စစ်ရာဇဝတ်မှုမှာ တာဝန်အရှိဆုံးလူကို တရားစွဲဆိုဖို့ ဆောင်ရွက်နေကြောင်း IIMM ပြောကြား

စစ်ကောင်စီဟာ ရာဇဝတ်မှုတွေကို တရားလက်လွတ်ကျူးလွန်မှုတွေကို ဘယ်သူမှ ပြစ်ဒဏ်မခံရသေးတာဟာ ပိုကျူးလွန်ဖို့ အခွင့်ပေးသလိုဖြစ်နေတယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian)။

စစ်ကောင်စီဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတစ်ဝန်းမှာ ပြင်းပြင်းထန်ထန် ကျူးလွန်နေတဲ့ အထောက်အထား အများအပြားတွေ့ရှိထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့က သြဂုတ် ၁၃ ရက်က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ IIMM အကြီးအကဲ နီကိုလက်စ်ခွန်ဂျန် က ပြောပါတယ်။

"အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ၊ စာသင်ကျောင်းတွေ ဘုရားကျောင်းတွေနဲ့ ဆေးရုံတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပိုပိုများလာတာတွေ့ရတယ်"

ဒါ့အပြင် ခေါင်းဖြတ်တာ၊ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ရုပ်အလောင်းတွေနဲ့ လိင်အင်္ဂါဖြတ်ထားတဲ့ ရုပ်အလောင်းတွေကို လူမြင်ကွင်းမှာ ပြသတာအပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ဖမ်းဆီးခံရသူတွေကို ကိုယ်လက်အင်္ဂါဖြတ်တောက်တာတွေ ပါဝင်တယ်လို့ IIMM က ဖော်ပြပါတယ်။

စစ်ကောင်စီဟာ ရာဇဝတ်မှုတွေကို တရားလက်လွတ်ကျူးလွန်နေပေမဲ့ ဒီအတွက် ဘယ်သူမှ ပြစ်ဒဏ်မခံရသေးတာဟာ ပိုကျူးလွန်ဖို့ အခွင့်ပေးသလိုဖြစ်နေတယ်လို့လည်း နီကိုလက်စ်ခွန်ဂျန်က ပြောပါတယ်။

စစ်ကောင်စီဟာ သူ့ကိုဆန့်ကျင်တယ်လို့ သံသယရှိတဲ့ ထောင်နဲ့ချီတဲ့လူတွေကို မတရား ဖမ်းဆီးချုပ်နှောင် အကျဉ်းချတာ၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာ၊ လျှပ်စစ်နဲ့ရှော့တိုက်တာ၊ လည်ပင်းညှစ်တာ၊ အိပ်မရအောင်လုပ်တာ စတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ညှဉ်းပန်းနှိပ်စက်မှုတွေ စနစ်တကျ ကျူးလွန်ခဲ့တဲ့ အထောက်အထား အများအပြား IIMM က ရရှိထားတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အုပ်စုဖွဲ့ မုဒိမ်းကျင့်တာ၊ လိင်အင်္ဂါ အစိတ်အပိုင်းတွေကို မီးရှို့တာနဲ့ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုကျူးလွန်တဲ့ အထောက်အထားတွေလည်း တွေ့ရတယ်လို့ IIMM ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။


ဆက်နွှယ်သောသတင်းများ

စစ်ကောင်စီ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း IIMM အစီရင်ခံစာထုတ်ပြန်

မြောက်ခင်ရန်းရွာ လူငယ်နှစ်ဦး မီးရှို့သတ်ဖြတ်ခံရမှု IIMM စိစစ်နေ

အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေသေဆုံးရမှု ကုလ ပြင်းပြင်းထန်ထန်ရှုတ်ချ


စစ်ကောင်စီရဲ့ စစ်ကြောရေးတွေမှာ လူမဆန်ကြမ်းကြုတ်တဲ့ အခြေနေတွေနဲ့ စစ်မေးခံခဲ့ရတဲ့ အမျိုးသမီးတွေ ရှိခဲ့တဲ့အကြောင်း နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) တာဝန်ခံ မဇူးဇူးမေယွန်း က ပြောပါတယ်။

"အဖမ်းခံလိုက်ရတဲ့နေရာမှာပဲ လက်ထိပ်ကိုနောက်မှာခတ်ပြီးတော့ နောက်ကနေ မုဒိမ်းကျင့်ပြီး သူတို့ရဲ့ သုတ်ရည်ကို အမျိုးသမီးခန္ဓာကိုယ်ပေါ်ကို ဖြန်းတာမျိုး အဲလိုမျိုးပေါ့ ကြုံလာရတဲ့ အမျိုးသမီးတွေရဲ့ရင်ဖွင့်တာကိုလည်း သိခဲ့ရတယ်ပေါ့နော်၊ ပြီးတဲ့အခါကျတော့ ကိုယ်နဲ့တူတူနေတဲ့ အဖမ်းခံလိုက်ရတဲ့ညီမတွေဆိုရင် အမျိုးသမီးအင်္ဂါတွေကို နံပါတ်တုတ်တွေနဲ့ ထိုးတာမျိုး မျက်လုံးအိမ်တွေ၊ ခန္ဓာကိုယ်အနှံ့မှာ ရစရာမရှိအောင် ဒဏ်ရာ ဒဏ်ချက်တွေနဲ့ပေါ့၊ သွေးစိမ်းထွက်နေတဲ့ သွေးတွေကိုတောင် ဆေးဝါးတောင် ကုသခွင့်မရတဲ့ အနေအထားတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတွေနဲ့လည်း ဆုံခဲ့ရတယ်ပေါ့နော်၊ ဒီခြေထောက်တွေကို ဒလိမ့်တုံးလား အဲတာတွေနဲ့ လှိမ့်တာမျိုး၊ ဒီခန္ဓာကိုယ်ကို သူတို့ရဲ့ ဆေးလိပ်မီးတွေနဲ့ တို့ပြီးတော့ ဒါအမျိုးသမီးတွေကိုတောင် သူတို့အဲလိုမျိုးလုပ်ပြီးတော့ စစ်ဆေးတာမျိုးထိခံရတဲ့ အမျိုးသမီးတွေလည်း ရှိတယ်ပေါ့နော်"

စစ်ကောင်စီကြောင့် သေဆုံးသူတွေထဲမှာ ကလေးငယ်တွေပါဝင်သလို ကျား၊ မ အသက်အရွယ် အမျိုးမျိုးပါဝင်တယ်လို့လည်း IIMM အဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီက မြန်မာပြည်သူတွေကို မလေးစားဘဲ မင်းမဲ့စရိုက်နဲ့ ဆက်ဆံနေတာလို့ မဇူးဇူးမေယွန်းက ထပ်လောင်းပြောပါတယ်။

"ယောက်ျားမတွေ့လို့ အမျိုးသမီးကို ဖမ်းလာတဲ့ထဲမှာ ကိုယ်ဝန်သည်တွေပါတယ်၊ အဲလိုအမျိုးသမီးတွေကိုက အစ သူတို့က ဖမ်းတယ်၊ ပြီးတဲ့အခါကျရင် သားသမီးကို မျက်စိရှေ့မှာ ပစ်သတ်လိုက်ပြီးတော့ သားသမီးကို သင်္ဂြိုလ်ခွင့်တောင်မရဘဲနဲ့ ဒီအဖေအမေကိုပါဆွဲခေါ်ပြီး ထောင်ထဲထည့်လိုက်တာမျိုးတွေလည်း ရှိတယ် ပေါ့နော်၊ ဒါတွေသည်ပြည်သူတွေဖြစ်တယ်ပေါ့နော်၊ စစ်ကောင်စီက ဒီမြန်မာပြည်မှာရှိတဲ့ မိခင်တွေ၊ ကလေးငယ်တွေ၊ အမျိုးသမီးငယ်တွေကို မလေးစားကြဘူး မင်းမဲ့စရိုက်နဲ့ လုပ်ဆောင်နေကြတာပေါ့နော်"

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားသည့် ဒေသခံတစ်ဦးအား ၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့က ပရဟိတအဖွဲ့ဝင်တချို့ သယ်ဆောင်လာစဉ်။ (Photo : PSLF/TNLA News)

IIMM ရဲ့ အစီရင်ခံစာကို မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက် လေးရာကျော်၊ သတင်းရင်းမြစ် ကိုးရာကျော် ဆီကနေ စုဆောင်းရရှိထားတဲ့ အချက်အလက်နဲ့ အထောက်အထားတွေကို အခြေခံရေးသားထားတာဖြစ်ပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အသံဖိုင်တွေ၊ စာရွက်စာတမ်းတွေ၊ မြေပုံနဲ့ ဂြိုလ်တုပုံရိပ်တွေ၊ ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ မှုခင်းဆေးပညာဆိုင်ရာ အထောက်အထားတွေ ပါဝင်တယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ရာဇဝတ်မှုကျူးလွန်တဲ့သူတွေကို နိုင်ငံတကာဥပဒေတွေအပြင် နောက်ပိုင်းမှာ NUG ရဲ့ ပြည်တွင်းဥပဒေတွေနဲ့လည်း အရေးယူသွားဖို့ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော် က ပြောပါတယ်။

"အကြမ်းဖက်စစ်ကောင်စီမှာဆိုရင် အာဏာရူးမင်းအောင်လှိုင် ထိပ်ဆုံးမှာပေါ့နော်၊ သူဟာ လူတိုင်းပြောနေတယ်၊ တကယ့် စစ်ရာဇဝတ်ကောင်၊ သူဆိုရင်လည်း ကျွန်တော့်အမြင်ပြောရရင်တော့ နိုင်ငံတကာ ဥပဒေအရဆိုရင် အမြင့်ဆုံး အပြစ်ပေးခံရမယ့်သူ ဖြစ်ပါတယ်၊ ထို့အတူပဲ သူ့အလိုကျ အမိန့်ပေးနေတဲ့သူတွေ ကျူးလွန်နေတဲ့သူတွေမှာလည်း ထိုက်သင့်သလို အပြစ်ဒဏ်တွေရှိမယ်၊ အဲတာတွေကတော့ IIMM ကတော့ နိုင်ငံတကာဥပဒေအရ ဆောင်ရွက်နေတာဖြစ်သလို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အနေနဲ့ကလည်း လွတ်မြောက်တဲ့ နယ်မြေတွေများလာတာနဲ့အမျှ တရားဥပဒေစိုးမိုးရေးတွေ တည်ဆောက်နေတယ်၊ အဲဒီအခါမှာလည်း ကျွန်တော်တို့ရဲ့ ပြည်တွင်းဥပဒေတွေအရလည်း ကျွန်တော်တို့ အရေးယူအပြစ်ပေးမှာ သူတို့ခံရမှာဖြစ်ပါတယ်"

နိုင်ငံတကာမှာဆိုရင်လည်း စစ်ရာဇဝတ်မှုကျူးလွန်တဲ့ စစ်ခေါင်းဆောင်ဟောင်းတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကနေ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအပါအဝင် နှစ်ရှည်ထောင်ဒဏ်တွေနဲ့ အပြစ်ပေးအရေးယူတဲ့ သာဓကတွေရှိကြောင်းလည်း ဦးကျော်ဇော်က ထောက်ပြပါတယ်။

ဒီရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး တာဝန်အရှိဆုံးသူကို နိုင်ငံတကာဥပဒေတွေနဲ့ တရားစွဲဖို့ ပြင်ဆင်နေတယ်လို့လည်း IIMM အဖွဲ့ အကြီးအကဲက ဆိုပါတယ်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံလာကြသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည်များ။ (Photo : AFP)

မြန်မာစစ်တပ်ရဲ့ ၂၀၁၆ နဲ့ ၂၀၁၇ တုန်းက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ အစောပိုင်းရာဇဝတ်မှုတွေကိုလည်း ဆက်စုံစမ်းစစ်ဆေးနေတယ်လို့ IIMM အဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ကိုတိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရာဇဝတ်မှုတွေနဲ့ သက်ဆိုင်တဲ့ အထောက်အထား တွေလည်း ခိုင်လုံစွာ ရရှိထားပြီ အဲထဲမှာ စစ်တပ်သတင်းပေးတွေ (ဒါမှမဟုတ်) စစ်တပ်နဲ့ပူးပေါင်းတယ်လို့ သံသယရှိတဲ့သူတွေကို တရားမဝင်ကွပ်မျက်တာတွေပါဝင်တယ်လို့ IIMM ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org