မြန်မာ့အရေး အီတလီနိုင်ငံ အလုပ်သမားသမဂ္ဂ ဆွေးနွေး
2023.06.22

အီတလီနိုင်ငံအလုပ်သမားသမဂ္ဂက ကြီးမှူးပြီး No time left အချိန်သိပ်မကျန်တော့ဘူးဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို ဇွန်လ ၂၂ ရက်က အွန်လိုင်းကတစ်ဆင့် ကျင်းပခဲ့ပါတယ်။
ဒီပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂတာဝန်ရှိသူတွေ၊ လူ့အခွင့်အရေးနဲ့ မြန်မာအရေး လေ့လာစောင့်ကြည့်သူတွေနဲ့ ပြည်တွင်းက တိုင်းရင်းသားအဖွဲ့အစည်းတွေ ဝင်ရောက်ဆွေးနွေးကြပါတယ်။
ဆွေးနွေးပွဲမှာ ပထမဆုံးအီတလီနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး မော်ရီဖီရို မာဆာရီ Maurizio Massari က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ ရှုမြင်နေပုံတချို့ကို တင်ပြခဲ့ပါတယ်။
သံအမတ်ကြီးက ကုလသမဂ္ဂရဲ့ဆောင်ရွက်ချက်ကြောင့် မြန်မာ့အရေးမှာ နိုင်ငံကြီးအများအပြား စိတ်ဝင်တစားပါဝင်လာရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအရေးမှာ ဗီတိုအာဏာကိုင်ထားတဲ့ နိုင်ငံကြီးနှစ်နိုင်ငံကပဲ နှောင့်နှေးအောင် လုပ်နေတာလို့ ပြောပါတယ်။
ဒီအခြေအနေအရ ကုလသမဂ္ဂဟာ ကြေညာချက်တွေပဲ ထုတ်နေရလာသလို လုပ်ရကိုင်ရတာမှာလည်း အကန့်အသတ်တွေနဲ့ ဖြစ်လာပါတယ်။ တစ်ဆက်တည်း လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေဟာ နိုင်ငံတကာရဲ့ ဗဟိုချက်မှာ ရှိမနေတာကြောင့် မြန်မာနိုင်ငံအရေးဟာ ရှည်ကြာဦးမှာဖြစ်ပြီး ရေတိုဖြေရှင်းဖို့ အခြေအနေမပေးပါဘူးလို့ ပြောသွားပါတယ်။
တစ်ဆက်တည်း အမျိုးသားညီညွတ်ရေးအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဆာဆာက မြန်မာနိုင်ငံအရေးမှာ ဝိုင်းဝန်းပံ့ပိုးကြသူတွေ၊ နိုင်ငံတွေကို ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံသားတွေရဲ့သတ္တိကတော့ စစ်ဗိုလ်ချုပ်တွေကို ရှင်းလင်းစွာ ပြသထားပြီးဖြစ်ပါတယ်။ သူတို့ ဒူးမထောက်လက်မမြှောက်ဘူး ဆိုတာပါ။ မြန်မာနိုင်ငံသားတွေရဲ့ နွေဦးတော်လှန်ရေးဟာ အောင်ပွဲရသည်အထိ ဆက်သွားမှာဖြစ်ပါတယ်။ ရည်မှန်းထားတာကတော့ အာရှမှာ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ်တစ်ခု ပေါ်ထွန်းလာရေးပဲ ဖြစ်သလို စစ်အာဏာရှင်ကို အပြီးတိုင်ချေမှုန်းနိုင်ဖို့ ဖြစ်ပါတယ်”
မြန်မာနိုင်ငံကို ကမ္ဘာက ယူကရိန်းကိုကူသလို အကူအညီပေးဖို့ ဒေါက်တာဆာဆာက တောင်းဆိုခဲ့ပြီး ဥရောပသမဂ္ဂနဲ့ ဥရောပနိုင်ငံတွေဟာ မြန်မာ့အရေးကို ဦးစားပေးအဆင့်ထားပြီး ဆောင်ရွက်ပေးဖို့ ပြောသွားပါတယ်။
ဆက်လက်ပြီး လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR ဥက္ကဋ္ဌ Charles Santiago (ချားလ်စ် ဆန်ဒီရေဂို) က မြန်မာနိုင်ငံအရေးဟာ အချိန်ဆွဲနေလို့ မရတော့ဘူး၊ အချိန်သိပ်မကျန်တော့ဘူး လို့ပြောဆိုနေချိန် ပြီးခဲ့တဲ့အပတ်က ဘန်ကောက်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခု လုပ်သွားပါတယ်။ အဲ့ဒါကတော့ ကိုယ်ကျိုးစီးပွားကြည့်တဲ့ နိုင်ငံတချို့ရဲ့ ကြိုးပမ်းချက်ပဲဖြစ်တယ်လို့ပြောပါတယ်။
“ဒီအစည်းအဝေးကို ထိုင်းအိမ်စောင့်အစိုးရက တရုတ်အစိုးရအကူအညီနဲ့ ဆောင်ရွက်တာဖြစ်ပြီး အိန္ဒိယ၊ နိပွန်ဖောင်ဒေးရှင်းတို့ ပါဝင်ပါတယ်။ အာဆီယံနိုင်ငံတွေ ဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနဲ့ ဖိလစ်ပိုင်တို့ မတက်ပါဘူး၊ ဒီအစည်းအဝေးရဲ့ ရည်ရွယ်ချက်က အာဆီယံ သဘောတူထားတဲ့ ငါးချက်ကို ချိုးဖျက်ဖို့ပဲ ဖြစ်ပါတယ်။ ဒီအချက် ငါးချက်နဲ့ ပတ်သက်ပြီး တရုတ်အပါအဝင်ကမ္ဘာက သဘောတူထားပေမဲ့ ခုတော့ သူ့သဘောထားပြောင်းသွားပြီး သူ့နည်းသူဟန်နဲ့ စစ်ကောင်စီကို ချဉ်းကပ်နေပါတယ်။ သူတို့ဟာ လူသတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ် အာဏာဆက်ယူနိုင်အောင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးနဲ့ သူတို့ဆန္ဒတွေတွေကို သေးသိမ်အောင် လုပ်နေပါတယ်။ ဒါကြောင့် ဒီမိုကရေစီကို မြတ်နိုးတဲ့ နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒ ဖြစ်မြောက်ဖို့ NUG အစိုးရကို အသိအမှတ်ပြုဖို့ လိုနေပါပြီ”
ဆက်လက်ပြီး မြန်မာနိုင်ငံတွင်းက ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပါဝင်ဆွေးနွေးသူတွေကို ကျေးဇူးတင်စကားပြောပြီး မြန်မာနိုင်ငံသားတွေဟာ နိုင်ငံတကာက ပစ်ပယ်ထားတယ်လို့ ခံစားနေရတယ်လို့ပြောပါတယ်။
“နိုင်ငံတကာက ပစ်ပယ်ထားတယ်ဆိုတဲ့ အမြင်နဲ့ ခံစားနေရပါတယ်။ ဒီနေ့ဆွေးနွေးပွဲကို တက်လိုက်ချိန်မှာ မြင်လိုက်ရတဲ့အမြင်က ကျွန်တော်တို့ တိုင်းပြည်က အခြေအနေက ကျွန်တော်တို့ပြည်နယ်က တချို့ဒေသတွေမှာ ဓလေ့တစ်ခုရှိပါတယ်။ အသုဘအိမ်မှာ ဖဲရိုက်ကြတာပါ။ ဖဲလာရိုက်တဲ့ သူတွေ နှစ်မျိုးနှစ်စားရှိပါတယ်၊ တချို့က မိသားစုကို စာနာလို့ အသုဘကို လာကြတာဖြစ်သလို တချို့က ကိုယ့်အကျိုးစီးပွားအတွက် ဖဲရိုက်ချင်လို့ လာတာပါ။ နိုင်ငံကာမှာလည်း ကျွန်တော်တို့နိုင်ငံကိုလာတာ အဲ့သလိုမျိုးဖြစ်နေပါတယ်။ စစ်ဖြစ်နေတဲ့ ကျွန်တော်တို့တိုင်းပြည်မှာ အကျိုးစီးပွား လာရှာနေသူတွေရှိသလို ဒီနေ့ဆွေးနွေးပွဲကိုလာတက်တဲ့ ကျွန်တော်တို့ကို စာနာတဲ့ နိုင်ငံတကာမိတ်ဆွေတွေ ရှိတယ်ဆိုတာလည်း ကျွန်တော်တို့ သိရှိရပါတယ်”
ဆက်လက်ပြီး မြန်မာနိုင်ငံအရေးကိုအစိုးရတွေနဲ့ ဥရောပသမဂ္ဂ ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်သလဲဆိုတဲ့ အခြေအနေနဲ့ အီတလီနိုင်ငံရဲ့ ပူးပေါင်းပါဝင်မှု အခြေအနေ စတာတွေကို ဆွေးနွေးသွားကြပါတယ်။