတ်ကျသွားတယ်။ ပြီးတော့ ဆေးဝါးမလုံလောက်တာလည်း အဓိကဖြစ်နေတယ် စစ်ရှောင်တဲ့အဖွဲ့ထဲမှာ ဆရာ ဆရာမ မပါတာ ဆေးဝါးကိုင်တွယ်နိုင်တဲ့ သူမပါတာကြောင့်လည်း သူတို့အတွက် အများကြီး နစ်နာတာရှိတယ်”
ဒုက္ခသည်တွေ စားသောက်ရေးပိုင်းမှာလည်း ခက်ခဲနေပြီး ရေရှားပါးတဲ့ ဒုက္ခသည် စခန်းတချို့မှာဆိုရင် ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေကြတယ်လို့ မဖူးမော်က ပြောပါတယ်။
အာဏာသိမ်း ၂၅ လတာကာလအတွင်းမှာ စစ်ကောင်စီကို ဆန့်ကျင်လို့ ဖမ်းဆီးခံရသူပေါင်းက ၂၇၉ ဦးအထိ ရှိနေပြီး အဲဒီထဲမှာ သေဒဏ်ကျခံထားရသူ သုံးဦး၊ ထောင်ဒဏ်တစ်သက်ချ မှတ်ခံထားရသူက လေးဦးပါဝင်တယ်လို့ ဆိုပါတယ်။ နှစ်ဖက်တိုက်ပွဲတွေအတွင်းမှာ လက်နက်ကြီးထိမှန်လို့ ဘာသာရေးအဆောက်အအုံ ၃၃ လုံးနဲ့ အရပ်သား နေအိမ် ၁၄၇၃ လုံးအထိ ပျက်စီးခဲ့ရတယ်လို့ PKPF ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။
ဒီစာရင်းတွေကို မြေပြင်မှာ ကိုယ်တိုင်ဆင်းပြီး ကောက်ယူတာရှိသလို ပြည်သူ့ကာကွယ်ရေး အဖွဲ့နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တစ်ဆင့် ကောက်ယူခဲ့တာဖြစ်ပြီး ကယားပြည်နယ်အတွင်းက လူ့အခွင့်အရေး အဖွဲ့တွေကနေတစ်ဆင့် နိုင်ငံတကာ အဖွဲ့အစည်းတွေ သိအောင်ပေးပို့သွားမှာ ဖြစ်တယ်လို့ PKPF တာဝန်ရှိသူကပြောပါတယ်။