စစ်ကောင်စီက သတင်းသမားတွေကို ဆက်လက် ထောင်ချနေဆဲ
နိုဝင်ဘာ ၁၇ ရက်နေ့က စစ်ကောင်စီပြန်လွှတ်ပေးတဲ့ အကျဉ်းသား ၆,၀၀၀ နီးပါးမှာ သတင်းထောက် လေးဦးသာ ပါဝင်ပါတယ်။ သူတို့အားလုံး နိုင်ငံရေး ပုဒ်မ - ၅၀၅ (က)၊ ၅၀၅ (ခ) နဲ့ ထောင်နှစ်နှစ်စီ ချမှတ်ခံခဲ့ရပြီး လွတ်ရက်စေ့ဖို့ လပိုင်း၊ ရက်ပိုင်းသာလိုတော့တဲ့သူတွေ ဖြစ်ပါတယ်။
-
RFA Burmese
2022-11-29 -
-
-
နိုဝင်ဘာ ၁၇ ရက်နေ့က စစ်ကောင်စီပြန်လွှတ်ပေးတဲ့ အကျဉ်းသား ၆,၀၀၀ နီးပါးမှာ သတင်းထောက် လေးဦးသာ ပါဝင်ပါတယ်။ သူတို့အားလုံး နိုင်ငံရေး ပုဒ်မ - ၅၀၅ (က)၊ ၅၀၅ (ခ) နဲ့ ထောင်နှစ်နှစ်စီ ချမှတ်ခံခဲ့ရပြီး လွတ်ရက်စေ့ဖို့ လပိုင်း၊ ရက်ပိုင်းသာလိုတော့တဲ့ သူတွေ ဖြစ်ပါတယ်။
ရာဇဝတ်အကျဉ်းသားအများစုကို လွတ်ငြိမ်းခွင့်ပေးပြီး တစ်ပတ်အကြာ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ဖမ်းဆီးခံထားရတဲ့ သတင်းစာ ဆရာ ဦးစည်သူအောင်မြင့်နဲ့ အလွတ်သတင်းထောက် မသူဇာ ခေါ် အလှလေး သူဇာတို့နှစ်ဦးကို အင်းစိန်ထောင်တွင်း တရားရုံးကနေ ထောင်နှစ်နှစ်စီ အမိန့်ချလိုက်ပါတယ်။
"ဗမာပြည်မှာဖြစ်နေတဲ့ အခြေအနေမှန်တွေကို တင်ပြနေတဲ့ သတင်းဌာနတွေ မရှိအောင်လုပ်ဖို့က သူတို့က အရေးကြီးနေပါတယ်"
မှန်မှန်ကန်ကန် ရေးသားဖော်ပြနေတဲ့ ဝါရင့်သတင်းစာဆရာ တစ်ယောက်ကို အခုလို ထောင်ဒဏ်တွေ ချမှတ်နေတာဟာ သတင်းသမားအားလုံး အကြောက်တရားအောက်မှာ အလုပ်လုပ်နေရတယ်ဆိုတာကို ပေါ်လွင်စေတယ်လို့ ဦးစည်သူအောင်မြင့်ရဲ့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။
“သြော် ဒါကတော့ မတရားဘူးပေါ့။ ကိုယ်က ပေါက်ကရ လျှောက်ရေးနေတာလည်း မဟုတ်ဘူးလေ။ ဒီလိုမျိုး အချက်နဲ့အလက်နဲ့ သေသေချာချာ ထောက်ပြရေးတဲ့လူ တောင်မှပဲ သူတို့က ထောင်ချတယ်ဆိုတာကတော့ ဒါက မတရားဘူးပေါ့။ သတင်းစာ လွတ်လပ်ခွင့်လည်း မရှိဘူးပေါ့နော်။ အားလုံးက ကြောက်နေရတာပေါ့။ ဘာရေးရေး ကိုယ့်အမြင်လည်း ပြောပိုင်ခွင့် မရှိဘူးဆိုတော့ ရေးတာနဲ့ ထောင်ချခံရဖို့လမ်းက များနေတာလေ”
သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို တပ်တွင်းဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ - ၅၀၅ (က) နဲ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ အင်းစိန် ထောင်တွင်းတရားရုံးက ထောင်နှစ်နှစ် ထပ်ချလိုက်တာပါ။ သူဟာ ပုဒ်မ - ၅၀၅ (က) နဲ့ပဲ နှစ်မှုခွဲ တရားစွဲခံထားရပြီး အောက်တိုဘာ ၇ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ် ချမှတ်ခံထားရပြီးပါပြီ။ နောက်ထပ်လည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ - ၁၂၄ (က) နဲ့ ထပ်မံတရားစွဲ ခံထားရပါတယ်။
အလွတ် သတင်းထောက် မသူဇာလည်း အဖမ်းခံထားရတာ တစ်နှစ်နီးပါးရှိပြီမို့ နိုဝင်ဘာ ၁၇ ရက် လွတ်ငြိမ်းခွင့်မှာ ပြန်လွတ်လာမလားဆိုပြီး ခင်ပွန်းဖြစ်သူ ကိုရဲကိုက အင်းစိန် ထောင်ရှေ့ မိုးရေထဲမှာ တစ်နေကုန် သွားစောင့်နေခဲ့ပါတယ်။ ဒါပေမဲ့ ည ၇ နာရီ ထိုးတဲ့အထိ မသူဇာ ပြန်လွတ်မလာဘဲ တစ်ပတ်အကြာ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ဦးစည်သူအောင်မြင့်နဲ့ တစ်ရက်တည်း အင်းစိန်ထောင်တွင်းတရားရုံးကနေ ထောင်နှစ်နှစ် ချမှတ်ခံလိုက်ရတာပါ။
သူ့ဇနီး အပါအဝင် သတင်းထောက်အားလုံးဟာ စစ်ကောင်စီရဲ့ လက်ခုပ်ထဲကရေလို ဖြစ်နေတာကြောင့် လွှတ်ပေးခြင်း၊ မလွှတ်ပေးခြင်းဟာ စစ်ကောင်စီအပေါ်မှာပဲ မူတည်နေတယ်လို့ ခင်ပွန်းဖြစ်သူ ကိုရဲကိုက RFA ကို ပြောပါတယ်။
“အစောကြီးကတည်းက ကျနော်တို့မှာ အပြစ်ရှိလို့ ကျနော်တို့ အဖမ်းခံထိတာမှ မဟုတ်တာ။ အပြစ်မရှိဘဲ အဖမ်းခံရတာ။ ဒါသူတို့ လက်ခုပ်ထဲက ရေပဲလေ။ လွှတ်ပေးချင် လွှတ်ပေးမယ်။ မလွှတ်ပေးချင်၊ မလွှတ်ပေးဘူး။ သူ့အတွက်လည်း ထွေထွေထူးထူး ပြောစရာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့လုပ်တဲ့ အလုပ်တစ်ခုကို ပရော်ဖက်ရှင်နယ် လုပ်တယ်။ ပရာ်ဖက်ရှင် နယ်ကိုပဲ သူတို့က အရေးယူဆောင်ရွက်တယ်။ ဒါက သူတို့အပိုင်း။ သူတို့ လွှတ်ပေးသည်ဖြစ်စေ၊ မလွှတ်ပေးသည်ဖြစ်စေ ကျနော်တို့က ကျေးဇူးတင်နေရမယ့်သူလည်း မဟုတ်ဘူး”
မသူဇာဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ အဖမ်းခံခဲ့ရပြီး ၁၆ လအကြာမှာ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံရတာဖြစ်လို့ ချုပ်ရက်တွေနှုတ်ပြီး နှစ်နှစ်ပြည့်တဲ့အခါမှာ ပြန်လွတ်လာဖို့ကိုပဲ ခင်ပွန်းဖြစ်သူက မျှော်လင့်ထားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သတင်းထောက်တွေကို သတင်းအလုပ်လုပ်လို့ ဖမ်းဆီးတာမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
“မီဒီယာသမားတွေကို မီဒီယာလုပ်လို့မိုလို့ တရားစွဲဆိုနေတာ မဟုတ်ဘူး။ သူတို့တွေ အနေနဲ့ သက်ဆိုင်တဲ့ ရာဇဝတ် ပြစ်မှုတွေအရပဲ တရားစွဲဆိုတာဖြစ်တယ်။ ဒီနေရာမှာ ကျနော် ပြောချင်တာကတော့ မြန်မာနိုင်ငံမှာ မီဒီယာသမား ပေါင်းများစွာရှိပါတယ်။ နိုင်ငံခြား သတင်းဌာနပေါင်းများစွာလည်းရှိပါတယ်။ သူတို့အနေနဲ့လည်း မဟုတ်မမှန် တာတွေကို ရှောင်ပြီးတော့ကျ ရှောင်ရှားပြီး ရေးနေတာပဲလေ။ ဒီလူတွေ အနေနဲ့ ကလည်း ဒီသတင်းထောက်တွေအနေနဲ့လည်း အေးချမ်းစွာ နေထိုင်တယ်။ သတင်းရယူ နေတယ်ဆိုတာလည်း အားလုံးတွေ့မြင်နိုင်တယ်လို့ ပြောလိုပါတယ်ခင်ဗျ”
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မီဒီယာကို စတုတ္ထမဏ္ဍိုင် အဖြစ် အသိအမှတ်ပြုထားဆဲလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
Delta News Agency ရဲ့ အယ်ဒီတာချုပ် ကိုစိုးရကတော့ စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက် နိုင်ငံတစ်ဝန်းက မတရားမှုတွေကို ထုတ်ဖော်ရေးသားနေတဲ့ သတင်းသမားတွေကို စစ်ကောင်စီက နိုင်ငံရေးလှုပ်ရှားသူတွေနဲ့တန်းတူ ရန်သူအဖြစ် သတ်မှတ်ထားတယ်လို့ ဝေဖန်ပါတယ်။
“ဒီသတင်းသမားတွေတင် မဟုတ်ဘူးပေါ့နော်။ သူ့ရဲ့ အတိုက်အခံပေါ့နော်။ အဓိကကတော့ စစ်တပ်ကတော့ သူက စစ်တပ်လို စဉ်းစားတာပဲ။ သူ့ရဲ့အတိုက်အခံနဲ့ ရန်သူတွေကို ရန်သူလိုသဘောထားပြီးတော့ တုံ့ပြန်တာပဲ။ သူ့ရဲ့ အကြောက်ဆုံးနဲ့ အမုန်းဆုံးထဲမှာ မီဒီယာသမားတွေလည်း ပါတဲ့အတွက် မီဒီယာသမားတွေကိုလည်း တခြားနိုင်ငံရေးသမားတွေ အတိုက်အခံသမားတွေလိုပဲ သူ့ဘက်ကတော့ ပြတ်ပြတ် သားသားနဲ့ ရက်ရက်စက်စက် တုံ့ပြန်နေတုန်းပဲ။ ထောင်တွေ ချနေတုန်းပဲ။ အဲဒီဟာကတော့ ထင်သာမြင်သာရှိတဲ့ အချက်ပေါ့”
လက်ရှိအချိန်အထိ လွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ သတင်းထောက်တွေဟာ ပြည်တွင်းမှာ ပေါ်ပေါ်ထင်ထင် အလုပ်လုပ်ခွင့် မရဘဲ အာဏာပိုင်တွေနဲ့ ထိပ်တိုက် မတွေ့အောင် ရှောင်တိမ်းရင်း ခက်ခက်ခဲခဲ အလုပ်ဆက်လုပ်နေရတယ်လို့ ပြည်တွင်း သတင်းသမားတွေက ပြောပါတယ်။
မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို တင်ပြနေတဲ့ သတင်းဌာနတွေကို လုံးဝမရှိစေချင် တာကြောင့် စစ်ကောင်စီက အခုလို ဖိနှိပ်နေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“သူတို့ အကြမ်းဖက်မှုကြောင့်ဖြစ်တာ မဟုတ်ဘဲနဲ့ PDF တွေရဲ့လက်ချက်ကြောင့် သူတို့က လုပ်နေရပါတယ်ဆိုပြီးတော့ ကမ္ဘာကြီးကို ဆက်ပြီးတော့ လိမ်ညာဖို့ ကြိုးစားနေတဲ့အချိန်မှာ ဒီဖြစ်ရပ်မှန်၊ ဗမာပြည်မှာဖြစ်နေတဲ့ အခြေအနေမှန်တွေကို တင်ပြနေတဲ့ သတင်းဌာနတွေ မရှိအောင်လုပ်ဖို့က သူတို့က အရေးကြီးနေပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ လိမ်လည်မှုတွေကို ဖော်ထုတ်ဖွင့်ချပြနေတဲ့ မီဒီယာအင်အားစု တွေမှန်သမျှကို သူတို့က ဖမ်းတယ်။ တရားရုံးတင်တယ်။ နှစ်ရှည်ထောင်တွေ ချတယ်ဆိုတဲ့ လုပ်ငန်းတွေကို ဆက်တိုက်လုပ်လာတာ ဖြစ်ပါတယ်ခင်ဗျ”
ကရင်၊ ကယား၊ ချင်း၊ စစ်ကိုင်း၊ မကွေး စတဲ့ဒေသတွေမှာ စစ်ကောင်စီကျူးလွန်နေတဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို သတင်းမီဒီယာတွေက ဖော်ထုတ်ရေးသားနေလို့သာ ပြည်သူလူထု သိရှိခွင့်နေတာလို့လည်း ဦးသန်းစိုးနိုင်က ဖြည့်စွက်ပြောဆိုသွားပါတယ်။
RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ ဂျပန်သတင်းထောက် ကူဘိုတာ အပါအဝင် သတင်းသမား ၁၄၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ကတော့ အဖမ်းခံရပြီး ရက်ပိုင်းအကြာ စစ်ကြောရေးမှာတင် နှိပ်စက်ညှဉ်းပန်းခံရပြီး သေဆုံးခဲ့ပါတယ်။
ဆက်လက် အကျဉ်းကျခံနေရသူ ၁၄၂ ဦးအနက် နိုဝင်ဘာ ၁၇ ရက်နေ့အထိ သတင်းသမား ၉၅ ဦး ပြန်လွတ်လာတာကြောင့် ဦးစည်သူအောင်မြင့်နဲ့ မသူဇာတို့ အပါအဝင် သတင်း သမား ၄၇ ဦး လက်ရှိအချိန်ထိ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးအကျဉ်းချခံထားရဆဲ ဖြစ်ပါတယ်။