ကျောက်မျက်သမားတွေ မိုးကုတ်မှာ ဆန္ဒပြ
2019.10.27

တရားမျှတမှုရှိတဲ့ သယံဇာတခွဲဝေမှုတွေ ဖြစ်ဖို့ဆိုပြီး မိုးကုတ်မြို့က ဒေသခံ လက်လုပ်လက်စား ကျောက်သမား ၅၀၀ ခန့်ဟာ ဒီကနေ့ မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်မြို့မှာ ဆန္ဒပြ တောင်းဆိုကြပါတယ်။
တနိုင်တပိုင် ကျောက်မျက်ရှာဖွေတဲ့ လက်လုပ်လက်စားတွေအတွက် မိုးကုတ်မြို့ ကျောက်မျက်လုပ်ကွက် လျာထားသတ်မှတ်ချက်ဟာ သင့်တော်မျှတမှုမရှိဘူးလို့ ယူဆတဲ့အတွက် မိုးကုတ် ဒေသခံအများအပြားက ဒီနေ့ ဆန္ဒပြကြပါတယ်။
ဆန္ဒပြ ကျောက်မျက်သမားတစ်ယောက်ဖြစ်တဲ့ ကျောက်ပြဿဒ်ရွာက ကိုဇော်ဝင်း ပြောတာက ---
"သွားရတာ ဝေးလံခေါင်သီတယ်။ မြေလွတ်၊မြေလပ်မြေရိုင်း ဆိုတာကလည်း မရှိသလောက် ရှားတယ်။ ကျောက်ကလည်း အဲ့ဒီနေရာတွေမှာ ခေတ်အဆက်ဆက်က မထွက်တာ။ အဲဒီနေရာတွေမှာ တွင်းလုပ်ထားတယ်ဆိုတဲ့ အကွက်မျိုးတစ်ခုမှမရှိဘူး"
အဲဒီလို သတ်မှတ်ထားတာနဲ့ပတ်သက်လို့ တရားမျှတတဲ့ သယံဇာတ စီမံခန့်ခွဲမှုပေါ်ပေါက်ရေးဆိုကာ ဒေသခံ ၅၀၀ ခန့်က ဒီကနေ့ မိုးကုတ်မြို့ အနောက်ရပ် ကျပ်ပြင်မြို့မှာ ဆန္ဒထုတ်ဖော်ကြတာပါ။
လက်ရှိ ကျောက်မျက်ဥပဒေအရ မြန်မာတစ်နိုင်ငံလုံးက ကျောက်မျက်ထွက်ရှိတဲ့ဒေသတွေမှာ ဒေသခံ လက်လုပ်လက်စားတွေအတွက် လုပ်ကွက်တွေ ချထားပေးဖို့ ပါရှိပါတယ်။ လက်လုပ်လက်စားတွေအတွက် သတ်မှတ်ထားတဲ့ နေရာတွေဟာ ကျောက်ထွက်နည်းတယ်လို့ ဒေသခံတွေက ပြောကြတာပါ။
၂၀၁၉ ခုနှစ် ကျောက်မျက်ဥပဒေကို ပြဌာန်းပြီးဖြစ်ပေမယ့် နည်းဥပဒေ ထွက်ပေါ်ဖို့ ကျန်ပါသေးတယ်။
ဒါကြောင့် နည်းဥပဒေထွက်လာတဲ့အခါ လက်လုပ်လက်စားတွေအတွက် သတ်မှတ်ထားတဲ့ နေရာကို ပြင်ဆင်လို့ မရတော့မှာ စိုးရိမ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်သူ ဦးဇော်ဝင်း က ပြောပါတယ်။
ဘူမိဗေဒ လေ့လာရေးနဲ့ ဓာတ်သတ္တု ရှာဖွေရေး ဦးစီးဌာန တိုင်းတာပေးတဲ့အတိုင်း သတ်မှတ်တာဟာ မဖြစ်သင့်ဘူးလို့ ဦးဇော်ဝင်း က ဆက်ပြောပါတယ်။
“ကျောက်ထွက်တဲ့ နေရာတွေကိုမပေးဘဲ ကျောက်မထွက်တဲ့နေရာတွေကို ဘာလို့ပေးတာလဲ၊ ဥပဒေမှာ အသေးစား၊ အလက်စား၊ လက်လုပ်စား ရှိတယ်။ ဘူမိကတိုင်းပေးတဲ့အတိုင်းပေးတာ လက်မခံဘူး၊ ဥပဒေထွက်လာရင် ဒီနေရာက အတည်ဖြစ်မှာစိုးလို့ လမ်းပေါ်ထွက်ရခြင်းဖြစ်တယ်"
ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်သူ ကပိုင်ရွာက ဒေါ်ဝင်းဝင်းဖြိုးကလည်း--
“လက်ဝါးကြီးအုပ်မယ်၊ ဓနရှင်တွေချပေးမယ်ဆို အခက်အခဲဖြစ်ပါမယ်"
ဆန္ဒပြသူတွေဟာ အရင်လုပ်ကွက်တွေအတွင်းမှာ လက်လုပ်လက်စားလုပ်ကွက်တွေ ချထားပေးဖို့နဲ့ လက်ဝါးကြီးအုပ်စီးပွားရေး အလိုမရှိကြောင်း ကြွေးကြော်ခဲ့ကြတာပါ။
၂၀၁၅ ခုနှစ် အခြေခံဥပဒေပြင်ဆင်ချက်မှာ တိုင်းဒေသကြီး လွှတ်တော်တွေဟာ အသေးစားနဲ့ လက်လုပ်လက်စားတွေအတွက် ဥပဒေတွေကို ပြည်ထောင်စုဥပဒေနဲ့ မညှိစွန်းရင် ပြဌာန်းနိုင်တယ်လို့ ဖော်ပြထားတာကြောင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကလည်း အသေးစားနဲ့ လက်လုပ်လက်စား ကျောက်မျက်ရတနာဥပဒေကို ရေးဆွဲနေပါတယ်။ အဲဒီအတွက် မိုးကုတ်မြို့ဒေသခံတွေဆီက အကြံပြုချက်တွေကို တောင်းခံထားပြီး လာမယ့် တိုင်းဒေသကြီး လွှတ်တော်မှာ ဥပဒေကြမ်းတင်သွားမယ်လို့ တိုင်းလွတ်တော် လက်လုပ်လက်စားနဲ့ ကျောက်မျက်ရတနာ ဥပဒေကြမ်း ရေးဆွဲရေးကော်မတီကနေ သိရပါတယ်။
"လက်လုပ်လက်စားအတွက်ကို လိုင်စင်ကို အဓိကထားတယ်။ ပြစ်မှုပြစ်ဒဏ်က များတယ်။ ကာကွယ်ပေးဖို့ အဓိကထည့်ထားတယ်"
ကော်မတီဥက္ကဋ္ဌ လွှတ်တော် ကိုယ်စားလှယ် ဒေါ်သဲစုေ၀ ပြောသွားတာပါ။
လက်လုပ်လက်စားနဲ့ အလတ်စားလုပ်ကွက်အဖြစ် မိုးကုတ်ဒေသမှာ ဇုန်သုံးခု ခွဲခြားသတ်မှတ်ထားပြီး အဲဒီထဲမှာ လက်လုပ်လက်စားလုပ်ကွက် ဧက ရှစ်သောင်းကျော်နဲ့ အလတ်စားလုပ်ကွက် ဧက တစ်သောင်းခြောက်ထောင်ကျော် သတ်မှတ်ထားတာပါ။ မိုးကုတ်မြို့က လက်လုပ်လက်စားတွေအတွက် သတ်မှတ်ထားတဲ့နေရာတွေကတော့ ထင်းရှုးတောင်၊ ပိန်းပြစ်၊ ရွှေညောင်ပင် ဒေသဘက်တွေဖြစ်ပြီး အဲဒီနေရာတွေဟာ ကျောက်အထွက်နည်းတဲ့ လုပ်ကွက်တွေဖြစ်လို့ ဒေသခံတွေက မကျေနပ်ကြတာပါ။
လုပ်ကွက်တွေကို လာမယ့် နိုဝင်ဘာလမှာ စတင်ချထားပေးမှာဖြစ်တဲ့အတွက် ပြင်ဆင်လိုတာတွေကို ဆန္ဒထုတ်ဖော်တောင်းဆိုကြတာပါ။
လက်ရှိ ဥပဒေပါ သတ်မှတ်ချက်အတိုင်း အကောင်အထည်ဖော်မယ်ဆိုရင် ကျောက်ထွက်နည်းတဲ့ နေရာတွေမှာသာ လုပ်ခွင့်ရမှာဖြစ်တဲ့အတွက် ဒေသခံတွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေဘဝကို ရောက်ရှိသွားနိုင်ပြီး စားဝတ်နေရေး ခက်ခဲလာမယ့် အခြေအနေရှိနေပါတယ်။ ဒေသခံတွေအတွက် လက်လုပ်လက်စားလုပ်ကွက်အဖြစ် တစ်ဧက သတ်မှတ်ပေးမှာဖြစ်ပြီး တစ်နှစ်လုပ်ပိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
မိုးကုတ်ဒေသဟာဆိုရင် ပတ္တမြား၊ နီလာတွေ ထွက်ရှိရာဒေသတစ်ခုဖြစ်ပြီး မြို့ရဲ့ လူဦးရေ ၅၀ ရာခိုင်နှုန်းခန့်က လက်လုပ်လက်စားသမားတွေဖြစ်ပါတယ်။