ကရင်နီဒုက္ခသည်တွေ မူးယစ်ဆေးဝါးနဲ့အကြမ်းဖက်မှုအန္တရာယ် ရင်ဆိုင်နေရ
ကရင်နီအမျိုးသမီးတွေဟာ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးတဲ့ဒေသက ရောက်ရှိလာတာဖြစ်တဲ့အတွက် စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းအကြမ်းဖက်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ ထုတ်ဖော်တိုင်တန်းရမှန်း မသိနားမလည်ကြဘူးလို့ မော်နိုးမြှာက ပြောပါတယ်။
-
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2023-03-27 -
-
-
မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းကပ်လျှက် ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ခရိုင်မှာ ကရင်နီဒုက္ခသည်စခန်း နှစ်ခုနဲ့ စစ်ရှောင်စခန်းတစ်ခုရှိပါတယ်။
၁၉၉၆ ခုနှစ်က စတင်ဖွင့်ထားတဲ့ Bai Mai Nai Soi ဘန်းမိုင်နမ်းဆွယ်နဲ့ Bai Mai Suring ဘန်းမိုင်ဆူရင်းလို့ ခေါ်တဲ့ ဒုက္ခသည်စခန်း နှစ်ခုမှာ ကရင်နီတိုင်းရင်းသားအများစုပါဝင်တဲ့ အိမ်ထောင်စု ၂၂ဝဝ က ဒုက္ခသည် ၂ဝဝဝဝ ကျော်ခိုလှုံနေကြပြီး ၂ဝ၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းက ထွက်ပြေးလာရသူတွေ ခိုကိုးရာ ဒေါနိုးကူး စစ်ဘေးရှောင်စခန်းမှာတော့ အိမ်ထောင်စု ၃၈ဝ က ဒုက္ခသည် ၂၅ဝဝ ခန့် ရောက်ရှိနေပါတယ်။
ကရင်နီဒုက္ခသည် ကော်မတီအတွင်းရေးမှူး ခူတိုးရယ်က ဒုက္ခသည်တွေအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေထံက ရရှိနေတဲ့ အထောက်အပံ့က နည်းပါးသလို စခန်းပြင်ပထွက်ပြီး အလုပ်လုပ်ကြတာ အနည်းအကျဉ်းရှိပေမယ့်လည်း လုံလောက်ခြင်းမရှိတဲ့အတွက် အမြဲအခက်ကြုံနေရတယ်လို့ RFA ကိုပြောပါတယ်။
“တစ်လ တစ်လ သူတို့စားရတဲ့ စားနပ်ရိက္ခာ လုံလောက်မှုမရှိဘူး။ ပျှမ်းမျှတစ်ရက် ကိုးဘတ်နှုန်း တစ်ယောက်ကို အဲ့လောက်ပဲရှိတယ်။ အပြင်ထွက်လို့လည်းမရ အလုပ်လို့လည်းမရ တခြားဝင်ငွေတွေလည်း မရှိဘူး။ အဲ့ဒါအဓိက သူတို့ရဲ့ အခက်အခဲတွေ။ ဒီစခန်းထဲမှာ သူတို့ နှစ်ပေါင်း ၃ဝ လောက် နေထိုင်လာခဲ့ပြီးပြီ နောက်ထပ် ဘယ်နှနှစ် ဆက်လက်ရုန်းကန်ရမလဲ သေချာတော့ မသိဘူးပေါ့နော်။ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး အဓိကအခက်အခဲဖြစ်တယ်”
အဲဒီ ဒုက္ခသည်စခန်းနှစ်ခုရဲ့ကျန်းမာရေးဆိုင်ရာ ညွှန်ကြားရေးမှူးကတော့ နော်ခူဖေါ လို့ ခေါ်ပါတယ်။ ဆရာဝန် နှစ်ဦးရှိပေမယ့် ဆေးဝါးက အလုံအလောက်မရှိဘူးလို့ ဆရာမက ပြောပါတယ်။
“ပြောမယ်ဆိုရင် လုံလောက်မှု မရှိဘူးပေါ့နော်။ အစုလိုက် အပြုံလိုက်ဖြစ်တဲ့ ရာသီတုပ်ကွေးတွေဆိုရင် ဆေးဝါးက ပြတ်လတ်တာရှိတယ်”
ကိုဗစ်ကာကွယ်ဆေးတွေတော့ သုံးကြိမ်လောက် ထိုးနှံပြီးပြီဖြစ်လို့ သိပ်ပြီး မစိုးရိမ်ရဘူးလို့လည်း ဆရာမ နော်ခူဖေါက ပြောပါတယ်။
အဲဒီဒုက္ခသည်စခန်းဟောင်း နှစ်ခုအပြင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း သြဇာခံစစ်တပ်တွေရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာရသူ ၂၅ဝဝ ခန့်ရှိနေတဲ့စစ်ဘေးရှောင်စခန်းကိုတော့ ဒေါနိုးကူးလို့ ခေါ်ပါတယ်။ နယ်ခြားဆိုပေမယ့် မြန်မာနိုင်ငံပိုင်နက်ထဲမှာပါ။ စခန်းဥက္ကဋ္ဌက စောခါးထယ် ဖြစ်ပါတယ်။ အစားအစာအပြင် နွေရာသီမှာ ရေမလုံလောက်တဲ့ အခက်အခဲရှိတယ်လို့ သူကပြောပါတယ်။
“စားဝတ်နေရေးအပိုင်းကလည်း အလှူရှင်ကြီးကြီးမားမားတော့ မဟုတ်ပါဘူး ကျွန်တော်တို့ ဆွေမျိုး အသိုင်းအဝိုင်းတွေက အဖွဲ့အစည်းတွေအနေနဲ့ လှူဒါန်းတယ်။ အဲ့ဒီကနေပြီး စားသောက်နေရပါတယ်။ နောက်ပြီးတော့ ရေကိစ္စကတော့ ကျွန်တော်တို့ရောက်နေတဲ့ နေရာကလည်း မိုးတွင်းဘက်မှာပဲ ရေသိုလှောင်လို့ ရတယ်။ နွေဘက်မှာတော့ အခက်အခဲရှိတယ်။ ချောင်းကြီးတွေ ရေကန်ကြီးတွေ မရှိတော့ နွေဘက်မှာ ရေအခက်အခဲ ကြုံလာရတာပေါ့။ ပြီးခဲ့တဲ့နှစ် ဒီချောင်းမှာ ရေခန်းတော့ မိုးတွင်းမှာ လှောင်ထားတဲ့ ရေကန်က ရေကို ပြန်သုံးရတော့ အခက်အခဲရှိတယ်”
ဒါ့အပြင် သူတို့နောက်ထပ် စိုးရိမ်ပူပန်နေတဲ့ ပြဿနာတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်မယ့် အန္တရာယ်ပါ။
“စိုးရိမ်ရဆုံးကတော့ လေယာဉ်နဲ့လာပြီး ဗုံးကြဲတာတို့၊ တိုက်ခိုက်တာတို့ အဲ့တစ်ခုကတော့ ကျွန်တော်တို့အတွက်၊ ပြည်သူတွေအတွက်၊ စစ်ရှောင်တွေအတွက် စိုးရိမ်ရဆုံး ကိစ္စပါပဲ။”
KNYO ကရင်နီလူငယ်အစည်းအရုံးက ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ခူးရှားရယ်ကိုလည်း ကျွန်တော် တွေ့ဆုံခဲ့ပါတယ်။ သူတို့လူငယ်တွေ အဆင့်မြင့်ပညာသင်ခွင့်မရရှိတဲ့အတွက် ပညာရေး လမ်းဆုံးနေသလို မူးယစ်ဆေးဝါးသုံးစွဲမှုတွေ များပြားလာမယ့် အန္တရာယ်ကို သူက အတော်စိုးရိမ်နေပါတယ်။
“ရေရှည်မှာ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ပြဿနာရှိလာနိုင်မှာ စိုးရိမ်မိတယ်”
KNWO ကရင်နီအမျိုးသမီးအစည်းအရုံးရဲ့ ဒုဥက္ကဋ္ဌက မော်နိုးမြှာပါ။ သူတို့ကရင်နီအမျိုးသမီးတွေဟာ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးတဲ့ဒေသက ရောက်ရှိလာကြတာဖြစ်သလို ပြည်တွင်းမှာ ဖိနှိပ်မှုမျိုးစုံကို ကြုံတွေ့လာရတာ နှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့အတွက် စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းအကြမ်းဖက်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ ထုတ်ဖော်တိုင်တန်းရမှန်း မသိနားမလည်ကြဘူးလို့ သူကပြောပါတယ်။
“အမျိုးသမီးထုက အကြမ်းဖက်ခံနေရပင်မယ့်လည်း ဖွင့်မပြောရဲဘူးပေါ့နော်။ ကျွန်မတစ်ခုပြောချင်တာက ကျွန်မတို့အဖွဲ့ အမျိုးသမီးထုအားလုံးနဲ့ ရှိနေတယ်၊ ရပ်တည်နေတယ်။ ဝန်ဆောင်မှုတွေလည်း ပေးနေတယ်။ အဲ့ဒီလို အကြမ်းဖက်မှုတွေ ခံရခဲ့ရင် တိတ်ဆိတ်စွာမနေဘဲနဲ့ ကျွန်မတို့ဆီလာပြီး ဝန်ဆောင်မှုရယူဖို့ အကြံပေးချင်တယ်။ ကိုယ်ကိုယ်တိုင်က အကြမ်းဖက်မှု မခံရရင်တောင် ပတ်ဝန်းကျင်က အကြမ်းဖက်ခံရရင် ကျွန်မတို့နဲ့ချိတ်ဆက်ဖို့ အကြံပြုပေးစေချင်တယ်”
အကြမ်းဖက်ခံရမှုတွေကို နှုတ်ဆိတ်နေခြင်းအားဖြင့် အကြမ်းဖက်သမားတွေကို အားပေးရာကျပါတယ်၊ ကျွန်တော်တို့ မီဒီယာတွေအနေနဲ့လည်း အမျိုးသမီးတွေအရေးအတွက် အခုထက် ပိုမိုအာရုံစိုက် တင်ပြပေးကြစေချင်ပါတယ်လို့ မော်နိုးမြှာက ပြောပါတယ်။