အင်းဒင်အမှုပါ တပ်မတော်သား ခုနှစ်ဦးကိစ္စ တရားဝင်ထုတ်ပြန်ပြောကြားခြင်း မရှိသေး
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်လူသတ်မှုနဲ့ ၂ဝ၁၈၊ မတ်လက ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခံခဲ့ရတဲ့ တပ်မတော်သား ခုနှစ်ဦး ပြစ်ဒဏ်မစေ့ခင် လွတ်မြောက်သွားတဲ့အပေါ် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တရားဝင်ထုတ်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။
-
2019-05-28 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာလူသတ်မှုနဲ့ ပြီးခဲ့တဲ့နှစ် ၂ဝ၁၈၊ မတ်လက ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရတဲ့ တပ်မတော်သား ခုနှစ်ဦး ပြစ်ဒဏ်မစေ့ခင် လွတ်မြောက်သွားတာဟာ နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်အရလား ဒါမှမဟုတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခွင့်ပြုချက်အရလားဆိုတာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။
RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။
■ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေအရ အင်းဒင်ကျေးရွာအနီးမှာ မွတ်စလင် ၁၀ ဦးကို သတ်ခဲ့တဲ့အမှုနဲ့ ထောင်ကျနေခဲ့တဲ့ တပ်မတော်သား ခုနှစ်ဦး လွတ်မြောက်သွားပြီလို့ ယူဆစရာရှိပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာ လူသတ်မှုနဲ့ တပ်မတော်သား ၇ ဦးဟာ ပြီးခဲ့တဲ့နှစ် မတ်လက ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခံခဲ့ရတာပါ။
တပ်မတော်သား ခုနှစ်ဦးကို စစ်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချခဲ့ပြီး နယ်ဘက်အကျဉ်းထောင်တွေကို ပို့ဆောင်ခဲ့တယ်လို့ စစ်ဥပဒေချုပ်ရုံးက ဗိုလ်မှူးကြီးအောင်ခင်တင့်က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက အရပ်ဖက်အကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားတာ မရှိတော့ကြောင်း ပြောခဲ့ပါတယ်။
အင်းဒင်ကျေးရွာလူသတ်မှုကို စုံစမ်းဖော်ထုတ်သတင်းရေးသားခဲ့တဲ့ ရိုက်တာ သတင်းဌာနကတော့ ထောင်ကျနေတဲ့ တပ်မတော်သား ခုနှစ်ဦးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက လွှတ်ပေးလိုက်တာလို့ မနေ့က သတင်း ရေးသားဖော်ပြခဲ့ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ နိုင်ငံတော်သမ္မတကပဲ ပေးလို့ရတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ယာယီအမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး က ပြောပါတယ်။
“ဒါကတော့ လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ ကိစ္စတွေဖြစ်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရပေ့ါနော် နိုင်ငံတော်သမ္မတနေပဲ ပေးလို့ရတဲ့ကိစ္စတွေဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို ဒီလွတ်ငြိမ်းချမ်းသာထဲမှာ ဒီ ခုနှစ်ဦးဟာ ပါကောင်းလည်းပါသွားနိုင်ပါတယ်။ ကျနော်တို့ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ကတော့ စိစစ်ချက်တွေကို နိုင်ငံတော်သမ္မတကြီးဆီကို တင်ပေးတာဖြစ်ပါတယ်။ လွှတ်ပေးတယ်ဆိုရင်လည်း ဥပဒေအရပဲ ဆောင်ရွက်တာဖြစ်ကြောင်း ကျနော့်အနေနဲ့ ဆွေးနွေးတင်ပြလိုပါတယ်။”
လွတ်မြောက်တယ်ဆိုရင် နိုင်ငံတော်သမ္မတအမိန့်နဲ့သာ လွတ်မြောက်တာဖြစ်မယ်လို့ မနေ့က ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့မှုကို နိုင်ငံတော်သမ္မတရုံးဘက်က ဒီနေ့ညနေပိုင်အထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောတာ မရှိပါဘူး။
စစ်ဥပဒေချုပ်ရုံးက ဗိုလ်မှူးကြီး အောင်ခင်သိန်းကတော့ ပြစ်ဒဏ်ကျခံပြီး တပ်မတော်သားတွေအနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အသနားခံစာတင်နိုင်ကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာရှိပါတယ်။
“ကျနော်တို့ စစ်ဘက်တရားရုံးမှာ တရားရုံးတစ်ခုက ပြစ်ဒဏ်စီရင်ခြင်းခံရလို့ရှိရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဆီ ထောင်ရောက်သွားတဲ့အခါ အသနားခံစာတင်လို့ရပါတယ်။ ဒီမှာ လျော့ပေးခြင်းမရှိရင်လည်း နောက်ထပ် စစ်ဘက်အယူခံတရားရုံးဆိုတာ ရှိပါသေးတယ်။ အဲ့ဒီအယူခံရုံးကိုလည်း တက်လို့ ရပါသေးတယ်။ ပြစ်ဒဏ်ကျခံသွားရတဲ့ အရာရှိစစ်သည်တွေ လွတ်ခြင်းမလွတ်ခြင်းကိုတော့ ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ”
မနေ့က သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်က အင်းဒင်ကျေးရွာလူသတ်မှုနဲ့ ထောင်ကျခံ တပ်မတော်သားတွေ လွတ်မြောက်သွားတယ်၊ မသွားဘူးဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ပြောခဲ့တာကြောင့် ဒီနေ့မှာ ဘယ် လိုသတင်းတွေ ထပ်မံသိရပြီလဲလို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းကြည့်ခဲ့ပါတယ်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်း- မသိရသေးပါဘူး။ သိရတဲ့အချိန်ကျ ကျနော်တို့ ပြောပေးပါ့မယ်။
RFA - ကာကွယ်ရေးဦးစီးချုပ်ဆီကို အသနားခံစာတင်လို့ရတယ်လို့လည်း ပြောထားတယ်။ အကျဉ်းဦးစီးဌာနကလည်း သူတို့ဆီမှာမရှိတော့ဘူးဆိုတော့ ကာကွယ်ရေးဦးစီးချုပ်က တောင်းဆိုလို့ သမ္မတက လွှတ်ပေးလိုက်တဲ့ အခြေအနေမျိုးလား။ လုပ်ထုံးလုပ်နည်းတွေအရ ဘယ်လိုများရှိတတ်လဲ လို့ပါရှင့်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်း - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ လွတ်ငြိမ်းချမ်းသာပေးရတဲ့ဟာမရှိပါဘူး။ စစ်တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းအရ သူက အသနားခံစာကို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ စစ်ဘက်အယူခံတရားရုံးကလည်း ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ အဲလုပ်ထုံးလုပ်နည်းထဲမှာ ဘယ်လိုအကျုံးဝင်ပြီးလုပ်သွားတယ် ဘာတွေလုပ်သွားတယ်ဆိုတာ ပြန်ပြောပေးပါမယ်ခင်ဗျ။
မနေ့က သတင်းစာရှင်းလင်းပွဲမှာ အကျဉ်းဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက သူတို့ ခုနှစ်ဦး အကျဉ်းထောင်တွေအတွင်း မရှိတော့ဘူးဆိုတာသာ ပြောခဲ့ပြီး ဘယ်လိုကြောင့် လွတ်မြောက်သွားတယ်ဆိုတာ ရှင်းပြခဲ့ခြင်းမရှိပါဘူး။
ဒီအခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ အကျဉ်းဦးစီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးကို RFA က ဒီနေ့ ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
အရပ်ဖက်ထောင်တွေကို လွှဲတယ်လို့ တပ်မတော်က ပြောပေမယ့် တကယ်တမ်းလွှဲတယ် မလွှဲဘူးဆိုတာကလည်း အသေချာမပြောနိုင်ဘူးလို့ လူ့အခွင့်အရေးရှေ့နေလည်းဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း ကပြောပါတယ်။
“လွှဲတယ်လို့သာသူပြောနေတာ တကယ်လွှဲတယ်မလွှဲဘူးဆိုတာ ပြောမရဘူး။ မလွှဲလည်းရတယ် လွှဲလည်းရတယ်ဆိုတဲ့ သဘောမျိုးလည်းရှိကောင်းရှိနိုင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်က သီးခြား သူ့ဥပဒေအရ သူသွားနေတယ်။ သူ့ကာချုပ်ရဲ့ အတိုင်းအတာ အပြီးသတ်ဖြစ်နေတော့ အပြင်အရပ်သား အနေနဲ့ ပြောရခက်တဲ့ အနေအထားပါ။ စစ်တပ်နဲ့ ပတ်သက်လာရင် တရားမျှတမှုဖြစ်တယ် မဖြစ်တယ် စဉ်းစားလို့မရဘူး။ တပ်ပိုင်းဆိုင်ရာရေးရာကိစ္စအားလုံးကို ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်နဲ့ သွားတာ။ ”
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်သွားတယ်လို့ တပ်အပ်မပြောနိုင်ဘဲ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဆုံးဖြတ်ချက်အရ လွတ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သူကပြောတာပါ။
တပ်မတော်သား ခုနှစ်ဦး လွတ်မြောက်သွားပြီဖြစ်ပေမယ့် အဲဒီအမှုနဲ့ပဲ ထောင်ဒဏ် ငါးနှစ်ကျခံထားရတဲ့ အင်းဒင်ကျေးရွာမှ ဒေသခံ ကျောင်းဆရာတစ်ဦးကတော့ မလွတ်မြောက်သေးဘူးလို့ မိသားစုဝင်တွေက ပြောကြောင်း ရခိုင်ပြည်နယ်အခြေစိုက် DMG သတင်းဌာနက ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီသတင်းကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။