မြန်မာစစ်တပ်ကို လက်နက်ပစ္စည်းရောင်းတဲ့ အစ္စရေးလ်ကုမ္ပဏီ

၂၀၁၉ ခုနှစ်မှာ အစ္စရေးလက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဟာ မြန်မာစစ်တပ်အတွက် လက်နက်ထုတ်လုပ်နိုင်စေမယ့် စက်ပစ္စည်းတွေ တင်ပို့ခဲ့တယ်လို့ Justice for Myanmar အဖွဲ့က ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

နေပြည်တော်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ပြုလုပ်သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား၌ စစ်ကောင်စီ၏ စစ်လက်နက်များအား တွေ့ရစဉ်။ STR / AFP

အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ဟာ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တဲ့ စစ်ဆင်ရေးတွေလုပ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတင်ပို့ ရောင်းချခြင်းမပြုဖို့ တားမြစ်ထားပေးမယ့် ၂၀၁၉ ခုနှစ်မှာ အစ္စရေးလက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဟာ မြန်မာစစ်တပ်အတွက် လက်နက်ထုတ်လုပ်နိုင်စေမယ့် စက်ပစ္စည်းတွေ တင်ပို့ခဲ့တယ်လို့ Justice for Myanmar အဖွဲ့က ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

Justice for Myanmar ရဲ့ အစီရင်ခံစာထဲမှာ ၂၀၁၉ ခုနှစ် ဇူလိုင်လက အစ္စရေးလက်နက်ထုတ်လုပ်ရေးကုမ္ပဏီ CAA Industries ဟာ မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ယူပေးနေတဲ့ ကြားခံကုမ္ပဏီတစ်ခုဆီကို ပလတ်စတစ် ပိုလီမာတွေကို ပုံသွန်းလောင်းနိုင်တဲ့ စက်ပစ္စည်းတွေအပါအဝင် စက်ပစ္စည်းနှစ်တန် ပေးပို့ခဲ့တဲ့အကြောင်း ဒီစက်ပစ္စည်းတွေကို ရိုင်ဖယ်သေနတ်တွေရဲ့ လက်ကိုင်တွေလို အစိတ်အပိုင်းတွေ ထုတ်လုပ်ဖို့အတွက် အသုံးပြုနိုင်ကြောင်း ဖော်ပြထားပါတယ်။

CAA Industries အနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဥပဒေတွေကို လေးစားလိုက်နာဖို့ လိုပါတယ်။ နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းတွေအရဆိုရင် CAA Industries အနေနဲ့ ကုန်ပစ္စည်းဝယ်ယူသူတွေရဲ့ နောက်ကြောင်းရာဇဝင်ကို လေ့လာစုံစမ်းဖို့ လိုပါတယ်။ နောက်ပြီး ဒီစက်ပစ္စည်းတွေကို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ဖို့ အသုံးချလာရင်လည်း ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်လို့ Justice for Myanmar ရဲ့ ထုတ်ပြန်ချက် ဖော်ပြထားပါတယ်။

လက်နက်ကျွမ်းကျင်သူတွေရဲ့ လေ့လာသုံးသပ်ချက်အရ မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ပိုလီမာပလတ်စတစ်နဲ့ ပြုလုပ်တဲ့ ပြည်တွင်းဖြစ် အသေးစားသေနတ်တွေကို အသုံးပြုမှု တိုးလာတယ်လို့ ဆိုပါတယ်။

Justice for Myanmar ရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာစစ်တပ်ရဲ့ က.ပ.စ လက်နက်ထုတ်လုပ်ရေး စက်ရုံတွေကနေ ထုတ်လုပ်တဲ့ တိုက်ခိုက်ရေး ရိုင်ဖယ်တွေနဲ့ အပေါ့စားစက်သေနတ်တွေရဲ့ လက်ကိုင်တွေကို ဓာတ်ပုံနဲ့တကွ ဖော်ပြထားပြီး ဒီလက်ကိုင်တွေဟာ CAA Industries က ထုတ်လုပ်နေတဲ့ သေနတ်တွေရဲ့ လက်ကိုင်ဒီဇိုင်းတွေနဲ့ တစ်ထပ်တည်း တူညီနေတယ်လို့ ဖော်ပြထားပါတယ်။

CAA Industries ကုမ္ပဏီဘက်ကတော့ သူတို့ရဲ့ စက်ပစ္စည်းအများစုကို အရပ်ဘက်အသုံးပြုဖို့အတွက်ပဲ ရောင်းချတာဖြစ်ပြီး ကာကွယ်ရေးနဲ့ဆိုင်တဲ့ စက်ပစ္စည်းတွေကိုတော့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်နေတဲ့အကြောင်း Haaretz သတင်းမီဒီယာကို ပြောခဲ့ပါတယ်။

CAA Industries က သူတို့အနေနဲ့ အစ္စရေးနိုင်ငံက လက်နက်တင်ပို့ရောင်းချဖို့ ခွင့်မပြုထားတဲ့ နိုင်ငံတွေကို လက်နက်ရောင်းချမှု မလုပ်ထားတဲ့အကြောင်း ပြောဆိုပြီး Justice for Myanmar ရဲ့ ထုတ်ပြန်ချက်ထဲက အချက်အလက်တွေဟာ မှားယွင်းတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ကုမ္မဏီကနေ ထုတ်လုပ်တဲ့ ပလတ်စတစ်မိုလ်တွေဟာ ကာကွယ်ရေးပို့ကုန်ပစ္စည်း မဟုတ်ဘူးလို့လဲ ချေပထားပါတယ်။

ဒါပေမဲ့ အစ္စရေးအခြေစိုက် လူ့အခွင့်အရေးရှေ့နေ တက်ကြွလှုပ်ရှားသူ အီတေးမတ် (Eitay Mack) ကတော့ မြန်မာနိုင်ငံကို ပေးပို့လိုက်တဲ့ စက်ပစ္စည်းတွေဟာ အရပ်ဘက်အတွက်ရော စစ်ရေးအတွက်ပါ နှစ်မျိုးအသုံးပြုနိုင်တယ်လို့ ပြောပါတယ်။

အီတေးမတ်က မြန်မာနိုင်ငံကို တင်ပို့လိုက်တဲ့ စက်ပစ္စည်းတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အစ္စရေးရှေ့နေချုပ်ဆီကို စာရေးသား တောင်းဆိုထားပါတယ်။
CAA Industries ရဲ့ စက်ပစ္စည်းတွေနဲ့ ပလတ်စတစ်မိုလ်တွေဟာ လက်နက်ငယ်တွေနဲ့ အခြား လက်နက်ပစ္စည်းတွေကို စရိတ်သက်သက်သာသာနဲ့ ထုတ်လုပ်ဖို့ အသုံးပြုလို့ရနေပါတယ်။ ဒါကြောင့် CAA Industries ရဲ့ စက်ပစ္စည်းတွေဟာ မြန်မာစစ်တပ်ရဲ့ ပြည်သူတွေကို သတ်ဖြတ်မှုနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ၊ သတင်းသမားတွေကို ရှင်းလင်းတဲ့ စီမံချက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေနိုင်ပါတယ်လို့ အီတေးမတ်ရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

ဒီစက်ပစ္စည်းတွေကို Star Sapphire Group ဆိုတဲ့ ကုမ္ပဏီကနေ ဝယ်ယူခဲ့တာဖြစ်ပြီး ဒီကုမ္ပဏီဟာ အရင်က မြန်မာစစ်တပ်နဲ့ အစ္စရေးစစ်လက်နက်ပစ္စည်း ထုတ်လုပ်သူတွေအကြားမှာ ပွဲစားအဖြစ်ဆောင်ရွက်နေတဲ့ ကုမ္ပဏီဖြစ်တယ်လို့ Justice for Myanmar က ဖော်ပြပါတယ်။

ဒါ့အပြင် အစ္စရေးနိုင်ငံဟာ မြန်မာစစ်တပ်ကို တင့်ကား ၁၀၀ ကျော်၊ စစ်လက်နက်တွေနဲ့ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ရဲတပ်ဖွဲ့ဝင်တွေ အသုံးပြုဖို့ လှေတွေကိုလည်း ရောင်းချခဲ့တဲ့ပြီး ဒီလက်နက်ပစ္စည်းတွေဟာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ရာမှာ အသုံးပြုခဲ့တာ ဖြစ်နိုင်ကြောင်း Middle East Eye သတင်းဌာနက သတင်းဖော်ပြထားပါတယ်။

အစ္စရေးအစိုးရကတော့ အဲဒီနှစ်မှာပဲ မြန်မာစစ်တပ်ကို လက်နက်တင်ပို့မှုတွေ တရားဝင်ရပ်ဆိုင်းလိုက်တယ်လို့ ပြောထားပါတယ်။

အစ္စရေးကုမ္ပဏီကနေ မြန်မာစစ်တပ်အတွက် ပေးပို့လိုက်တဲ့ စက်ပစ္စည်းတွေဟာ အခြားကုန်ပစ္စည်းတွေလို တစ်ကြိမ်တင်ပို့ရုံနဲ့ မပြီးဘဲ နောင်နှစ်ပေါင်းများစွာ လက်နက်အသစ်တွေ ထုတ်လုပ်ဖို့ အသုံးပြုလို့ရနေစေတယ်လို့ အီတေးမတ်ရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org