လက်နက်ကြီးကြောင့် ကချင်နဲ့ပဲခူးမှာ အရပ်သား ၁၉ ဦး ဒဏ်ရာရ
2023.08.19

နိုင်ငံတစ်ဝန်းက လက်နက်ကိုင် ခုခံမှုတွေကို နှိမ်နင်းဖို့ စစ်မျက်နှာ အများအပြား ဖွင့်ထားရတဲ့ စစ်ကောင်စီတပ်ဟာ စစ်ဆင်ရေးတွေမှာ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ကူတွေကို အဓိကထား အသုံးပြုနေပါတယ်။
သြဂုတ်လ ၁၈ ရက် တစ်ရက်တည်းမှာတင် လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ကချင်ပြည်နယ် ဖားကန့်က အရပ်သား ၁၅ ဦးနဲ့ ပဲခူးတိုင်း ဖြူးမြို့နယ်က အရပ်သားလေးဦး စုစုပေါင်း အရပ်သား ၁၉ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ကချင်ပြည်နယ်မှာ စစ်ဆင်ရေးလုပ်နေတဲ့ ရှမ်းနီအမျိုးသား တပ်မတော် (SNA) က ဖားကန့်မြို့နယ် နန့်ပုတ်ရွာကို မနေ့က လက်နက်ကြီးနဲ့ သုံးကြိမ် ပစ်ခတ်ခဲ့လို့ အရပ်သား ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီထဲက လေးဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ နန့်ပုတ်ရွာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရှမ်းနီဘက်က ထင်ကြေးနဲ့ ပစ်တာပါ။ ဒီမှာ PDF တွေ အစည်းအဝေး လုပ်နေတယ်ဆိုပြီး လက်နက်ကြီးနဲ့ သုံးလုံးလှမ်းပစ်တာ။ အစည်းအဝေးလုပ်တယ်လို့ ထင်တဲ့ အိမ်ထဲကို တစ်လုံးကျတာ၊ ကျန်တာကတော့ မလှမ်းမကမ်းမှာ နှစ်လုံးကျတယ်။ အပြင်းအထန် ဒဏ်ရာရတာကတော့ လေးယောက်ပေါ့။ အကုန်လုံးကတော့ ၁၅ ယောက်ပေါ့။ အစည်းအဝေး လုပ်နေတာလည်း မဟုတ်ဘူး၊ အကုန်လုံးက ဒေသခံတွေချဉ်းပဲ၊ ဆေးကုသမှုကိုတော့ အသင်းကနေပဲ ကူညီပေးနေတာပေါ့၊ ရပ်ရွာထဲမှာတော့ သူ့အမျိုး၊ ကိုယ့်အမျိုးကတော့ အကုန်လုံးက ကြောက်လို့ ပြေးနေကြတာပဲ"
ထိခိုက်ဒဏ်ရာသူတွေဟာ အသက် နှစ်ဆယ် အရွယ်ကနေ အသက် လေးဆယ်ကျော် အရွယ်ရှိတဲ့ အမျိုးသား ဆယ်ဦးနဲ့ အမျိုးသမီးငါးဦး ပါဝင်ပြီး အများစုက ဦးခေါင်း၊ ရင်ဘတ်နဲ့ လက်တွေမှာ လက်နက်ကြီးကျည်စတွေ ထိမှန်ခဲ့တာပါ။
တစ်ချိန်တည်းမှာပဲ ဗန်းမော်မြို့နယ်က ဧရာဝတီမြစ်ကနေ ဆန်တက်လာတဲ့ စစ်သင်္ဘော ကိုးစီးပေါ်ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် စင်းခန်း၊ နမ့်ခုတ်၊ ဘူးတောင်း၊ မြလယ်၊ ကောင်းတုံး၊ စာဝတီး၊ ညောင်ပင်သာ စတဲ့ ကျေးရွာခုနစ်ရွာက အရပ်သား နှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာလို့ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဘူးတောင်းရွာ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
"အခုလိုမျိုး ထွက်ပြေးတာကတော့ ဒီတစ်ကြိမ်ပဲ ရှိသေးတယ်။ ဟိုအရင်တက်တဲ့ သင်္ဘောတွေတုန်းက ကျွန်တော်တို့က သင်္ဘောတက်လာတယ် သတင်းကြားတာနဲ့ ရွှေကူလောက်ရောက်တာနဲ့ တောဘက်ကိုတောင်ပေါ်ဘက်ကို ပြီးကြရင် လုံခြုံတဲ့နေရာဘက်ကို အုတ်ကာထားတဲ့ ဘုရားကျောင်းတွေမှာ ရှောင်ပုန်းကြတာ။ အခုဒီတစ်ခါတော့ အရင်ကထက် ပိုဆိုးတယ်၊ အင်အားလည်းကြီးတယ်။ လေယာဉ်တွေလည်းပါတယ်။ ကျွန်မတို့က ဗန်းမော်အထိ ပြေးခဲ့ကြရတာ"
ဒီစစ်သင်္ဘောတွေဟာ စစ်လက်နက်နဲ့ ရိက္ခာတွေသယ်လာပြီး သြဂုတ်လ ၁၉ ရက်မှာ မြလည်ရွာဆိပ်ကမ်းကနေ ကောင်းတုံရွာဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဒီတစ်ခါတော့ အရင်ကထက် ပိုဆိုးတယ်၊ အင်အားလည်းကြီးတယ်။ လေယာဉ်တွေလည်းပါတယ်။"
အလားတူ ပဲခူးတိုင်း၊ ဖြူးမြို့နယ် ငတိုးခင်ရွာကိုလည်း သြဂုတ်လ ၁၈ ရက် မနေ့ညနေ ၃ နာရီကျော်က စစ်ကောင်စီဘက်က ၁၂၀ မမ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့တာကြောင့် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဒဏ်ရာရသူ လေးဦးရှိပါတယ်။ ဦးအေးလှိုင် ၄၅ နှစ် နောက်ကျောဒဏ်ရာရတယ်။ စိုးရိမ်ရတယ်။ သူကငတိုးခင် ရွာသားပဲ။ စောဖားကလော် ၇၅ နှစ် သူက နားထင်ဘေးကို ထိမှန်တယ်၊ မစိုးရိမ်ရဘူး။ သူကကြတော့ ငတိုးခင်ရွာကို လာပြီး စစ်ဘေးရှောင်နေတဲ့သူ။ မသဇင်ဝေ ၂၁ နှစ် သူကပေါင်မှာ ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး၊ ငတိုးခင်ရွာပဲ။ နောက် မသန်းကေသွယ် ၁၇ နှစ် ပေါင်မှာဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ သူလည်း ငတိုးခင်ရွာကပဲ။ မြို့အခြေတွေကို PDFတို့ ပူးပေါင်းတပ်ဖွဲ့တွေ တဖြည်းဖြည်း ကပ်လာတော့ အဲဒီကျေးရွာတွေကို မလာရဲအောင်ဆိုပြီး ခြောက်လှန့်ပြီးတော့ ကျေးရွာတွေကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ထည့်တာ"
ငတိုးခင်ရွာ အနီးမှာရှိတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၄၃၉ က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒီလိုတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ် စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ တည်ငြိမ်မှု မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးပေါ်ကာလကို သြဂုတ်လ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ ခြောက်လ သက်တမ်းတိုးထားပါတယ်။
အဲဒီလို သက်တမ်းတိုးပြီးကတည်းက လက်နက်ကိုင်ခုခံမှုတွေ ရှိနေတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ တိုးမြှင့် လုပ်ဆောင်လာတာပါ။ စစ်တပ်က စစ်ဆင်ရေးတွေ အရှိန်မြှင့်လိုက်ကတည်းက အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း မြင့်လာနေပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) က သြဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်တဲ့ နှစ်ချုပ်အစီရင်ခံစာမှာတော့ မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ စစ်သွေးကြွအဖွဲ့တွေဟာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့ အကြိမ်အရေအတွက် ပိုများလာရုံတင်မကဘဲ အရှက်အကြောက်ကင်းမဲ့စွာနဲ့ ပြောင်ပြောင်တင်းတင်း ကျူးလွန်လာတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။