အင်းဝမြို့ဟောင်းက အမွေအနှစ်တွေ ရင်ဆိုင်နေရတဲ့ သဘာဝအန္တရာယ်

ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးဆုံးရှုံးရမယ့်အရေးက ကာကွယ်နိုင်ဖို့ ဒေသခံတွေလည်း တစ်နိုင်တစ်ပိုင်ပါဝင်လို့ ရတဲ့အကြောင်း ရှေးဟောင်းသုတေသနပညာရှင် ကိုသူရအောင်က အကြံပေးပါတယ်။

အင်းဝမြို့ဟောင်းမှ ကြောင်လိန်ဘုရားအား၂ဝ၂၃ ခုနှစ် ဩဂုတ်လအတွင်းက တွေ့မြင်ရစဉ်။ Citizen Journalist

ပထမအင်းဝ၊ ညောင်ရမ်း၊ အမရပူရ၊ ကုန်းဘောင် ခေတ်လေးခေတ်၊ မင်းဆက် လေးဆက်နဲ့ ၁၄ ရာစုကနေ ၁၈ ရာစုအထိ နှစ်ပေါင်း ၄၀၀ ကျော် မင်းနေပြည်တော်ဖြစ်ခဲ့တဲ့ ရှေးအမွေအနှစ် အင်းဝမြို့ဟောင်းဟာ လူကြောင့် ဖြစ်တဲ့အန္တရာယ်တွေအပြင် တည်ရှိရာနေရာရဲ့ ရေမြေ၊ အနေအထားအရ သဘာဝဘေးကြောင့်ပါ ပျက်စီးဆုံးရှုံးရမယ့် အန္တရာယ်ရှိနေပါတယ်။

ပထမအင်းဝ၊ ညောင်ရမ်း၊ အမရပူရ၊ ကုန်းဘောင် ခေတ်လေး ခေတ်အတွင်း ဘုရင်ပေါင်း ၃၀ စိုးစံခဲ့တဲ့ အင်းဝမြို့ဟောင်းဟာ ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ စမုံ၊ ဇော်ဂျီ၊ ပန်းလောင် ဆိုတဲ့ မြစ်ငါးစင်းဆုံတဲ့နေရာမှာ အင်းတွေကို မြေဖို့ပြီး တည်ခဲ့တာဖြစ်တဲ့အတွက် မြေအနေအထားအရ အားနည်းချက်ရှိနေတယ်လို့ ရှေးဟောင်းသုတေသနပညာရှင် ဦးသူရအောင် က ပြောပါတယ်။

“ အင်းဝက သူ့မြေအနေအထားကိုက ပျော့တယ်။ အဆောက်အဦတွေကလည်း နှစ် ၆၀၀ ကျော်ပြီဆိုတော့ ဆွေးတယ်။ ရေကြီးတယ်။ မြေပျော့တယ်။ ဒါက သဘာဝရဲ့ စိန်ခေါ်ချက်။ အဲဒီမှာမှ အပင်ပေါက်တဲ့နှုန်း။ ဘုရားတွေကို သက်ဆိုင်ရာ အင်းဝရှေးဟောင်းသုတေသန ဌာနခွဲက လုံးဝကို အားမနာတမ်းဝေဖန်ရရင် လှည့်ကို မကြည့်တာ။ တာဝန်ရှိတဲ့ဌာနက CDM လုပ်နေသလားတောင် ထင်ရတယ်။ အခု ကျွန်တော်ကောက်ထားတဲ့ စာရင်းအရ အင်းဝမှာ ဘုရားအဆူ ၃၀၀ ကျော် ကျွန်တော်ကောက်ပြီးပြီး။ အဲဒီထဲက အဆူ ၁၀၀ ကျော်၊ စုစုပေါင်း ဘုရားရဲ့ ၃၅ ရာခိုင်နှုန်းက အပင်တွေအုံ့ဆိုင်း၊ အမြစ်တွေတွယ်နေတယ်။ အဲဒါကိုလည်း မရှင်းလင်းဘူး။ ဒီအတိုင်းဆို နောက် နှစ်နှစ် သုံးနှစ်ဆို အဆူ ၃-၄၀ လောက်က ပြိုသွားတော့မှာ။”

အင်းဝက ရှေးဟောင်းအမွေအနှစ်တွေကို ဒီလို သဘာဝအန္တရာယ်ကနေ ကာကွယ်ရေးအတွက် ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက် ကို မေးကြည့်တဲ့အခါ ....

“ခုတ်ထွင်ရှင်းလင်းရတဲ့အပင်ကိုလည်း ခုတ်ထွင်ရှင်းလင်းတယ်။ ဘုရားပေါ်မှာ ပေါက်နေတဲ့အပင်ဆိုရင် အဓိက ကတော့ ညောင်ပင်ပေါ့နော်။ အမြစ်က အုတ်ကြားထဲကို စွဲဝင်သွားတဲ့၊ သတ်ဖို့ခက်တဲ့ အပင်တွေဆိုရင်တော့ ကျွန်တော်တို့ သူ့ရဲ့နည်းစနစ်အတိုင်း အပင်တွေကို သတ်ရတဲ့ လုပ်ငန်းတွေရှိပါတယ်။ အဲဒါတွေကတော့ အစဥ် အလိုက်ပေါ့၊ ထိန်းသိမ်းပြုပြင်နေတာတွေ တောက်လျှောက်ရှိပါတယ်။”

ရှေးဟောင်းသုတေသနဌာနက အမွေအနှစ်ဘုရားတွေကို ပျက်စီးစေနိုင်တဲ့အပင်တွေကို ရှင်းလင်းပါတယ် ဆိုပေမဲ့ ခြုံနွယ်ပိတ်ပေါင်းတွေကြား ပျက်စီးယိုယွင်းနေတဲ့ ဘုရားစေတီအဟောင်းတွေရဲ့ဓာတ်ပုံ၊ ဗီဒီယိုတွေကို အင်းဝမြို့ခံတွေ၊ ရှေးဟောင်းအမွေအနှစ်ချစ်မြတ်နိုးသူတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ တွေ့မြင်နေရပါတယ်။

ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးဆုံးရှုံးရမယ့်အရေးက ကာကွယ်နိုင်ဖို့ ဒေသခံတွေလည်း တစ်နိုင်တစ်ပိုင်ပါဝင်လို့ ရတဲ့အကြောင်း ရှေးဟောင်းသုတေသနပညာရှင် ကိုသူရအောင်က အကြံပေးပါတယ်။

“ သက်ဆိုင်တဲ့ တာဝန်ရှိဌာနတွေက လျစ်လျူရှုပြီး ပစ်ထားတယ်ဆိုရင်တောင် ဒေသခံတွေက ဒေသအလိုက် အမွေအနှစ်ထိန်းသိမ်းရေး အဖွဲ့လေးဖွဲ့ပြီး အပါတ်စဥ် သစ်ပင်ရှင်းမယ့်သူက ရှင်း၊ သို့မဟုတ် အပင်ကို ဆေးထိုးလို့ ရတယ်။ ဘုရားမှာ ပေါက်နေတဲ့အပင်ကို အားဆေးထိုးလိုက်တာပေါ့။ နွေရာသီလိုမျိုး လုပ်လို့ရတယ်။ အားအရမ်း ကောင်းပြီး ရေက မရတဲ့အခါ အပင်ကခြောက်ပြီး သေသွားတာပေါ့။ မဟာဇေယျပဌတံတားမှာ ဖြတ်တယ်ပေါ့ နော်။ ဟုတ်ပြီ။ တာဝန်ရှိတဲ့ ထွေအုပ်၊ ရှေးဟောင်းဦးစီးက မပြောဘူးဆိုရင် ရပ်မိရပ်ဖတွေစုပြီးတော့ အဲဒီနားမှာ လမ်းကိုကာတာမျိုး၊ အသိစိတ်ဓာတ်နဲ့ ပြောတာမျိုးပေါ့။ ဒီလိုပူးပေါင်းပြီးတော့ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့လေး လုပ်ပြီး ကာကွယ်လို့ရတယ်ဆိုရင် ဆူကိုထိုင်း၊ အယုဒ္ဓယလို မတိုးတက်သေးတောင် လောလောဆယ် အင်းဝမပျက်ဖို့အတွက် ထိန်းနိုင်တဲ့ နည်းလမ်းတွေရှိတယ်။”

အင်းဝကို ကာကွယ်စောင့်ရှောက်ကြဖို့ထက် အင်းဝက ရှေးဟောင်းအမွေအနှစ်တွေကို ခိုးဝှက်ပြီး ရောင်းစားနေတာတွေကြောင့်လည်း ဆုံးရှုံးရလှပြီလို့ အင်းဝမြို့သား အမျိုးသားစာပေဆုရှင်နဲ့ တစ်သက်တာစာပေဆုရှင် ကဗျာဆရာကြီး ကိုလေး- အင်းဝဂုဏ်ရည် ကပြောပါတယ်။ ဒါကြောင့်သူဟာ အင်းဝအတွက် မျှော်လင့်ချက်မဲ့စွာ ဝမ်းနည်းကြေကွဲနေပါတယ်။

“ ငါထင်တာတော့ လူထုပြောလို့ ရမယ်မထင်ပါဘူး။ အစိုးရပြောလည်း အစိုးရက လုပ်မယ်မှာမဟုတ်ဘူး။ ဘနဖူး သိုက်တူးမှာပါပဲ။ မရရင် ရတဲ့နေရာ ဖဲ့စားကြမှာပဲ”

မြန်မာနိုင်ငံတွင်းက ရှေးဟောင်းနယ်မြေတွေထဲမှာ ၁၁ ရာစုမှာ တည်ခဲ့တဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဟာ ခရီးသွားလုပ်ငန်းရဲ့ အဓိကဝင်ငွေရရှိနေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ပုဂံရှေးဟောင်းယဥ်ကျေးမှု နယ်မြေကို ပြည်တွင်းပြည်ပ ခရီးသည် ခုနစ်သိန်း ဝန်းကျင်လာရောက်လည်ပတ်ခဲ့ပြီး ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁၁ သန်း ဝန်းကျင်ရခဲ့ပါတယ်။

အင်းဝမြို့ဟောင်းမှ နာမည်ကျော် မယ်နုအုတ်ကျောင်းသို့ လာရောက်လည်ပတ်သူတချို့နှင့် ဒေသခံကလေးငယ်များ။ (Photo: Citizen Journalist)

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ ကမ္ဘောဒီဟားနိုင်ငံက အန်ကောဝတ် ဟာ ၁၂ ရာစုမှာ တည်ဆောက် ခဲ့တဲ့ ဘုရားကျောင်းဖြစ်ပြီး ၁၉၉၂ ခုနှစ်မှာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရပါတယ်။ နှစ်စဥ် နိုင်ငံခြားခရီးသွား ၂ သန်းခွဲကျော်လာရောက် ကြည့်ရှုကြပြီး နှစ်စဥ် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိပါတယ်။

အင်းဝမြို့ဟောင်းကိုရော ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားအာရုံစိုက်လာအောင် ဘာတွေလုပ်လို့ရပါသလဲ။

အင်းဝမြို့သား ကဗျာဆရာကြီး ကိုလေး- အင်းဝဂုဏ်ရည်ကတော့ သူ့ဇာတိမြေအတွက် လွန်ခဲ့တဲ့နှစ်ပေါင်း များစွာထဲက အခုလို စိတ်ကူးယဥ်ခဲ့ပါတယ်။

"နိုင်ငံခြားငွေ FE လိုချင်တယ်မဟုတ်လား။ အဲဒီမြောက်ဘက်က မြို့ရိုးကြီးကို ကျကျနန လုပ်ဗျာ၊ ပြအိုးတွေ ဘာတွေနဲ့ ဖောက်ဗျာ။ ဖောက်ပြီးတော့ ရွာသစ်ကြီးကနေ ဟိုးထိ သင်္ဘောလေးနဲ့ ဇိမ်ခံပြီး sightseeing သွားရင် ပိုက်ဆံရမှာဗျလို့ စိတ်ကူးယဥ်တာ"

ရှေးဟောင်းသုတေသနပညာရှင် ကိုသူရအောင်ကတော့ စိတ်ကူးယဥ်တာမဟုတ်ဘဲ တကယ်လုပ်လို့ရတာတွေကို ခုလို တွက်ချက်ပြပါတယ်။

"ပုဂံကိုပြောရင် ပုဂံမှာ ဧရာဝတီ Cruse Tour ရှိတယ်။ ဒါပေမဲ့ပုဂံက မြို့ပြင်ကပဲ ဝိုက်ပြီးသွားတာပေါ့နော်။ အင်းဝကကျတော့ အဲဒီလို မဟုတ်ဘူး။ မြို့အတွင်းထဲမှာကို ဘုံခြာချောင်းလို ချောင်းတွေရှိတယ်။ အဲဒီကနေ Cruise Tour လုပ်လို့ရတယ်။ ရှေးဘုရင်တွေက နန်းတော်ရှေ့ကနေ ထွက်ပြီး မြစ်ငယ်မြစ်ကနေဆင်းလာပြီး မြို့ကိုအနောက်ဘက်ထိအောင် ရေကင်းလှည့်သလိုမျိုး ကျုံးအတိုင်းပတ်ပြီး လှည့်လို့ရတယ်။ ဆိုလိုချင်တာက ခရီးသွားတွေကို အင်းဝမှာ ရှေးဘုရင်တွေက ရေကင်းလှည့်ရင် ဒီလိုလှည့်တာဆိုပြီး ဘုတ်လှေလိုမျိုးကြီးနဲ့ ပြည်ကြီးမွန်ဖောင်တော်လိုမျိုး အသေးစားလေးတွေနဲ့ Cruse Tour လုပ်မယ်ဆိုရင် လမ်းလျှောက်သွားရုံမက Cruse Tour လုပ်လို့ရတဲ့ အားသာချက်တွေရှိတယ်ပေါ့။ တယောက် ၁၀ ဒေါ်လာပဲထားဦး အယောက်တစ်သန်း ဆိုရင် ဒေါ်လာ ၁၀ သန်း။ ဒါတောင် ၁၀ သန်းပဲ တွက်သေးတာ။ ဆယ်ဒေါ်လာဆိုတာကလည်း သူများနိုင်ငံတွေ မှာဆိုမရဘူးလေ။ ဇုန်ဝင်ကြေး၊ Cruise Tour ကြေးဝင်ငွေကို သဲ့ယူလို့ရတယ်"

မန္တလေးတိုင်း အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းစေတီများအား ၂၀၂၃ ခုနှစ် ဇွန်လက တွေ့ရစဉ်။ (Photo: RFA)

သမိုင်းအမွေအနှစ်၊ ယဥ်ကျေးမှုအမွေအနှစ်ကြီးလားလှတဲ့ အင်းဝရှေးဟောင်းမြို့တော် မပျောက်ပျက်သွားစေဖို့ အတွက် ဒေသခံတွေကဖြစ်စေ၊ ရှေးဟောင်းအမွေအနှစ်ချစ်မြတ်နိုးသူတွေကဖြစ်စေ အကြံဉာဏ်လိုအပ်လာရင် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးပညာကို သင်ယူလေ့လာခဲ့သူတစ်ယောက်အနေနဲ့ အချိန်မရွေး အကြံပေးကူညီဖို့ အသင့်ရှိနေပါတယ်လို့လည်း ရှေးဟောင်းသုတေသနပညာရှင် ကိုသူရအောင်က ပြောပါတယ်။

ရှေးဟောင်းအမွေအနှစ်တွေ မပျက်စီးအောင်ကာကွယ်ထိန်းသိမ်းတာဟာ ဘာကိုမှ အထူးတလည် ထပ်မံ မရင်းနှီးမတည်ဆောက်ရဘဲ နိုင်ငံမှာ ဝင်ငွေရစေသလို ဒေသခံတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ရစေမှာ ဖြစ်ပါတယ်။ အဲဒါဟာ ကိုယ့်လူမျိုးရဲ့ဖြစ်တည်မှုသမိုင်းကို ထိန်းသိမ်းတာဖြစ်သလို ကိုယ့်နိုင်ငံရဲ့ ယဥ်ကျေးမှု ဘယ်လောက် မြင့်မားခဲ့သလဲဆိုတာ ကမ္ဘာကိုပြသနိုင်တဲ့ အကောင်းဆုံးအခွင့်အရေးလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org