ပျက်သုဥ်းတော့မယ့်အန္တရာယ်ရင်ဆိုင်နေရတဲ့ ရှေးဟောင်းအင်းဝမြို့ဟောင်း
မြန်မာနိုင်ငံမှာ အစောဆုံး၊ ယဥ်ကျေးမှုလက်ရာအမြောက်ဆုံး၊ ယဥ်ကျေးမှုအနုပညာလက်ရာအဆင့်အတန်း အမြင့်မားဆုံး မြို့ပြနိုင်ငံအဖြစ် ၁၁ ရာစုမှာတည်ခဲ့တဲ့ ပုဂံပြီးရင် အင်းဝမြို့ဟာ ဒုတိယအရေးအကြီးဆုံး ရှေးဟောင်းအမွေအနှစ်၊ အနုပညာလက်ရာနဲ့ သမိုင်းကြောင်းတွေရှိတဲ့ မြို့ပါ။
-
ခက်မာ (ဝါရှင်တန်ဒီစီ)
2023-09-01 -
-
-
မြန်မာနိုင်ငံမှာ အစောဆုံး၊ ယဥ်ကျေးမှုလက်ရာ အမြောက်ဆုံး၊ ယဥ်ကျေးမှုအနုပညာလက်ရာ အဆင့်အတန်းအမြင့်မားဆုံး မြို့ပြနိုင်ငံအဖြစ် ၁၁ ရာစုမှာတည်ခဲ့တဲ့ ပုဂံပြီးရင် အင်းဝမြို့ဟာ ဒုတိယအရေးအကြီးဆုံး ရှေးဟောင်းအမွေအနှစ်၊ အနုပညာလက်ရာနဲ့ သမိုင်းကြောင်းတွေရှိတဲ့ မြို့ဖြစ်ပါတယ်။
အဲဒီအမွေအနှစ်မြို့ဟာ ပျက်စီးတိမ်ကောမယ့် ဘက်ပေါင်းစုံအန္တရာယ်ကျရောက်နေပါတယ်။
လူကြောင့်ဖြစ်တဲ့ အန္တရာယ်ရော သဘာဝအန္တရာယ်တွေကပါ ရှေးဟောင်းအမွေအနှစ်အင်းဝမြို့ဟောင်းကို ဆုံးရှုံးရဖို့ စိန်ခေါ်မှုတွေဖြစ်နေတယ်လို့ ရှေးဟောင်းသုတေသနပညာရှင် ကိုသူရအောင်က ပြောပါတယ်။
“ရှေးဟောင်းနယ်မြေအတွင်း အိမ်တွေအကွက်ရိုက်ရောင်းတယ်။ တိုင်းထွေအုပ်ရယ် မြေစာရင်းရယ်က အဆောက်အဦးဆောက်လုပ်ခွင့် မြေကွက်တွေ ချပေးတယ်။ တချို့ဘုရားတွေဆို ခြံခတ်ခံလာရတယ်။ နံပါတ်နှစ် ကတော့ ကားတွေ၊ ယာဥ်တွေ အဆမတန်တင်ပြီးသွားတာပေါ့။ နံပါတ်သုံး က ဘုရားတွေကို ကိုးကွယ်ယုံကြည်မှု အရ ပြင်ပစ်လိုက်တာပေါ့။ ဒါမျိုးတွေက အင်းဝမှာ လူကြောင့်ဖြစ်တဲ့ အကြီးမားဆုံး အန္တရာယ်တွေပေါ့။”
အင်းဝမြို့ကို မြန်မာသက္ကရာဇ် ၇၂၆၊ အေဒီ ၁၃၆၄ ခုနှစ် မှာစတည်ခဲ့တာပါ။ ၁၄ ရာစုမှာ တည်ခဲ့တဲ့အင်းဝဟာ ၁၈ ရာစုအထိ အင်းဝ၊ ညောင်ရမ်း၊ အမရပူရ၊ ကုန်းဘောင် ခေတ်လေးခေတ်၊ မင်းဆက်လေးဆက်နဲ့ နှစ်ပေါင်း ၄၀၀ ကျော် မင်းနေပြည်တော်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ခေတ်တိုင်းရဲ့ မတူညီတဲ့ အနုပညာတွေကို တစ်နေရာထဲမှာ စုစည်းထားတဲ့နေရာ ဖြစ်ပါတယ်။
မြန်မာ့သမိုင်းမှာ နာမည်ကျော်လှတဲ့ အင်းဝ-ဟံသာဝတီ နှစ် ၄၀ စစ်ပွဲနဲ့ အခြားသမိုင်းအထောက်အထားတွေကို မျက်မြင်ထင်ရှား သက်သေပြလို့ရတဲ့ နေရာလည်း ဖြစ်ပါတယ်။
အင်းဝဟာ နိုင်ငံတော်ကသတ်မှတ်တဲ့ ရှေးဟောင်းအမွေအနှစ်ဇုံဖြစ်သလို ၁၉၉၆ ခုနှစ်က ရှေးဟောင်းမြို့တော်ပုဂံကို ကမ္ဘာအမွေအနှစ်စာရင်းဝင်ဖို့လျှောက်ထားခဲ့ရာမှာ အင်းဝမြို့ဟောင်းကိုပါ ပူးတွဲတင်ပြခဲ့ပါတယ်။
အဲဒီလို သမိုင်းတန်ဖိုးကြီးမားတဲ့ နိုင်ငံတော်အဆင့် ရှေးဟောင်းအမွေအနှစ်နေရာမှာ မြေကွက်တွေရိုက်ပြီးရောင်းချနေတယ်ဆိုတာဟာ အရင်ခေတ်တွေကဖြစ်တယ်လို့ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက်က ပြောပါတယ်။
“အဲဒီလိုမျိုးတော့ ပြောသံကြားတယ်ဗျ။ ဒါပေမဲ့ အင်းဝဌာနစုကိုမေးတာတော့ အခုမဟုတ်ဘူးတဲ့ဗျ။ လွန်ခဲ့တဲ့ အရင်ခေတ်တွေက လုပ်ခဲ့တာတွေကို အခု ပြန်တင်နေတာလို့ ပြောတယ်ဗျ။ အခု မရှိပါဘူး ပြောတယ်ဗျ။ အင်းဝက ဇုံအတွင်းမှာ ပိုင်ဆိုင်မှုလျှောက်တဲ့ဟာမျိုးတောင် ထောက်ခံစာတို့ဘာတို့ မပေးပါဘူးဗျ။ အခုလို အကွက်ရိုက်ရောင်းဖို့တို့ဘာတို့ကတော့ အဝေးကြီးပေါ့နော်။ အခု ပိုင်ဆိုင်နေတဲ့အိမ်တွေတောင်မှ မြေအမျိုးအစားပြောင်းတာတို့၊ ပိုင်ဆိုင်မှုလျှောက်တာတို့ကို ခွင့်ပြုပေးတာ မရှိပါဘူးဗျ။ ကျွန်တော်တို့ ဌာနခွဲအနေနဲ့ တော့လေ။”
ရှေးဟောင်းသုတေသနဌာနအနေနဲ့ အဲဒီလိုပြောပေမဲ့ ဒေသခံတစ်ဦးကတော့ လက်ရှိမှာကို အကွက်ရိုက်ထားတာတွေ တွေ့နေရတယ်လို့ ပြောပါတယ်။
“အထင်ရှားဆုံးကတော့ လေးထပ်ကြီးဘုရားရဲ့ မြောက်ဖက်က ပန်းကျောင်းတိုက်နေရာဟောင်းရယ်၊ လေးထပ်ကြီး ဘုရားရဲ့အနောက်ဘက် ပုဂံတိုက်နေရာဟောင်းရယ်၊ အဲဒီနေရာတွေမှာအကွက်ရိုက်ထားတာတွေ ရှိတယ်။ အိမ်ခြေတွေဖော်ပြီးနေတာတွေရှိတယ်။ အဲဒီလိုလုပ်တာတွေက ဘယ်ခေတ်၊ ဘယ်ကာလကလို့ပြောတာထက်စာရင် ရှေးဟောင်းအမွေအနှစ်နေရာတွေမှာ ဒီလိုအိမ်ခြေဖော်အကွက်ရိုက်တာတွေ နောက်ထပ် မလုပ်ဖို့ရယ်၊ ဒီလိုအကွက်ရိုက်ထားတာတွေကို ဘယ်လိုပြန်ပြီး ဖယ်ထုတ်မလဲဆိုတာတွေက သူတို့မှာ တာဝန်ရှိတယ်လို့ ကျွန်တော် ယူဆပါတယ်။”
ဘုရားတစ်ဆူလုံးကိုငုံပြီး အသစ်ဖြစ်အောင်တည်လိုက်တာအပြင် ပျက်စီးနေတဲ့အစိတ်အပိုင်းတွေကို မလျော်မကန်ပြန်ပြင်တာတွေ၊ လက်သမားလက်အပ်လိုက်တာတွေကြောင့် ရှေးဟောင်းအမွေအနှစ်ဆိုတဲ့တန်ဖိုးတွေ ဆုံးရှုံးနေရတဲ့အကြောင်းကိုလည်း ကိုသူရအောင်က ပြောပြပါသေးတယ်။
“အင်းဝမှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်ရဲ့ အထင်ကရတန်ဖိုးတွေ မရှိတော့လောက်အောင်၊ ရှေးဟောင်းဘုရား လို့တောင်မမြင်ရအောင် လုံးဝအသစ်ဖြစ်အောင် ပြင်လိုက်တာ။ အဲဒီလို အထင်ကရတန်ဖိုးပျောက်သွားအောင် ပြင်တဲ့နေရာမှာ တစ်ခုက ဒေသခံအဖွဲ့အစည်းတွေ ပြင်တာ။ အခုလောလောလတ်လတ်ဆို ကြေးနီမုဌော ဆိုတာ အစောဆုံး ပထမအင်းဝခေတ်ကဟာလို့ ယူဆရတဲ့ ကြေးနီမုဌောပေါ့နော်။ အဲဒါဆို လုံးလုံးအသစ်ဖြစ်အောင် ပြင်လိုက်တာ။ ဒါကို ဒေသခံအဖွဲ့အစည်းတွေကပြင်တယ်။ ဒါကိုရှေးဟောင်းကလည်း ကြီးကြပ်တာ၊ ကြပ်မတ်တာ ဘာမှမလုပ်ဘူး။ ဒုတိယက အင်းဝရဲ့ပထမတန်းစားဘုရားလို့ပြောတဲ့ မဟာမင်္ဂလာမာရ်အောင်ပေါ့။ အဲဒါဆိုရင် ရှေးဟောင်းသုတေသနဦးစီးဌာနက လွှတ်တဲ့ ပန်းရံဆရာကိုယ်တိုင် ပြင်ပစ်တာ။ ပြင်တာမှ ဆိုးဆိုးရွားရွား၊ လက်ရာတော်တော် မသေမသပ်ကိုပြင်လိုက်တာ။ အခုဆိုရင် ကျွန်တော်ကောက်ထားတဲ့စာရင်း ဇယားအရ အမွေအနှစ်တန်ဖိုး လုံးဝမရှိတော့အောင် အပြင်ခံလိုက်ရတာ ၄၀ ရာခိုင်နှုန်းရှိတယ်။ ထပ်ပြီးတော့လည်း ပြင်ဖို့ လုပ်နေကြတယ်။ ဒါမျိုးတွေကို ဌာနဆိုင်ရာ သက်ဆိုင်ရာတွေက ထိထိရောက်ရောက် တားဖို့ဆီးဖို့ လိုတယ်ပေါ့နော်။”
ဒေသခံတစ်ဦး ပြောတာက... “ခေတ်အလိုက် စေတီပုထိုးတွေရဲ့ပုံစံ၊ အနုပညာလက်ရာတွေကမတူဘူး။ နှစ်ကာလကြာရှည်တဲ့အပေါ်မှာ ပျက်စီးမှုက အထိုက်အလျှောက်ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ကျန်ခဲ့တဲ့လက်ရာလေးတွေကို ကျန် သလောက် ထိန်းနိုင်ရင်ကောင်းတယ်။ ခုနောက်ပိုင်းပြင်တာတွေက အသစ်ငုံပြီးတည်တာတွေရှိလာတော့ အနုပညာလက်ရာတွေက မကျန်တော့ဘူး။ ခေတ်လက်ရာတွေ ဖြစ်ကုန်တယ်။ အဲဒီတော့ ရှေးဟောင်း လက်ရာနဲ့မတူတော့ဘူး။ အဲဒီတော့ အန္တရာယ်က ဘာဖြစ်လဲဆိုတော့ ရှေးဟောင်းလက်ရာတွေကို လေ့လာချင်တဲ့သူတွေအတွက် ဆုံးရှုံးမှုတစ်ခုလို့ပဲ ပြောလို့ရပါတယ်။”
မြို့ရိုးသုံးထပ် ကျုံးနှစ်ထပ်နဲ့ အခိုင်အမာတည်ဆောက်ခဲ့တဲ့ အင်းဝဟာ အခု ချင်းမိုင်လို့ခေါ်တဲ့ ဇင်းမယ်၊ အယုဒ္ဓယလို့ ခေါ်ခဲ့တဲ့ ထိုင်းနိုင်ငံတောင်ပိုင်း၊ တရုတ်ပြည်က မင် မင်းဆက်တို့နဲ့ ဆက်နွယ်ချိတ်ဆက်ခဲ့တဲ့ သမိုင်းပေါင်းများစွာလည်း ရှိခဲ့ပါတယ်။ မြို့ရိုးတံခါးပေါင်း ၂၀ ကျော်ရှိတဲ့အင်းဝမှာ ဇင်းမယ်တံခါး၊ အယုဒ္ဓယတံခါးဆိုတဲ့ နာမည်တွေနဲ့ အထင်အရှားရှိခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီလိုဆက်နွယ်ခဲ့တဲ့ နိုင်ငံတွေမှာ ရှေးဟောင်းအမွေအနှစ်ကိုထိန်းသိမ်းနိုင်မှုကြောင့်ရတဲ့အကျိုးအမြတ်နဲ့ လက်ရှိအင်းဝရဲ့အနေအထားကို ကိုသူရအောင်က ခုလို ယှဥ်တွဲ သုံးသပ်ပြပါတယ်။
“အခုချိန်မှာ အင်းဝက အမှိုက်ပုံ၊ ပြာပုံ ၊ အမှိုက်ပစ်တဲ့ နေရာဖြစ်နေပေမဲ့ အယုဒ္ဓယနဲ့ ဆူကိုထိုင်းက ကမ္ဘာ့ အမွေအနှစ်ဖြစ်နေပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာသန်းနဲ့ချီရနေပေမဲ့ အင်းဝက ကူရာမဲ့ ကယ်ရာမဲ့ဖြစ်နေတယ်။ နောက်တစ်ခုက တရုတ် မင် မင်းဆက်နောက်ဆုံးမင်းတစ်ပါးဆိုရင် အင်းဝမှာလာပြီး နိုင်ငံရေးခိုလှုံခွင့်တောင်း ရတယ်။ အခုဆိုရင်မင် မင်းဆက်ရဲ့ Forbidden City ဆိုရင် ကမ္ဘာ့အမွေအနှစ်ပဲ။ ကမ္ဘာမှာအကြီးဆုံး၊ လူတွေ သြချရလောက်အောင်ကြည့်တယ်။ တီရင်မင်စကွဲတို့ Forbidden City က ကမ္ဘာ့အမွေအနှစ်ဖြစ်ပြီး တစ်နှစ် တစ်နှစ် ဒေါ်လာ သန်းပေါင်းများစွာရတယ်။ အင်းဝက သူတို့ရဲ့ဝင်ငွေနဲ့ယှဥ်လိုက်ရင် ၁၀ ပုံ တစ်ပုံတောင်မရဘူး။ ဒါဟာ အင်မတန် ဝမ်းနည်းဖွယ်ကောင်းတဲ့ အနေအထားပေါ့”
အခုလို အင်းဝက ရှေးဟောင်းအမွေအနှစ်တွေ ဆုံးရှုံးနေတာနဲ့ပတ်သက်ပြီး အင်းဝမြို့သား အမျိုးသားစာပေဆုရှင်နဲ့ တစ်သက်တာစာပေဆုရှင် ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)ကတော့ သူ့ဇာတိမြေအတွက် လွမ်းရရုံအပြင် ဘာမှမတတ်နိုင်ဘူးလို့ ညည်းချင်းဆိုခဲ့ပါတယ်။
“အစိုးရကိုယ်တိုင်က တန်ဖိုးကို နားလည်မှကိုကွ။ ကိုယ့်ရွာလေးတွေက ကိုယ့်ဘာသာ ကိုယ့်ဘုရားကိုယ် ဂရုစိုက်နေရတာ။ အများကြီး မစိုက်နိုင်ဘူး။ ဟိုဒင်း ဒဂုန်ခင်ခင်လေး ရေးဖူးတယ်ထင်တယ်။ ပြန်လည်ထူထောင်ဖို့ နေနေသာသာ ခြုံရှင်းဖို့တောင်မှ ရှေးဟောင်းက ချမပေးဘူးတို့ ဘာတို့။ တို့ကတော့ လွမ်းတာပဲ။ ဘာတတ်နိုင်မှာလဲ။ ငါကတော့ အတော်စိတ်ဓာတ်ကျနေတာ။ အသက်က သေကာနီးပြီဆိုတော့ မပြောချင်တော့ဘူး။”
ရှေးဟောင်း အမွေအနှစ်ဆိုတာဟာ နိုင်ငံတစ်ခု၊ လူမျိုးတစ်ခုရဲ့ သမိုင်းကြောင်း၊ ယဥ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာတွေကို ခြေရာကောက်နိုင်တဲ့ မျက်မြင်အထောက်အထားတွေ ဖြစ်ပါတယ်။ အခုတည်ရှိနေတဲ့ လူမျိုးတစ်မျိုး ဘယ်လိုအစပြုမှုပြီး ဘယ်လိုပြောင်းလဲတိုးတက်လာသလဲဆိုတာကို အမွေအနှစ်တွေကိုကြည့်ပြီး ပြောနိုင်သလို နိုင်ငံရေး၊ လူ့အဖွဲ့အစည်း၊ စီးပွားရေးနဲ့ ကမ္ဘာ့အမြင်တွေကိုရရှိဖို့အတွက်ပါ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတဲ့ ယဉ်ကျေးမှုသော့ချက်လည်း ဖြစ်ပါတယ်။
အမွေအနှစ်တွေဆုံးရှုံးတာဟာ ကိုယ့်လူမျိုးရဲ့ဇစ်မြစ်ကိုဆုံးရှုံးတာနဲ့ အတူတူပဲမို့ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းသူတွေက အခုလို အန္တရာယ်တွေကို ဖော်ထုတ်ဆော်သြနေကြတာလည်း ဖြစ်ပါတယ်။